menu

ပဲ⁠တောင့်ရှည် (တိုင်ထောင်ပဲ) စိုက်ပျိုးနည်း


🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿

မြန်မာအမည် - ပဲတောင့်ရှည် (တိုင်ထောင်ပဲ)

အင်္ဂလိပ်အမည် - POLE BEAN, YARD LONG BEAN

ရုက္ခဗေဒအမည် - Vigna sinensis

မျိုးရင်းအမည် - LEGUMINOSAE

မူရင်းဒေသ
----------
 အာဖရိကတိုက်အလယ်ပိုင်း၊ အရှေ့မြောက်အာဖရိက ၊ အိန္ဒိယ၊ အာရှတိုက်တို့ဖြစ်ပါသည်။

စိုက်ပျိုးသည့်ဒေသ
----------------
 မြန်မာနိုင်ငံအနှံ့အပြား နှင့် ကမ္ဘာအနှံ့အပြားတွင်စိုက်ပျိုးသည်။

အမျိုးအစား
----------
 ပဲတောင့်ရှည်တွင် အပင်ပုမျိုး(နွယ်မဲ့မျိုး)နှင့် အပင်ရှည်မျိုး(နွယ်တက်မျိုး) ဟူ၍ နှစ်မျိုး ခွဲခြားထား ပါသည်။ အပင်ရှည်မျိုးကိုတိုင်ထောင်၍ စိုက်ပျိုးကြသည်။ အတောင့်အရောင်အားဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ အနီရောင် ဟူ၍ အမျိုးမျိုး ကွဲပြားစွာရှိပါသည်။ အစေ့အရောင်မှာ မျိုးအလိုက် အနီရောင် ပြောင်၊ အနီရောင်နှင့် အပြာရောင်ရောနှောနေသောအရောင် ဟူ၍ အမျိုးမျိုးကွဲပြားစွာရှိပါသည်။

ရေမြေ ရာသီဥတု
---------------
 ပဲတောင့်ရှည်ကိုမြေအမျိုးမျိုးတွင်စိုက်ပျိုး၍ရသည်။ တိုတောင်းသောရာသီ၌ အချိန်တိုအတွင်း စိုက်ပျိုးလိုက သဲဆန်သောမြေတွင်စိုက်ပျိုးကြသည်။ မြေကောင်းလျှင် အထွက်ပိုကောင်းသည်။ အလွန်ချဉ်သောမြေတွင် ကောင်းစွာမဖြစ်ထွန်းပါ။ စိုက်ပျိုးရန် အကောင်းဆုံး မြေချဉ်ငံဓာတ်မှာ (၆-၇) အတွင်းဖြစ်သည်။ အပူချိန် (၁၀)ဒီဂရီစင်တီဂရိတ်အောက်အေးပါက သီးပွင့်မှုကိုနှောင့်နှေးစေသည်။ အလွန်ပူသောရာသီ (သို့မဟုတ်) မိုးအလွန်များပါကလည်း အပွင့်အသီးကိုကြွေစေသည်။ အသင့်တော်ဆုံးအပူချိန်မှာ (၂၂ - ၂၅) ဒီဂရီစင်တီဂရိတ်အတွင်းဖြစ်သည်။

မျိုးစေ့နှုန်းထား
-------------
 မျိုးစေ့နှုန်းထားမှာ .....
- အပင်ပုမျိုး (Bush Type) အတွက် (၈-၁၀) ကီလိုဂရမ်/ဧက။
- တိုင်ထောင်မျိုး (Pole Type) အတွက် (၄-၅) ကီလိုဂရမ်/ဧက နှုန်း ဖြစ်ပါသည်။

မြေဩဇာနှုန်းထား
----------------
 တစ်ဧကအတွက် နွားချေး(၁၀)တန်၊ ယူရီးယား(၂၂၄)ပေါင်၊ တီစူပါ(၁၁၂)ပေါင် နှင့် ပိုတက်ရှ်(၅၆)ပေါင် နှုန်းအသုံးပြုပေးရပါမည်။ နွားချေး၊ တီစူပါ၊ ပိုတက်ရှ် နှင့် ယူရီးယား(၁၁၂)ပေါင်ကိုစိုက်ခင်းမြေပြင်စဉ်ထည့်သွင်းပေးပြီး ကျန်ယူရီးယား (၁၁၂)ပေါင်ကို ပေါင်းလိုက် မြေဆွချိန်တွင်ထည့်သွင်းပေးရမည်။

မြေပြုပြင်ခြင်း
-------------
 ထွန်ရေး အလွန်ကောင်းအောင်မြေကို ပြုပြင်ရန်မလိုချေ။ ထွန်ရေးအသင့်အတင့်ရလျှင်စိုက်နိုင်သည်။ စိုက်ပျိုးရာတွင် ရေမဝပ်သောမြေကိုရွေးချယ်ရမည်။ 

