menu

ပဲစောင်းလျား (သို့မဟုတ်) ပဲမြစ် စိုက်ပျိုးနည်း


🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿

မြန်မာအမည် - ပဲစောင်းလျား (သို့မဟုတ်) ပဲမြစ်

အင်္ဂလိပ်အမည် - WINGED BEAN

ရုက္ခဗေဒအမည် - Psophocarpus Tetragonolobus

မျိုးရင်းအမည် - PAPILIONACEAE

၁ ။ မူရင်းဒေသ
--------------
ပါပူးဝါနယူးဂီနီ နှင့် အရှေ့တောင်အာရှနိုင်ငံများတွင်စိုက်ပျိုးပါသည်။

၂ ။ စိုက်ပျိုးသည့်ဒေသ
--------------------
မြန်မာနိုင်ငံအနှံ့အပြားတွင်စိုက်ပျိုးကြသည်။

၃ ။ အမျိုးအစား
--------------
ဟင်းသီးဟင်းရွက်အဖြစ် အသုံးပြုကအတောင့်ကို ပဲစောင်းလျား ဟုခေါ်ပြီး အမြစ်အတွက်စိုက်ပျိုးက ပဲမြစ်ဟုခေါ်ဆိုကြသည်။

၄ ။ မြေနှင့် ရာသီဥတု
-------------------
သဲမြေ၊ နုန်းမြေတွင်ကောင်းမွန်စွာစိုက်ပျိုးနိုင်သည်။ သို့သော်နွားချေး၊ မြေဆွေး လုံလောက်စွာထည့်ပေး ရသည်။ အကောင်းဆုံးမှာ မြေစေးဆန်သော မြေနက်တွင်စိုက်ပျိုးခြင်းဖြစ်သည်။ ပူအိုက်စွတ်စိုသော ရာသီဥတုကိုကြိုက်နှစ်သက်သောကြောင့် မိုးဦးတွင်စိုက်ပျိုးကြသည်။

၅ ။ မျိုးစေ့နှုန်းထား
----------------
တစ်ဧကအတွက် မျိုးစေ့(၂၂-၃၀) ကီလိုဂရမ် (၁-တင်းခန့်)။

၆ ။ မြေဩဇာနှုန်းထား
 -------------------
တစ်ဧကလျှင်နွားချေးဆွေး (၁)တန်။

၇ ။ မြေပြုပြင်ခြင်း
----------------
စိုက်ပျိုးသည့်မြေကိုမပြုပြင်မီ နွားချေးမြေဆွေးကြိုတင်ချထားပေးရမည်။ မေ၊ဇွန်လတွင်မိုးစတင်ရွာသွန်း ၍ ထယ်ထိုးရန်မြေအစိုဓာတ်သင့်လျော်သောအချိန်၌ မြေကိုစတင်ပြုပြင်ရပါသည်။ ထယ်(၂-၄)စပ်အထိ ထိုး၍(၇)သွားထွန်ဖြင့် ထွန်ရေးညက်သည်အထိထွန်မွှေပေးရသည်။ ၎င်းနောက်တစ်တန်းနှင့်တစ်တန်း (၂)ပေ၊ တစ်ပင်နှင့်တစ်ပင် (၁)ပေအကွာအဝေးရရှိစေရန် ထွန်ဖြင့်ကြောင်းဆွဲပေး၍ ထွန်ကြောင်းဆုံသည့် နေရာတွင်စိုက်ပေးရမည်။

၈ ။ စိုက်ပျိုးခြင်း
--------------
အများအားဖြင့် ဇွန်၊ဇူလိုင်လလောက်တွင် မြေပြုပြင်ပြီးဖြစ်၍စတင်စိုက်ပျိုးကြသည်။ စိုက်ကြောင်းများ ဆုံရာ၌တစ်ကျင်းလျှင်မျိုးစေ့ (၃-၅)စေ့အထိတစ်လက်မအနက်တွင် ချ၍စိုက်ပြီးမြေပြန်အုပ်ပေးရသည်။ မျိုးစေ့ချချိန်တွင်မြေ၌အစိုဓာတ်အလုံအလောက်ရှိရန်သတိပြုပေးရပါမည်။

