menu

ပဲပုပ် အထွက်ကောင်းဖို့ရာ နည်းစနစ်မှန်စွာကျင့်သုံးပါ


🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿

🔳ပဲပုပ်အထွက်ကောင်းလိုလျှင် စိုက်ပျိုးနည်းစနစ်မှန်ကျင့်သုံးရပါမည်။ ဦးစွာ စိုက်ပျိုးရမည့်မျိုးသည် သက်လျင်မျိုးကောင်းဖြစ်ရမည်။ သက်တမ်းရက်(၁၀၀)ဝန်းကျင်ရှိရမည်။ ရေဆင်း၆၊ ရေဆင်း၁၁၊ ရေဆင်း၁၄ မျိုးများစိုက်ပျိုးသင့်ပါသည်။ ၎င်းတို့သည် တစ်ဧက ပျှမ်းမျှတင်း(၃၀)ထွက်သော မျိုးကောင်းမျိုးသန့်များဖြစ်၍ မိုးရာသီနှင့် မိုးစပါးအပြီးသီးထပ်စိုက်ပျိုးနိုင်သည်။ ပဲပုပ်စေ့တွင် ဆီပါဝင်မှုသည် ၂၀ရာခိုင်နှုန်းဝန်းကျင်ရှိ၍ စားသုံးဆီလည်းထုတ်လုပ်နိုင်သည်။ 

🔳စိုက်ပျိုးချိန်မှာ တောင်ပေါ်ဒေသများတွင် မိုးရာသီ(မေ၊ ဇွန်၊ ဇူလိုင်) မြန်မာနိုင်ငံအလယ်ပိုင်းတွင် (ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ) မြစ်ရေကျဒေသများတွင်မြစ်ရေကျချိန်(အောက်တိုဘာ၊ နိုဝင်ဘာ) မိုးစပါးအပြီးစိုက်သောဒေသများတွင် (နိုဝင်ဘာ) စိုက်ပျိုးသင့်သည်။

🔳သီးနှံများအထွက်တိုးလိုပါကမည်သည့်သီးနှံမဆို အတန်းလိုက်စိုက်ပျိုးသင့်သည်။ ပဲပုပ်သီးနှံကို တစ်ဧက အပင်နှစ်သိန်းသုံးသောင်းရရှိရန် တန်းကြား x ပင်ကြား ၁၈လက်မ x ၄လက်မ ဖြင့်တစ်ကျင်း နှစ်ပင်ချန် စနစ် ကျင့်သုံးရပါမည်။ ပဲမျိုးနွယ်ဝင်အပင်ဖြစ်သည့်အတွက် N : P : K မြေဩဇာအပြင် ကျောက်မှုန့် မြေဩဇာ ကိုလည်းအချိုးကျထည့်ပေးရမည်။

🔳ရွက်ဖျန်းမြေဩဇာကို အဖူးအပွင့်ဝင်ချိန်၊ ပန်းဖြိုင်ဖြိုင်ပွင့် ချိန်၊ သီးကင်းဝင်ချိန်တို့၌ဖျန်းပေးရပါမည်။ ထို့ပြင် ဘိုရွန်ဓာတ်လည်းဖြည့်တင်းပေးရန်လိုပါသည်။ မိုးကြိုနှင့် နွေရာသီဖြတ်သန်းရသော စိုက်ခင်းများ တွင် ပန်းပွင့်ချိန်နှင့် သီးတောင့်ပြည့်ချိန်တို့၌ ရေနှစ်ကြိမ်ပေးနိုင်လျှင် အထွက်ပိုကောင်းပါသည်။ မိုးရာသီ မိုးပြတ်လျှင်လည်း ရေလိုအပ်ပါက ရေသွင်းပေးရပါမည်။ ရေများပါက ရေမဝပ်စေရန်ဆောင်ရွက်ပေးရပါမည်။

🔳ပဲပုပ်ပင်၏ကြီးထွားမှုနှင့် အထွက်နှုန်းသည် စိုက်ပျိုးသောမျိုးဗီဇကောင်းမှုနှင့် စိုက်ပျိုးချိန်တွင် ဖြစ်ပေါ် ကြုံတွေ့ရသော ပတ်ဝန်းကျင်ရေမြေရာသီဥတုတို့၏ တုံ့ပြန်မှုအပေါ်မူတည်ပါသည်။ ရာသီဥတု အခြေ အနေ မိုးနည်း၊မိုးများ၊ နေပူ၊ မိုးအုံ့၊ တိမ်ထူစသောဖြစ်ပေါ်မှုနှင့် ကိုက်ညီအောင်ပဲပုပ်ပင်က ပြန်လည် တုံ့ပြန်မှုရှိသည်။ ပတ်ဝန်းကျင်ရာသီဥတုကို ပြုပြင်၍မရနိုင်ပါသဖြင့် စိုက်ပျိုးချိန်ကြုံတွေ့ရသော ရာသီဥတုတွင် စိုက်ပျိုးမည့်မျိုးရွေးချယ်မှုနှင့် အပင်ပြုစုစောင့်ရှောက်မှု ကိုသိပ္ပံနည်းကျ နည်းစနစ်မှန်မှန် ပြောင်းလဲကျင့်သုံးပေးပါလျှင် ပဲပုပ်အထွက်ကောင်းပါမည်။ 

🔳စိုက်ပျိုးသည့်မျိုးရွေးချယ်မှု၊ မြေဩဇာအသုံးပြုမှု၊ တစ်ဧကရှိသင့်သောအပင်ဦးရေ၊ ပေါင်းမြက်နှိမ်နင်း ခြင်း၊ ပိုးမွှားနှင့်ရောဂါကင်းစင်အောင် ပြုလုပ်ခြင်းတို့ကို စိုက်ပျိုးသူတို့ကပြုပြင်ဆောင်ရွက်ပေးခြင်းဖြင့် အထွက်ကောင်းအောင်ပြုလုပ်သွားနိုင်ပါကြောင်း ရေးသားအပ်ပါသည်။

Sources : စိုက်ပျိုးရေးရာအကြံပြုချက်များ။