menu

ပဲတီစိမ်းစိုက်ပျိုးချိန်၏ အထွက်နှုန်းပေါ် အကျိုးသက်ရောက်မှု


 🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

☑️ မြန်မာနိုင်ငံတွင် ပဲတီစိမ်းကို ဟက်တာ ၁ ဒသမ ၂၄ သန်း စိုက်ပျိုးပြီး မြန်မာပြည်အောက်ပိုင်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ ကရင် ဒေသများမှာလည်းကောင်း၊ မြန်မာပြည်အလယ်ပိုင်း ဒေသများဖြစ်တဲ့ မကွေး၊ မန္တလေး၊ မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းတိုင်းမှာ လည်းကောင်း ဒေသအနှံ့စိုက်ပျိုးတာ တွေ့ရှိရပါတယ်။ ပဲတီစိမ်းစိုက်ပျိုးတဲ့ဒေသများကွဲပြား‌နေသလို ‌ စိုက်ပျိုးတဲ့အချိန်နဲ့ စိုက်ပျိုးတဲ့စနစ်များ ကွဲပြားလျက်ရှိတာ တွေ့ရပါတယ်။

☑️ ပဲတီစိမ်းသီးနှံဟာ ရာသီမရွေး စိုက်ပျိုးနိုင်သော်လည်း စိုက်ပျိုးမယ့်ကာလအတွက် စိုက်ပျိုးတဲ့ အချိန်ကို အထူးသတိပြုဖို့ လိုအပ်ပါတယ်။ စိုက်ပျိုးချိန်မှန်ကန်မှုဟာ ပဲတီစိမ်း အထွက်နှုန်းကို လွှမ်းမိုးမှုရှိနေပါတယ်။ ပဲတီစိမ်းစိုက်ပျိုးချိန်ဟာ အအေးဒဏ်လွတ်ကင်းဖို့နဲ့သီးတောင့်ရင့်မှည့်ချိန် မှာ မိုးမမိစေဖို့ အထူးသတိပြုရန် လိုအပ်ပါတယ်။မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ မကွေးဒေသတွေမှာ မိုးကြိုပဲတီစိမ်းကို ဖေဖော်ဝါရီလမှာလည်းကောင်း၊မိုးဦးပဲတီစိမ်းကို ဇွန်လ၊ ဇူလိုင်လမှာလည်းကောင်း၊ မိုးလယ်ပဲတီစိမ်းကို ဩဂုတ်လ၊စက်တင်ဘာလတွေမှာလည်းကောင်း အပြီးစိုက်ပျိုးဖို့လိုပါတယ်။ စိုက်ချိန်နောက်ကျရင် အထွက်သိသိသာသာ ကျဆင်းသွားမှာ ဖြစ်ပါတယ်။

☑️ မြန်မာပြည်အထက်ပိုင်း ဒေသတွေမှာ အအေးဓာတ်က လွတ်မြောက်စေဖို့ စက်တင်ဘာလထက် နောက်ကျ၍ လည်းကောင်း၊ ဖေဖော်ဝါရီလ ဒုတိယပတ်ထက်စော၍ လည်းကောင်း မစိုက်ပျိုးမိစေဖို့ အထူးသတိချပ်သင့်ပါတယ်။အပင်ပေါက်နှေးပြီး အပင်ကြီးထွားမှု ညံ့သွားစေနိုင်ပါတယ်။ အထွက်လည်း ကျဆင်းသွားစေပါတယ်။ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ (ပဲခူး၊ ရန်ကုန်) ဒေသတွေမှာ မိုးကြိုပဲတီစိမ်းကို ဖေဖော်ဝါရီလ၊ မတ်လမှာလည်းကောင်း၊မိုးလယ်ပဲတီစိမ်းကို ဩဂုတ်လ၊ စက်တင်ဘာလမှာလည်းကောင်း၊ မိုးနှောင်း ပဲတီစိမ်းကို အောက်တိုဘာလ၊ နိုဝင်ဘာလမှာလည်းကောင်း ပြီးအောင်စိုက်ပျိုးဖို့ လိုအပ်ပါတယ်။ ဧရာဝတီ၊ မွန်၊ ရခိုင်၊ တနင်္သာရီတိုင်းဒေသကြီးတွေမှာ မိုးကြိုပဲတီစိမ်းကို ဇန်နဝါရီလ၊ဖေဖော်ဝါရီလ မှာလည်းကောင်း၊ မိုးနှောင်းပဲတီစိမ်းကိုအောက်တိုဘာလ၊ နိုဝင်ဘာလမှာလည်းကောင်း ပြီးအောင် စိုက်ပျိုးဖို့ လိုအပ်ပါတယ်။ ရှမ်း၊ကယားဒေသတွေမှာ မိုးကြိုပဲတီစိမ်းကို မတ်လ၊ ဧပြီလမှာလည်းကောင်း၊ မိုးဦးပဲတီစိမ်းကို ဇွန်လ၊ ဇူလိုင်လမှာလည်းကောင်း၊မိုးလယ်ပဲတီစိမ်းကို ဩဂုတ်လ၊ စက်တင်ဘာလမှာလည်းကောင်း အချိန်မီပြီးစီးအောင် စိုက်ပျိုးဖို့လိုအပ်ပါတယ်။