၉ ။ အပင်ပြုစုခြင်း
---------------
အရွက်(၃-၄)ရွက်ခန့်ထွက်လာသောအချိန်တွင် ကြားထွန်လိုက်ပေးသည်။ စိုက်ပြီး(၄၅)ရက်အတွင်း ရွက်စွယ်နှာမောင်းမထွက်မီပေါင်း(၂)ကြိမ်လိုက်ပြီးဖြစ်ရမည်။ အပင်များကြီးလာ၍မြေတွင်အုပ်သွားသော အခါ ပေါင်းလိုက်ရန်ခက်ခဲသောကြောင့်ဖြစ်သည်။ အိမ်ခြံဝင်းအတွင်း (သို့မဟုတ်) စိုက်ပျိုးသည့်မြေသိပ် မကျယ်ဝန်းလျှင် စိုက်တန်းတစ်ပင်နှင့်တစ်ပင် (၆)လက်မခြားစိုက်ပြီး အပင်များမှီတွယ်တက်စေရန် တိုင်ထောင်ပေးခြင်း၊ စင်ထိုးပေးခြင်းပြုလုပ်ရသည်။ စိုက်ခင်းပေါင်းလိုက်ချိန်တွင် အပင်ခြေရင်း၌ တစ်ပါတည်းမြေတင်ပေးရပါမည်။

၁၀ ။ ရေသွင်းခြင်း
---------------
ပဲစောင်းလျားကိုမိုးရေမှအစိုဓာတ်ယူစိုက်ပျိုးခြင်းကြောင့်ရေသွင်းရန်မလိုချေ။ သို့ရာတွင်မြေဧရိယာ အကျယ်အဝန်းနည်းသော အကွက်များတွင်မိုးခေါင်၍ အစိုဓာတ်လိုအပ်နေပါက ရေလောင်းပေးရန်လိုသည်။

၁၁ ။ ရိတ်သိမ်းခြင်းနှင့်အထွက်
---------------------------
စိုက်ပြီးရက်(၁၀၀)ခန့်ကြာလျှင် အသီးများကိုစတင်ဆွတ်ခူးနိုင်သည်။ အသီးများကိုမရင့်မီ လက်ဖြင့် ဆွတ်ခူးသည်။ အပင်ပေါ်တွင်အသီးများနေ၍မဆွတ်ခူးဘဲထားလျှင် အမြစ်ကြီးထွားမှုကိုထိခိုက်စေသည်။ ထို့ကြောင့်အသီးများနုနယ်စဉ်တွင် ခူးဆွတ်ရောင်းချရမည်။ စားသုံးရန်အတွက်လည်းသင့်လျော်သည်။ စိုက်ပြီး (၄လခွဲ-ငါးလ)အကြာတွင် အမြစ်ကိုတူးဖော်နိုင်သည်။ အမြစ်ကိုပေါက်ပြားနှင့်ပေါက်၍ဖော် သည်။ အစေ့ရယူလိုကနောက်ထပ်(၃၀-၄၅)ရက်အကြာတွင် ဆွတ်ခူးနိုင်သည်။ အသီးကောင်းစွာရင့်မှည့်မှ ဆွတ်ခူးရသည်။ 
တစ်ဧကလျှင် -----
အသီးနု (၁,၅၀၀ - ၂,၀၀၀) ပိဿာ 
အမြစ် (၁,၂၀၀ - ၁,၇၀၀) ပိဿာ
အစေ့ (၂၀၀ - ၂၇၀) ပိဿာ နှုန်း ထွက်ရှိနိုင်ပါသည်။

🔸စစ်မှန် ပြည့်ဝ ဝိစာရ🔸

Sources: ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း