menu

“နွေစပါးအထွက်ကောင်းရန် စိုက်ချိန်မှန်ဖို့လိုပါသည်”


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

🔹နွေစပါးသည် မိုးစပါးရိတ်သိမ်းအပြီး စိုက်ပျိုးသည့် သီးထပ်စပါးဖြစ်ရာ မိုးစပါးရိတ်သိမ်းချိန် အပေါ်မူတည်၍ နွေစပါးစိုက်ချိန်သည်လည်း အမျိုးမျိုးကွဲပြားခြားနားသည်။ တစ်ပြည်လုံးအနေဖြင့် ခြုံကြည့်ပါက နွေစပါးကို နိုဝင်ဘာမှ မတ်လအထိ စိုက်လေ့ရှိကြသည်။ အချို့ဒေသများ၌ ဧပြီလတွင် စိုက်သည့် စပါးကိုလည်းနွေစပါးဟုခေါ်ဝေါ်ပြန်သည်။ 

🔹“နွေစပါးကို ဘယ်အချိန်စိုက်ရင် အထွက်စွမ်းရည် အမြင့်မားဆုံးဖြစ်မလဲ”ဟု မိတ်ဆွေလယ်သမား တစ်ဉီးက မေးလာသည်။ “မိမိဒေသ၊ မိမိအခြေအနေနှင့် သင့်တော်ကိုက်ညီသည့် စိုက်ချိန်သည် နွေစပါးစိုက်ချိန် အမှန်ပါ” လို့ဖြေကြားလိုပါသည်။ မြန်မာနိုင်ငံတွင် တောင်ပေါ်မြေပြန့် အထက်အောက် နိုင်ငံတစ်ဝှမ်း စိုက်ပျိုးရေရရှိမှုအပေါ်မူတည်၍ နွေစပါးကိုစိုက်ပျိုးလျှက်ရှိရာ နွေစပါးအတွက် ယေဘုယျစိုက်ပျိုးသင့်သည့်အချိန်ကို ပြောဆိုပါက မှန်ကန်နိုင်မည်မဟုတ်ပါချေ။ ကိုယ်တိုင်ဆုံးဖြတ် စိုက်ပျိုးရန်သာဖြစ်ပါသည်။

🔹မြန်မာနိုင်ငံအောက်ပိုင်းဒေသ🔹

🔹သီးထပ်နွေစပါးကို ဇန်နဝါရီလလယ်တွင် အပြီးစိုက်သင့်ပါသည်။ မြန်မာနိုင်ငံ အထက်ပိုင်းဒေသ များထက်စိုက်ချိန်စော၍ စိုက်သင့်ပါသည်။ အကြောင်းကတော့ မေလတွင်မုတ်သုန်စတင်ဝင်ရောက် သည်။ ဦးစွာမိုးကိုရရှိသည်။ ထို့ပြင် သင်္ကြန်အပြီးမိုးရွာလေ့ရှိသည်။ ထိုမိုးများမရွာမီ နွေစပါးကို မိုးလွတ်လေလွတ် ရိတ်သိမ်းပြီးဖြစ်ရန် စောစိုက်ရခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ၏ နွေစပါးစိုက်ချိန်ကာလအတွင်း ဆောင်းရာသီကို ဖြတ်သန်းသော်လည်း စပါးပင်ကြီးထွားမှုကို ထိခိုက်နိုင်လောက်သည့် အပူချိန်အနိမ့်ဆုံးအခြေအနေကို ကြုံ့တွေ့ရလေ့မရှိပါ။ ဧရိယာဧကပိုင်ဆိုင်မှုများသော ဧရာဝတီတိုင်းဒေသကြီးရှိ လယ်သမားများသည် အချိန်မီ ပြီးစီးရေးအတွက် နွေစပါးကို နိုဝင်ဘာလကပင် စတင်စိုက်ပျိုးသည့်အလေ့အထ ရှိပါသည်။ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်နဝါရီလ စိုက်ချိန်သုံးလတို့ကို နှိုင်းယှဥ်ပါက ဒီဇင်ဘာတွင် စိုက်ခြင်းက စပါးအထွက်ပိုမိုလေ့ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများအတွက် ဒီဇင်ဘာလသည် စိုက်ချိန်မှန်ဖြစ်ကြောင်း ထောက်ခံလိုပါသည်။