☑️ မိုးနှောင်းကာလ ပဲတီစိမ်းစိုက်ပျိုးရာမှာ ထွန်ပဲ၊ ရေလိုက်ပဲ၊ ခုတ်ဖုံးပဲအဖြစ် နည်းလမ်းများစွာနဲ့ စိုက်ပျိုးကြပါတယ်။ မိုးစပါးအပြီး သီးထပ်ပဲတီစိမ်းအဖြစ် စိုက်ပျိုးကြခြင်း ဖြစ်ပါတယ်။မိုးစပါးအပြီး သီးထပ်စိုက်ပျိုးရသဖြင့် အစိုဓာတ်မိစေဖို့ ပထမမိုးစပါးကို အောက်တိုဘာလလယ် ရိတ်သိမ်းနိုင်တဲ့စပါးမျိုးကို စိုက်ပျိုးဖို့လိုပါတယ်။ သို့မှသာ စပါးအချိန်မီရိတ်ပြီး ပဲတီစိမ်းကို အစိုဓာတ်မိအောင် အချိန်မီစိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။

☑️ ထွန်ပဲတီစိမ်းကို မြေယာပြုပြင်ထွန်ယက် ထယ်ရေးကောင်းအောင်ပြင်ပြီး စိုက်(သို့) ကြဲ၍ စိုက်ပျိုးပါတယ်။ ရေလိုက်ပဲတီစိမ်းကိုတော့ မိုးစပါးမရိတ်မီ အောင်ရေလွှတ်ချိန်မှာ မျိုးစေ့ပဲကို စပါးခင်းထဲ ပေါက်ကြဲကြဲစိုက်ပျိုးခြင်း ဖြစ်ပါတယ်။ စပါးရိတ်ပြီးရင် ပဲပင်က အောက်မှ ရှင်သန်ကြီးထွားပြီးတက်လာခြင်းဖြစ်ပါတယ်။ ခုတ်ဖုံးပဲတီစိမ်းကတော့ စပါးရိတ်ပြီး မြေအစိုဓာတ်ရှိနေချိန်မှာ မျိုးစေ့ပဲကို ရိုးပြတ်ထဲမှာ ပေါက်ကြဲကြဲခြင်း ဖြစ်ပါတယ်။ ပြီးရင် ရိုးပြတ်တွေကို ဓားနဲ့ခုတ်ပြီး ပဲစေ့ပေါ်မှာ ဖုံးပေးတာဖြစ်တဲ့အတွက် ခုတ်ဖုံးပဲလို့ခေါ်တာ ဖြစ်ပါတယ်။ရေလိုက်ပဲနဲ့ ခုတ်ဖုံးပဲဟာ မြေယာပြုပြင်စရာမလိုဘဲ ထယ်ရေးမဲ့စနစ်ဖြစ်တဲ့အတွက် ကုန်ကျစရိတ်သက်သာပြီး ပဲထွက်လည်းကောင်းတာ တွေ့ရပါတယ်။ ဒါပေမယ့် အစိုဓာတ်မိဖို့ အတွက် စိုက်ချိန်မှန်အောင် အထူးဂရုပြုဖို့ လိုပါတယ်။