စိုက်ပျိုးခြင်း
-----------
 မျိုးစေ့ချရာတွင် အစိုဓာတ်များလွန်းကပုပ်သွားတတ်သည်။ ထို့ကြောင့်မိုးရွာပြီးနောက်နေသာသော နေ့တွင်နောက်မိုးဆက်မရွာနိုင်ဟုယူဆနိုင်မှချစိုက်သင့်သည်။ တိုင်ထောင်ပဲကို တစ်တန်းနှင့်တစ်တန်း သုံးပေခြားပြီး တစ်ပင်နှင့်တစ်ပင်(၉-၁၂)လက်မ ခွာ၍စိုက်သည်။ စိုက်ပျိုးပြီးအပင်များ ရှည်လာသော အခါ အနည်းဆုံး ခုနစ်ပေခန့်ရှည်သော ဝါးတိုင်(သို့မဟုတ်) သစ်သားတိုင်များကို အပင်တိုင်း၏ အခြေတွင် ထောင်ပေးရသည်။ အချို့က တိုင်များမြဲစေရန်တစ်တန်းထဲရှိ နီးကပ်သောအပင်များ၏တိုင်ကို ကြက်ခြေခေတ်ပေးပြီး တိုင်များဆုံရာ၌ စုချည်ပေးကြသည်။ ရေဝပ်ခြင်းကင်းစေရန်အတွက် စိုက်တန်း နှစ်တန်းကြားတွင် ရေနှုတ်မြောင်း တစ်မြောင်းပြုလုပ်ပေးရမည်။ အပင်ပုမျိုးကို တစ်တန်းနှင့်တစ်တန်း (၁.၅ - ၂)ပေခြား၍ တစ်ပင်နှင့်တစ်ပင် နှစ်ပေခွာစိုက်သည်။ ရာသီဥတုသင့်တင့်သော ဒေသတွင်တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။ ရေရရှိကအချိန်မရွေးစိုက်နိုင်သည်။

အပင်ပြုစုခြင်း
-------------
 ပူ၍ စွတ်စိုသောရာသီဥတုတွင် ပေါင်းမြက်များ အထမြန်သောကြောင့် စတင်ဖြစ်ပေါ်လာသည်နှင့် နှိမ်နင်းပေးရမည်။ အထူးသဖြင့် အပင်ရှည်မျိုးသည် သက်တမ်းပိုရှည်သောကြောင့် ပေါင်းကိုကြိုတင်၍ မနှိမ်ထားပါက တိုင်ထောင်ပြီးလျှင်ပေါင်းလိုက်ရခက်သည်။ ပေါင်းနှိမ်စဉ် ပဲပင်၏အမြစ်များကို မထိခိုက်ရန်သတိပြုပါ။ ပဲပင်၏အမြစ်တွင် နိုက်ထရိုဂျင်ဖမ်းယူနိုင်သော ဘက်တီးရီးယားများ ခိုအောင်းနိုင်၍အပင်အတွက် နိုက်ထရိုဂျင်ကိုရယူပေးခြင်းဖြင့်အကျိုးပြုနိုင်သည်။

ရေသွင်းရေလောင်းခြင်း
--------------------
 ပဲပင်တို့သည် ခြောက်သွေ့သောရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း ရက်ရှည်ခြောက်သွေ့နေပါက ရေပေးသွင်းရန် လိုအပ်သည်။ မိုးရာသီစိုက်ပျိုးပါက ရေဝပ်သောမြေ၊ မြေစေးတို့တွင်ရေနုတ်မြောင်း ပြုလုပ်ထားရမည်။

ပိုးမွှား ရောဂါ ကာကွယ်နှိမ်နင်းခြင်း
------------------------------
 အပင်ငယ်စဉ်တွင် စုပ်စားပိုးများကျရောက်မှုကိုကာကွယ်နှိမ်နင်းနိုင်ရန် “ဆိုင်လာ၊ ကေလာ၊ အေမီဒါ” ဆေးများမှတစ်မျိုးမျိုးကိုပက်ဖျန်းပေးရပါမည်။ သီးလုံးဖောက်ပိုးကျရောက်ပါက “အီမာလန်ဒါ၊ နိုက်ဝမ်း၊ လိုင်းအောက်” ဆေးများမှတစ်မျိုးမျိုးကို အသုံးပြုပေးရပါမည်။ ပဲတောင့်ရှည်တွင် ပဲသံချေးရောဂါ ကျရောက်တတ်ပြီး “ဟက်ဇာဂွန်၊ ကာဗာ၊ ဇိုလာ၊ ဒိုင်ဇီ” ဆေးများမှတစ်မျိုးမျိုးဖြင့် ပက်ဖျန်းကာကွယ် နိုင်ပါသည်။

ပဲဆွတ်ခူးခြင်း
------------
 ပဲသီးများကိုအရွယ်မရောက်မီ အစေ့နုသေးသောအချိန်တွင် ဆွတ်ခူးရသည်။ ပဲသီးတောင့်များကို ပန်းပွင့်ပြီး (၇-၁၀)ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်သည်။ ပဲသီးတောင့်များရင့်လာက အစေ့နေရာတွင် ဖောင်းကြွကာ အခွံသည်ပျော့သောကြောင့် စားသုံးသူများမနှစ်သက်ကြပါ။ အပင်ပုမျိုး တစ်ဧကလျှင် (၈၀၀ - ၉၀၀)ပိဿာ၊ အပင်ရှည်မျိုးတစ်ဧက (၂,၀၀၀) ပိဿာ ကျော်ထိ ထွက်ရှိနိုင်ပါသည်။

မျိုးစေ့ထုတ်ယူခြင်း
-----------------
 မျိုးစေ့ထုတ်ယူလိုပါက အပင်ပေါ်တွင် အသီးများခြောက်သွေ့ချိန်ထိထားပြီးမှသာ ဆွတ်ခူးရသည်။ ကောင်းစွာခြောက်သွေ့သောအတောင့်များကို မူလအတိုင်းသိမ်းဆည်း၍ စိုက်ချိန်ရောက်မှအစေ့များ ချွေပြီး စိုက်ပျိုးနိုင်သည်။ အများအားဖြင့်အစေ့ကိုကြိုတင်ချွေ၍ ဆက်လက်နေလှန်းပြီးမှ သိမ်းဆည်း သည်။ပဲစေ့သိုလှောင်ရာ၌ ပိုးထိုးတတ်သောကြောင့်မျိုးအဖြစ်အသုံးပြုမည့်အစေ့များကို ထုံးနှင့်ရောမွှေပြီး သိမ်းဆည်းကြသည်။

Sources : ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း