menu

“နွေသီးနှံရိတ်သိမ်းချိန် မိုး၊လေလွတ်ရေး ဂရုပြုပါ”


🌾🌿🌾🌿🌾🌿🌾🌿🌾🌿🌾

▶️မိုးရာသီကာလအစ မေလ၊ဇွန်လများတွင် မိုးရွာသွန်းမှုများဆက်တိုက်ဖြစ်လျှင် မိုးစပါးစိုက်ပျိုးရန် ပြင်ဆင်နေကြသော်လည်း နွေရာသီစိုက်ပျိုးသောနွေသီးနှံများ ရိတ်သိမ်းချိန်ဖြစ်၍မိုးမိပြီးပျက်စီးကြရသည်ကိုတွေ့နေကြရသည်။ ဤသို့နွေသီးနှံများပျက်စီးကြရသည်မှာ မိုးရွာသွန်းမှုများသော ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ဒေသများတွင်သာမက မိုးရွာမှုနည်းသော အညာနှင့် မြေလတ်ဒေသများတွင် လည်း ဖြစ်ပေါ်နေကြရသည်။

▶️ကုန်းကျသောနေရာရှိစိုက်ခင်းများတွင် သက်သာမှုရှိသော်လည်း မိုးစပါးစိုက်ခင်းလယ်ယာထဲ၌ စိုက်ပျိုးထားကြသော နှမ်း၊ ပဲ၊ ငရုတ်တို့မှာ သိမ်းဆည်းကာနီး ရိတ်သိမ်းကာနီးအချိန်ရောက်မှ ရေဝင်၊ ရေဝပ်ပြီးများစွာဆုံးရှုံးကြရသည်။ နွေကာလတွင်အများဆုံးစိုက်ပျိုးကြသည်မှာ နွေစပါး နှင့် နွေနှမ်း ဖြစ်သည်။ စပါး၊ နှမ်းပြီးလျှင် ပဲတီစိမ်း စိုက်ကြသည်။ မိုးကြောင့် လေကြောင့် အပွင့်အသီးကြွေကျမှု၊ ပိုးမွှားရောဂါကျရောက်မှုတို့ကို ဆွတ်ခူးချိန်ရောက်မှကြုံကြရသည်။ မိုးနှင့်အတူလေတိုက်မှုပါလာလျှင် အပင်များလဲကုန်သည်။

▶️ဤသည်ကိုကြည့်ပါက နွေသီးနှံများ၏စိုက်ပျိုးချိန်မှာ အရေးကြီးလှသည်။ တောင်သူလယ်သမားများက မိုးလေဝသကိုကြည့်ပြီး လုပ်ကိုင်စားသောက်ကြရသောစိုက်ပျိုးရေးသမားများဖြစ်သည်။ ထို့ကြောင့် ဥတုရာသီမမှန်သောကာလများတွင် မျိုး(သက်တမ်းတို) စိုက်ချိန်၊ ချိန်ဆစိုက်ပျိုးရေး၊ ရှေ့လာမည့်ကာလ မျှော်ကြည့်ရေး၊ စိုက်ချိန်နောက်ကျလျှင် ရိတ်သိမ်းချိန်ဆုံးရှုံးနိုင်သဖြင့်ချိန်ဆကြရန်လိုအပ်ပါသည်။

▶️ဆောင်းသီးနှံများရိတ်သိမ်းပြီးစီးချိန်မှ နွေသီးနှံ၊ မိုးကြိုသီးနှံ စိုက်ပျိုးကြရသဖြင့် ရှေ့မှစိုက်ပျိုးသည့် ဆောင်းသီးနှံစိုက်ချိန်နောက်ကျလျှင် ဆောင်းသီးနှံရိတ်ချိန်နောက်ကျသဖြင့် နွေသီးနှံစိုက်ချိန် နောက်ကျသည်။ ဤသို့ဖြင့် နွေသီးနှံရိတ်ချိန် မိုး၊လေမိပြီဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးရာသီတွင် သီးနှံပုံစံချမှတ်ပြီးစိုက်ပျိုးကြရန်လိုပြီး ဆောင်းသီးနှံရိတ်ချိန်နောက်ကျလျှင် မိုးကြိုသီးနှံ၊ နွေသီးနှံတို့ရေတင်ပြီး စိုက်ကြရသည်။ ဆည်ရေရရှိသောဒေသများကလည်း နွေစပါးစိုက်ရာတွင် ရေရမှု၊ ရေမရမှုကြောင့်လည်း စိုက်ပျိုးမှုနောက်ကျသကဲ့သို့၊ ရှေ့ကြိုသီးနှံနှစ်ဆင့်လောက်ကို မချိန်ဆပဲ စိုက်ခဲ့ကြပြီး ပျက်စီးသည့်အခါဆုံးရှုံးရသည်မှာ တောင်သူသာဖြစ်သည်။ 

▶️ဤအဖြစ်မျိုးသည် နွေစပါးတွင်များစွာကြုံတွေ့ကြရသည်။ နွေနှမ်း၊ မိုးကြိုပဲတီစိမ်း၊ မိုးကြိုမြေပဲ တို့မှာ ဤသို့တွန်းအား ဖိအားဒဏ်ခံနိုင်မှုနည်းပါးသောသီးနှံများဖြစ်၍ စိုက်ပျိုးသူများသာ ပျက်စီးဆုံးရှုံးမှုကို ခံစားနေရသည်။ သို့ဖြစ်ရာ စိုက်ပျိုးရေးနည်းပညာပေးဝန်ထမ်းများ၊ စီမံခန့်ခွဲသူများအနေဖြင့် ဖြစ်ပေါ်ပြောင်းလဲလာသောရာသီဥတုနှင့်အညီ လိုက်လျောညီထွေသောသီးနှံမျိုးများ၊ စိုက်ပျိုးမှု နည်းပညာများ၊ စိုက်ပျိုးသင့်သောသီးနှံပုံစံများကို နည်းပေးလမ်းပြပြုလုပ်ပေးနိုင်မှသာ သီးနှံများ ရိတ်သိမ်းကာနီးပျက်စီးမှုလျော့နည်းမည်။ တောင်သူလယ်သမားများကလည်း မိမိစိုက်ပျိုးမည့်သီးနှံ၏မျိုး နှင့် သက်တမ်း(အသက်ရက်)ကို ကြိုတင်သိရှိပြီးမှ စိုက်ပျိုးကြသင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။ 

Sources : ကိုရဲ (စိုက်ပျိုးရေး)