🔹မြန်မာနိုင်ငံ အထက်ပိုင်းဒေသ🔹

🔹မြန်မာနိုင်ငံအထက်ပိုင်းဒေသများသည် မြန်မာနိုင်ငံအောက်ပိုင်းဒေသများထက် စိုက်ချိန် နောက်ကျစိုက်ပျိုးမှ အဆင်ပြေပါသည်။ နိုဝင်ဘာတွင် စိုက်ပျိုးခြင်းမပြုသင့်သေးပါ။ အပင်ပွားစည်းကာလတွင် စပါးပင် မကြိုက်သည့် နိမ့်သောအပူချိန်များနှင့် ကြုံတွေ့ရနိုင်ပါသည်။ စပါးပင်အရပ်ပုခြင်း၊ နှံစတိုခြင်း၊ တစ်နှံပါသီးလုံးနည်းခြင်းတို့ကြောင့် စပါးအထွက်လည်း လျော့နည်းနိုင်ပါသည်။ အလားတူ ဒီဇင်ဘာသည်လည်း နွေစပါးစိုက်ပျိုးခြင်း မပြုသင့်သေးပါ။ နိုဝင်ဘာစိုက် ထက် အထွက်ပိုမိုနိုင်သော်လည်း မျှော်လင့်သည့် မြင့်မားသောစပါးအထွက်နှုန်းကို ရရှိနိုင်ခြင်းမရှိသေးကြောင်း လေ့လာသိရှိရပါသည်။

🔹နွေစပါးအထွက်ကောင်းရန် စတင်မျှော်လင့်နိုင်သည့် စိုက်ချိန်မှာ ဇန်နဝါရီလလယ် ဖြစ်ပါသည်။ သို့သော် ဤစိုက်ချိန်သည်လည်း စပါးအပင်ကြီးထွားမှုကာလကို အဟန့်အတားပြုသည့် အပူချိန်အနိမ့်ဆုံး (၂၀)ဒီဂရီစင်တီဂရိတ် ထက် လျော့နည်းသည့်ကာလများနှင့် ကြုံတွေ့ရနိုင်သေးသည်။ အပူချိန်အနိမ့်ဆုံးနှင့် ကင်းလွတ်ပြီး စပါးအထွက်အမြင့်ဆုံးရရှိလိုပါက ဖေဖော်ဝါရီလလယ်တွင် နွေစပါးကိုစိုက်ရန် အကောင်းဆုံးစိုက်ချိန်အဖြစ် ထောက်ခံလိုပါသည်။

🔹စပါးစိုက်ပျိုးရာ၌ အနှံအရေအတွက်များ၍ အောင်စေ့ရာခိုင်နှုန်းကောင်းစေသော စိုက်ချိန်ဖြစ်ရန် လိုသည်။ အနှံအရေအတွက်နှင့် အောင်စေ့ရာခိုင်နှုန်းတို့သည် စပါးအထွက်နှုန်း မြင့်မားရေးအတွက် အရေးပါသည့် မိတ်ဖက်များဖြစ်ကြသည်။ ဖေဖော်ဝါရီလတွင် နွေစပါးကိုစိုက်ပျိုးပါက ယူနစ်ဧရိယာအတွင်း၌ အနှံအရေအတွက်များပြီး အောင်စေ့ရာခိုင်နှုန်းကောင်းခြင်းကြောင့် စပါးအမြင့်ဆုံးထွက်ရှိစေသည့် နွေစပါးစိုက်ချိန်ဖြစ်ကြောင်း သုတေသနတွေ့ရှိချက်များအရ ဖော်ပြလိုပါသည်။

