menu

ပဲတီစိမ်းအထွက်တိုးရန် သတိပြုရမည့် အချက်များ


🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿

◾️အခုဆွေးနွေးပေးချင်တာကတော့ ပဲတီစိမ်း အထွက်တိုးအောင် သတိပြုရမယ့်အချက်များ ဖြစ်ပါတယ်။ ပဲမျိုးစုံသီးနှံတွေထဲမှာ ပဲတီစိမ်းဟာ စိုက်ဧကလည်းများပြီးတော့ ပြည်ပတင်ပို့မှုမှာလည်း ဒုတိယအများဆုံးသီးနှံ ဖြစ်ပါတယ်။ ပဲတီစိမ်းသီးနှံကို အထွက်တိုးအောင် လုပ်နိုင်မယ်ဆိုရင် တောင်သူလယ်သမားကြီးများရဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးပြီး နိုင်ငံခြား ဝင်ငွေလည်း တိုးမြှင့်ရနိုင်မှာ ဖြစ်ပါတယ်။

◾️ပဲတီစိမ်း အထွက်တိုးအောင် သတိပြုရမယ့် အချက်များကတော့ ဦးစွာ စိုက်ပျိုးချိန်မှန်ဖို့ပါပဲ။ ပဲတီစိမ်းကို မိုးဦး၊ မိုးကြို၊ မိုးလယ်၊ မိုးနှောင်းဆိုပြီး ရာသီလေးမျိုးမှာ စိုက်ပျိုးကြပါတယ်။ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာ မိုးကြိုပဲတီစိမ်းကို ဖေဖော်ဝါရီလမှာ အပြီးစိုက်ဖို့၊ မိုးဦးပဲတီစိမ်းကို ဇွန်လ၊ ဇူလိုင်လတွေမှာ အပြီးစိုက်ဖို့၊ မိုးလယ်ပဲတီစိမ်းကို သြဂုတ်လ၊ စက်တင်ဘာလတွေမှာ အပြီးစိုက်ဖို့၊ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ မိုးကြိုပဲတီစိမ်းကို ဖေဖော်ဝါရီလအပြီးစိုက်ဖို့၊ မိုးလယ်ပဲတီစိမ်းကို သြဂုတ်လ၊ စက်တင်ဘာလတွေမှာ အပြီးစိုက်ဖို့၊ မိုးနှောင်း၊ လယ်သီးထပ် ပဲတီစိမ်းကို အောက်တိုဘာလ၊ နိုဝင်ဘာလတွေမှာ အပြီးစိုက်ဖို့၊ ရှမ်းနဲ့ ကယားဒေသမှာဆိုရင် မိုးကြိုပဲတီစိမ်းကို မတ်လ၊ ဧပြီလတွေမှာ အပြီးစိုက်ဖို့၊ မိုးဦးပဲတီစိမ်းကို ဇွန်လ၊ ဇူလိုင်လမှာ အပြီး စိုက်ဖို့၊ မိုးလယ်ပဲတီစိမ်းကို သြဂုတ်လ၊ စက်တင်ဘာလမှာ အပြီးစိုက်ဖို့ သတိပြုရမှာ ဖြစ်ပါတယ်။

◾️မိုးကြိုပဲတီစိမ်းစိုက်ပျိုးရင် သတိပြုရမယ့် အချက်တွေကတော့ မြေမာလွန်းနေရင် ရေတစ်ကြိမ်သွင်းပြီးမှ ထယ်ရေးပြင်ပါ။ နုန်းစနယ်နဲ့ နုန်းမြေစေးဆိုရင် ရေကောင်းအောင်သွင်းနိုင်ရင် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်ထိ အစိုဓာတ်လုံလောက်ပါတယ်။ မိုးကြိုပဲတီစိမ်း ပန်းပွင့်ချိန်မှာ မိုးကြီးမိပါက ရေထုတ်ပစ်ပြီး ကြားထွန်ဝင် ပေးပါက အပွင့်ထပ်ပွင့်နိုင်ပါတယ်။ မိုးဦးရာသီပဲတီစိမ်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ကနီ၊ ဘုတလင်၊ မုံရွာ၊ အရာတော်တို့မှာ များများစိုက်ပါတယ်။ အခု မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အရှေ့ဘက်ခြမ်းနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ စိုက်လာကြတာတွေ့ရပါတယ်။

