menu

“ပဲပင် နှင့် ပင်စည်ထိုးယင်”


🌱🪰🌱🪰🌱🪰🌱🪰🌱🪰🌱

▶️ဆောင်းရာသီ ပဲမျိုးစုံသီးနှံများစိုက်ပျိုးချိန်တွင် နေ့နှင့်ညအပူချိန်ဖြစ်ပေါ်ပြောင်းလဲမှုသည် မြန်ဆန်သည်။ နေ့ပူ၍ညချမ်းသည်။ နံနက်စောစောပိုင်းအချိန်၌ နှင်းကျပြီး နေ့လည်တွင်နေပူရှိန်သည် နွေကာလကဲ့သို့ ပူပြင်းသည်။ ဤသို့သောရာသီဥတုဖြစ်ပေါ်ပြောင်းလဲမှုသည် သီးနှံပင်များတွင် ဖျက်ပိုးနှင့် ရောဂါကို ပို၍ ဂရုပြုရသည်။

▶️၎င်းဖျက်ပိုးများအနက် "ပဲပင်စည်ထိုးယင်" သည် စိုက်ပျိုးမှုများသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲပုပ်တို့တွင် ပိုမိုကျရောက်တတ်သည်။ ပဲပင်စည်ထိုးယင်သည် ပဲပင်ငယ်စဉ်ကာလ အစေ့မှအပင်ပေါက်ပြီးအရွက် စတင်ထွက်ချိန်မှ အပင်တစ်လသားအတွင်းကျရောက်နိုင်သည်။

▶️အပင်ဖျက်ယင်များတွင် ယင်ဖြူဖျက်ပိုး၊ ပင်စည်ထိုးယင်၊ သီးထိုးယင်တို့သည် ဥအုနိုင်သည့်အတံဖြင့် အရွက် ပင်စည် အသီးတို့ထဲသို့ အုသည်။ အရွက်ပေါ်တွင်ယင်မကအုလျှင် ဥမှပေါက်လာသောယင်ကောင် ဖြစ်မည့် ပိုးလောက်ကောင်သည် အရွက်၏အတွင်းသားကိုထိုးဖောက်၍ လှိုဏ်ခေါင်းသဖွယ်ထွင်းဖောက် စားတော့သည်။ ထိုအခါအရွက်၏အရောင်သည် ဝါလာပြီးခြောက်သွားသည်။ ပဲစိုက်ခင်းများ၌ ပိုးမကျသောစိုက်ခင်းတွင် တစ်ခင်းလုံးစိမ်းစိုနေသော်လည်း ပင်စည်ထိုးယင်ကျရောက်လျှင် ဟိုတစ်ကွက် ဒီတစ်ကွက် အဝါကွက်များဖြစ်နေသည်ကို မြင်ကြရသည်။

▶️ပဲပင်ငယ်စဉ်ဖျက်ပိုးကျပါက အပင်မှာနုနယ်သေးငယ်ချိန် ဒဏ်မခံနိုင်၍သေကြရသည်။ ပင်စည်ထိုးယင်သည် ဦးစွာအပင်ကိုအရွက်၌ စတင်တိုက်ခိုက် သည်။ ပိုးကောင်သည် အရွက်မှရွက်ညှာသို့ရောက်သွား သည်။ ရွက်ညှာမှတစ်ဆင့် မြေကြီးနှင့်ကပ်နေသောပင်စည်ကိုရောက်ရှိသွားပြန်သည်။ ပင်စည်သို့ ရောက်သည်နှင့်ပင်စည်အက်ကွဲလာသည်။ အက်ကွဲကြောင်းထဲ၌ ပိုးလောက်ကောင်၊ ပိုးရုပ်ဖုံးများ ရှိနေကြသည်။ ပိုးလောက်ကောင်ဘဝမှ ပိုးရုပ်ဖုံးဘဝပြောင်းလဲပြီး ထပ်မံ၍ယင်ကောင်ဘဝ ပြောင်းလဲကာ (နှစ်မီလီမီတာခန့်ရှိ) အရွယ်သေးငယ်သော အရောင်မည်းမည်းခန္ဓာကိုယ်နှင့် အတောင်ပံ ပါရှိသည့် ယင်သည် အမဖြစ်လျှင် ဥများကိုရာနှင့်ချီ၍ ဥအုပြန်သည်။ ဥဘဝ နှစ်ရက်မှ သုံးရက်ကြာသည်။ ပိုးလောက်ကောင်ဘဝ တစ်ပတ်ကြာသည်။ ရုပ်ဖုံးဘဝ တစ်ပတ်ကြာသည်။ အကောင်ကြီးဘဝ နှစ်ပတ် ကြာသည်။ အချိန်တစ်လခန့်နှင့် တစ်ကောင်မှရာနှင့်ချီ၍ ပေါက်ဖွားများပြားသည်။ နှစ်စဉ် ပင်စည်ထိုး ယင်ကျခံပါက အသစ်စိုက်ပျိုးသောပဲခင်းတွင်ထပ်မံကျရောက်နိုင်သည်။ ပဲပင်ကြီးလာလျှင် ပင်စည် တုတ်ခိုင်မာကြောလာသဖြင့် ရိုးတံများတွင်ကျသည်။

▶️အကောင်းဆုံးကာကွယ်မှုမှာ .....

 ☑️ပိုးကျသောအပင်ကိုစိုက်ခင်းမှ နုတ်ဖယ်ရှင်းပစ်ပါ။ 

 ☑️မြေပြုပြင်စဉ်တွင် ပိုးသတ်ဆေးသုံးပါ။ 

 ☑️အစေ့မှအရွက်နုထွက်ချိန်ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုးပက်ဖျန်းပါ။ 

 ☑️ပဲမစိုက်ခင် ရှေ့တွင်စိုက်ပျိုးထားသော သီးနှံပင်၏ပင်ကြွင်းပင်ကျန်များကို ရှင်းဖယ်ထုတ်ပစ်ပါ။ 

 ☑️မြေကြီးကို ထယ်ထိုး၊ ထွန်မွှေကောင်းကောင်းပြုပြင်ပေးပါ။ 

 ☑️ပဲပင်ကောင်းစွာရှင်သန်ကြီးထွားရေးအတွက် ထည့်သွင်းရမည့်ဓာတ်မြေဩဇာများကို အချိုးကိုက်ထည့်သွင်းပါ။ 

 ☑️ပဲစိုက်ခင်းကို မကြာမကြာသွားရောက်စစ်ဆေးကြည့်ရှုပြီး ပိုးတွေ့လျှင်လက်ဦးအောင်ကာကွယ်နှိမ်နင်းပါ။ 

▶️ပဲစိုက်ပျိုးမှုသည် တစ်ကွင်းတစ်စပ်စိုက်ခင်းကြီးမှာ တစ်ဦးနှင့်တစ်ဦး တစ်ခင်းနှင့်တစ်ခင်း ပြင်ကျယ်ခွင်ကျယ်ဆက်စပ်တည်ရှိနေကြသဖြင့် စုပေါင်း၍ကာကွယ်နှိမ်နင်းကြရပါမည်။ ကူးစက်ပျံ့နှံ့မှုမရှိခင် ပဲပင်တစ်လသားကာလအတွင်း၌ ပဲပင်စည်ထိုးယင်ကို ဂရုပြုကာကွယ်နှိမ်နင်းသွားကြရပါမည်။

Sources : စိုက်ပျိုးရေးရာ အကြံပြုချက်များ