🔹သုံးသီးစားသီးနှံပုံစံစိုက် ဒေသ🔹

🔹မြန်မာနိုင်ငံအထက်ပိုင်းဒေသများရှိ ဆည်ရေသောက်ဒေသများတွင် သုံးသီးစား သီးထပ်သီးနှံပုံစံကို ချမှတ်ကျင့်သုံးနေပြီဖြစ်သည်။ မိုးစပါး-ပဲမျိုးစုံ-နွေစပါး သီးနှံပုံစံသည် အောင်မြင်စွာဆောင်ရွက်လျက်ရှိသည့် သီးနှံပုံစံဖြစ်သည်။ မိုးစပါး-မတ်ပဲ-နွေစပါးသီးနှံပုံစံနှင့် မိုးစပါး-ကုလားပဲ-နွေစပါး သီးနှံပုံစံတို့သည်် အကျိုးအမြတ်ဝင်ငွေပိုမိုရရှိသဖြင့် တောင်သူ လယ်သမားအများစု စိုက်ပျိုးလျက်ရှိသော ထင်ရှားသည့်သီးနှံပုံစံများဖြစ်သည်။ သုံးသီးစားသီးနှံ ပုံစံ၏ ဒုတိယသီးနှံများဖြစ်သော မတ်ပဲ၊ ကုလားပဲ၊ ပဲမျိုးစုံသီးနှံများကို လျင်မြန်စွာရိတ်သိမ်းပြီးသည်နှင့် နွေစပါးကို ဖေဖော်ဝါရီလလယ်တွင် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးကြစေလိုပါသည်။ နောက်အကျဆုံးစိုက်ပျိုးသင့်သည့် စိုက်ချိန်မှာ မတ်လလယ်ဖြစ်ကြောင်း အသိပေးလိုပါသည်။

🔹မိုးစပါးအပြီးစိုက်ပျိုးသည့် ပဲမျိုးစုံသီးနှံ ရိတ်သိမ်းချိန်နောက်ကျသည့်ဒေသများ၌ နွေစပါးကို မတ်လသာမက ဧပြီလအထိ စိုက်ပျိုးကြသည်ကို တွေ့ရှိရသည်။ စိုက်ချိန်နောက်ကျသောကြောင့် နွေစပါးပန်းပွင့်ချိန်သည် နွေရာသီ၏ အပူချိန်အမြင့်ဆုံး (၄၀) ဒီဂရီစင်တီဂရိတ် ခန့်နှင့် ကြုံတွေ့နိုင်ပါသည်။ စပါးအစေ့များ အဖျင်းများပြီး အလေးချိန်မစီးသောကြောင့် စပါးအထွက် လျော့နည်းမည်သာဖြစ်ပါသည်။

🔹နွေစပါးကို မတ်လနှင့် ဧပြီလတွင် စိုက်ခြင်းသည် ရိတ်သိမ်းချိန်၌ မုတ်သုန်မိုးနှင့် ကြုံတွေ့ရ၍ မိုးမိသဖြင့် စပါးအလေအလွင့်ဖြစ်ကာ ဆုံးရှုံးမှုကြောင့် အထွက်လျော့နည်းနိုင်ပါသည်။ ၄င်းအပြင် နွေစပါးအပြီး မိုးစပါးစိုက်ပျိုးရေးအတွက် စိုက်ချိန်နောက်ကျနိုင်ပါသည်။ ဆက်လက်၍ မိုးစပါးစိုက်ချိန်နောက်ကျခြင်းကြောင့် မိုးစပါးအထွက်လျော့နည်းဦးမည်ဖြစ်သည်။ သို့ဖြစ်၍ မိုးစပါး-ပဲမျိုးစုံ- နွေစပါး သီးနှံပုံစံတွင် မိုးစပါးအပြီး ပဲမျိုးစုံ၊ ပဲမျိုးစုံအပြီး နွေစပါးတို့ စိုက်ချိန်၊ ရိတ်ချိန်များ နောက်ကျမှုသံသရာလည်ကာ သီးနှံပုံစံအတွဲတစ်ခုလုံး အကျိုးအမြတ်နည်းနိုင်ပါသည်။

🔹နွေစပါးစိုက်ပျိုးခြင်းသည် လယ်မြေတွင် စပါးတစ်သီး ထပ်မံစိုက်ပျိုး၍ စိုက်ဧရိယာ တိုးတက်စေခြင်းဖြစ်သကဲ့သို့ တစ်ဧကအထွက်နှုန်းမြင့်မားရေးကို ဆောင်ရွက်နေခြင်း ဖြစ်သည်။ သို့ဖြစ်၍ နွေစပါးစိုက်ပျိုးရာတွင် ဒေသရေ‌မြေ၊ သီးနှံပုံစံနှင့် အခြေအနေအလိုက် စိုက်ချိန်မှန်ရေး အသိပေးရေးသားလိုက်ရပါသည်။

Sources : ဆရာ ဆင်းသီဟ