menu

ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲမျိုးစုံတွင် ရွက်ဖျန်းမြေဩဇာ အချိန်မှီဖျန်းပါ

ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲမျိုးစုံတွင် ရွက်ဖျန်းမြေဩဇာ အချိန်မှီဖျန်းပါ ...  

🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿  

🔸ယခုကာလတွင်ဆောင်းသီးနှံ ပဲတီစိမ်း၊ မတ်ပဲ နှင့် ပဲအမျိုးမျိုးကိုစတင်စိုက်ပျိုးနေကြပြီဖြစ်ပါသည်။ ဆောင်းသီးနှံ ပဲအထွက်ကောင်းဖို့ရန် .....  
(၁) အပင်ပေါက်ကောင်းရမည်။  
(၂) တစ်ပင်တွင်ကိုင်းလေးကိုင်းမှငါးကိုင်း ထွက်ရမည်။  
(၃) တစ်ကိုင်းတွင်ငါးတောင့်မှခြောက်တောင့်သီးရမည်။  
(၄) တစ်တောင့်တွင်အောင်စေ့ ကိုးစေ့မှ ၁၀စေ့ရှိရမည် ဖြစ်သည်။
 
🔸ပဲပင်တစ်ပင်၏ဇီဝကမ္မသဘာဝအရ သက်တမ်း(၂၅-၃၀)ရက်အတွင်း သီးကိုင်းဖြစ်လာမည့် ကိုင်းဖူးလေး တွေစတင်နိုးကြားချိန်ဖြစ်ပါသည်။ ထိုအချိန်တွင်ပဲပင်မှအာဟာရဓာတ်၊ အစိုဓာတ်များပိုမိုလိုအပ်ပါ သည်။ ထို့ကြောင့်ကိုင်းဖြစ်ပေါ်မှုကိုအားပေးမည့် နိုက်ထရိုဂျင်ဓာတ်များများပါသည့် ရွက်ဖျန်းမြေဩဇာ များကို (၂-၃)ကြိမ်ခန့်ဖျန်းပေးဖို့လိုပါသည်။ အစာ အာဟာရ လုံလောက်စွာရရှိမှသာလိုအပ်သောကိုင်းများ အစီအရီထွက်လာပါလိမ့်မည်။  

🔸ကိုင်းထွက်လာသည်နှင့်တစ်ပြိုင်နက် ကိုင်းထိပ်တွင်ပန်းဖူးလေးများတစ်ပါ တည်း ပါလာပါသည်။ တစ်ပတ်ခန့်ကြာလျှင်ပန်းစပွင့်ပါသည်။ပန်းပွင့်ပြီးလျှင်သန္ဓေအောင်သည်။ သန္ဓေအောင်ပြီးလျှင် ပဲတောင့်နုနုလေးများစထွက်လာပါသည်။ ပဲတောင့်နုနုလေးများထဲတွင် ပဲစေ့ကလေးများ တဖြည်းဖြည်း ကြီးထွားလာပါသည်။ ထိုပဲတောင့်ထဲအစေ့တည်ချိန်မှာ အစာအာဟာရ အလိုအပ်ဆုံးအချိန်ဖြစ်ပါသည်။ အရွက်များမှချက်လုပ်သည့် အစာရဲ့ (၆၀-၇၀)ရာခိုင်နှုန်းကိုအစေ့ဖြစ်တည်ဖို့အတွက်အသုံးပြုပါသည်။  

🔸ထိုအချိန်တွင် အတောင့်အရေအတွက်များဖို့၊ အစေ့အရေအတွက်များဖို့၊ အောင်စေ့များပြီး အစေ့အလေး ချိန်စီးဖို့ နိုက်ထရိုဂျင်ဓာတ်၊ ဖော့စပရပ်ဓာတ်၊ ပိုတက်စီယမ်ဓာတ် နှင့် ဆာလ်ဖာဓာတ် ပါဝင်သည့် ရွက်ဖျန်းမြေဩဇာများကိုနှစ်ကြိမ်ခန့်ဖျန်းပေးရပါမည်။ ထို့ပြင်ပဲပင်၏အမြစ်များတွင် တည်ဆောက်ရှင် သန်နေကြသောရိုက်ဇိုဘီယမ် ခေါ် ဘက်တီးရီးယားများမှလည်းလေထဲမှနိုက်ထရိုဂျင်ကိုစုပ်ယူပြီး ပဲပင်ကို အစာချက်လုပ်ဖို့ ပို့ပေးပါသည်။ သို့သော်၎င်းဘက်တီးရီးယားများသည် ပန်းပွင့်ချိန်အထိဘဲ အကျိုးပြုမှုပေးနိုင်ပါသည်။ ပန်းပွင့်ချိန်နောက်ပိုင်းတွင်၎င်းတို့၏ရှင်သန်မှု ရပ်တန့်သွားပါသည်။  

🔸ပဲပင်လည်းသက်တမ်းရင့်လာချိန်တွင်အောက်ပိုင်းရှိပဲရွက်များ ဝါပြီး‌ခြောက်၍ ကြွေကျတတ် ပါသည်။အပင်ကိုအစာချက်လုပ်ပေးမည့်အရွက်များလည်းလျော့နည်းသွားသည်။ တကယ်တော့ ထိုအချိန်သည် ပဲတောင့်ကြီးထွားချိန်၊ ပဲတောင့်ထဲတွင် ပဲစေ့ဖြစ်တည်ကြီးထွားချိန်ဖြစ်သည့်အတွက် အာဟာရဓာတ်များစွာလိုအပ်နေချိန်ဖြစ်သည်။ထို့ကြောင့်အပင်လိုအပ်နေသောရွက်ဖျန်းမြေဩဇာကို မဖြစ်မနေ ဖျန်းပေးရပါမည်။ မဖျန်းနိုင်လျှင် ပဲတောင့်သေးခြင်း၊ အစေ့နည်းခြင်း၊ အောင်စေ့နည်းခြင်းများ ကြုံတွေ့နိုင်ပါသည်။  

🔸ပဲစိုက်မြေများတွင် အများအားဖြင့် ဘိုရွန်ဓာတ်ချို့တဲ့တတ်ပါသည်။ သို့သော် ဘိုရွန် နှင့် အခြားအနည်းလို အာဟာရဓာတ်များမှာ ပဲမျိုးစုံအထွက်နှုန်းနှင့် အရည် အသွေး မြင့်မားစေရန်အရေးပါလှသည့်အတွက် နိုက်ထရိုဂျင်ဓာတ်၊ ဖော့စပရပ်ဓာတ်၊ ပိုတက်စီယမ်ဓာတ် နှင့် အနည်းလိုအာဟာရဓာတ်များ အချိုးအစား မှန်ကန်စွာထုတ်လုပ်ထားသောရွက်ဖျန်းမြေဩဇာများက်ု အချိန်မှီပက်ဖျန်းပေးနိုင်ပါရန် အကြံပြုရေးသား အပ်ပါသည်။  

🔸စစ်မှန် ပြည့်ဝ ဝိစာရ🔸  

Sources : အောင်ဆန်း(စိုက်ပျိုးရေး)  

စိုက်ပျိုးရေးရာအကြံပြုချက်များ။