◾️ဇူလိုင်လ မိုးပြတ်ချိန်ရိတ်သိမ်းရသဖြင့် ပဲအရည်အသွေးကောင်းတာတွေ့ရပါတယ်။ ပဲခင်း ရေမဝပ်ကြစေဖို့ ပတ်မြောင်းများ၊ ရေထုတ်မြောင်းများ ပြုလုပ်ထားဖို့လိုပါတယ်။ ပိုးမွှားရောဂါကို အထူးသတိပြုသင့်ပါတယ်။ မိုးလယ်စိုက်ပဲတီစိမ်း စိုက်ချိန်နောက်မကျစေဖို့ သတိပြုရပါမယ်။ စိုက်ပျိုးချိန် နောက်ကျသွားပါက သီးတောင့် ဖြစ်ထွန်းချိန် မိုးပြတ်ကာလနဲ့ ကြုံရတတ်ပါတယ်။ စက်တင်ဘာလမကုန်မီ စိုက်ဖြစ်အောင်စိုက်သင့်ပါတယ်။

◾️မိုးလယ်ရာသီဟာ အပူချိန်မြင့်ပြီး စိုထိုင်းဆများတတ်လို့ ပင်ပိုင်း ဖြစ်ထွန်းမှု လွန်ကဲတတ်သဖြင့် မျိုးစေ့နှုန်းကိုလျှော့စိုက်သင့်ပါတယ်။ ပျဉ်းမနားကဲ့သို့ မြေဆီသြဇာထက်သန်တဲ့ ဒေသတွေမှာ တန်းကြား နှစ်ပေခန့်ထား စိုက်ပျိုးသင့်ပါတယ်။ ဒါမှမဟုတ် ကြဲခင်းလုပ်မယ်ဆိုပါက မျိုးစေ့နှုန်းကို (၄-၆) ပြည်သာ သုံးသင့်ပါတယ်။

◾️မြေချဉ်ငန်ဓာတ် ၅ ထက်လျော့နည်းတဲ့မြေ ဖြစ်နေပါက မြေပြင်ချိန်မှာ ဂျစ်ပ်ဆန်ကျောက်မှုန့်မြေသြဇာ တစ်ဧက ငါးအိတ်နှုန်း၊ တီစူပါ၁/၄ အိတ်နှုန်း ထည့်သင့်ပါတယ်။ ပဲတီစိမ်းကို ဘယ်ရာသီမှာ ပဲစိုက်စိုက် အထူးဂရုပြုရမှာကတော့ မစိုက်ပျိုးမီ ပဲစေ့ကို ရေရှစ်နာရီစိမ်၍ ပြန်ဆယ်ယူ အခြောက်ခံပြီးမှ စိုက်ပါ။ အပင်ပေါက်စုံစေဖို့ ဖြစ်ပါတယ်။ မစိုက်ပျိုးမီ ပဲစေ့ကို မျိုးစေ့လူးနယ်ဆေးတစ်မျိုးမျိုးနှင့် လူးနယ်ပြီးမှ စိုက်ပျိုးပါ။ ပိုးမွှားကာကွယ်ရန် မြေအောင်းပိုးသတ်ဆေးတစ်မျိုးမျိုး ထည့်သင့်ပါတယ်။ 

◾️ဓာတ်မြေသြဇာ အသုံးပြုမယ်ဆိုပါကယူရီးယားမြေသြဇာ အိတ်သေး တစ်ဝက် (၁၅ ပိဿာခန့်)၊ တီစူပါအိတ်ကြီး ၁/၃ ခန့် (ပိဿာ ၂၀ ခန့်) ပိုတက်ရှ်မြေသြဇာ အိတ်ကြီး၁/၄ ခန့် (၁၅ ပိဿာခန့်) မြေပြင်ချိန်မှာ ထည့်ပါ။ ပဲတီစိမ်း စိုက်ပျိုးရာမှာ မျိုးစေ့ကို မြေဆီလွှာ အတွင်း နက်နက်ဝင်အောင် မစိုက်သင့်ပါ။ အပင်ပေါက်ညံ့တတ်ပါတယ်။ မျိုးစေ့ကို မြေဆီလွှာအတွင်း တစ်လက်မ၊ တစ်လက်မခွဲ အနက်ထိသာ ချသင့်ပါတယ်။ တောင်သူလယ်သမားကြီးများ ပဲတီစိမ်းအထွက်တိုး၍ အကျိုးစီးပွား မြင့်မားနိုင်ကြပါစေ။

Sources : အောင်ဆန်း(စိုက်ပျိုးရေး)