☑️ ရေလိုက်နဲ့ ခုတ်ဖုံးပဲ စိုက်ပျိုးမယ်ဆိုရင် သဲဆန်လွန်းတဲ့မြေ၊ အစိုဓာတ်မထိန်းနိုင်တဲ့ မြေတွေမှာ မစိုက်ပျိုးသင့်ပါ။ ကိုင်းကျွန်းမြေတွေမှာမူ မိုးရာသီ ရေလွှမ်းနုန်းပို့ပြီး ရေပြန်ကျသွားတဲ့အခါ ကိုင်း၊ ကျွန်း ပဲတီစိမ်းအဖြစ်စိုက်ပျိုးကြပါတယ်။ သီးထပ်ပဲတီစိမ်းမဟုတ်ပါ။ ရေလိုက်ပဲတီစိမ်းနဲ့ ခုတ်ဖုံးပဲတီစိမ်း စိုက်ပျိုးမယ်ဆိုရင် စပါးအောင်ရေလွှတ်ချိန်မှာ တီစူပါမြေဩဇာ အိတ်ဝက်ကို စပါးခင်းမှာ ပဲအတွက် ကြိုတင်ပက်ကြဲထားဖို့လိုပါတယ်။ မျိုးစေ့နှုန်းကို ၁၀-၁၂ ပြည်လောက် အသုံးပြုဖို့ လိုအပ်ပါတယ်။ အပင်ပေါက်ကောင်းစေရန်၊ အပင်ကြီးထွားမှုမြန်ပြီး ညီညာစေရန် မျိုးစေ့ပဲကို မစိုက်ပျိုးမီ ရှစ်နာရီကြာ ရေစိမ်၊ နေရိပ်မှာ ပြန်လည်အခြောက်ခံပြီးမှ စိုက်ပျိုးတဲ့စနစ် ကျင့်သုံးသင့်ပါတယ်။ ဓာတ်မြေဩဇာကို ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာနက တစ်ဧက တင်း၂၀ ထွက်ရှိရန် ယူရီးယားမြေဩဇာ ၅၆ ပေါင်(၁၅ ပိဿာ)၊ တီစူပါမြေဩဇာ ပေါင် ၇၀ (ပိဿာ ၂၀) ၊ ပိုတက်ရှ်မြေဩဇာ ၅၆ ပေါင်(၁၅ ပိဿာ) အသုံးပြုဖို့ ထောက်ခံထားပါတယ်။

☑️ ပဲတီစိမ်း အထွက်ကောင်းစေဖို့ အဓိကမှာ တစ်ဧကရိတ်သိမ်းအပင်ရေတစ်သိန်းအပြည့်အဝရရှိဖို့ လိုအပ်ပါတယ်။ ဤသို့သတ်မှတ်အပင်ရေရရှိဖို့ အစိုဓာတ်မိအောင်စိုက်ဖို့လိုပါတယ်။ အစိုဓာတ်မိစေဖို့ အချက်နှစ်ချက်လိုက်နာဖို့ လိုအပ်ပါတယ်။ (၁) စိုက်ပျိုးချိန်မှန်ကန်ဖို့ လိုပါတယ်။ (၂)ကျမ်းတုံးအုပ်တာသေချာဖို့ လိုအပ်ပါတယ်။ ပဲတီစိမ်းစိုက်ပျိုးချိန်မှာ မြေတွင်းအစိုဓာတ် ၁၅-၂၀ရာခိုင်နှုန်းရှိပြီး အပင်ကြီးထွားချိန်နဲ့ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်မှာ ၁၀-၁၅ ရာခိုင်နှုန်းရှိဖို့လိုအပ်ပါတယ်။ စိုက်ပျိုးချိန်မမှန်လို့ အစိုဓာတ်မမိရင် တစ်ဧကအထွက်ရဲ့ ၃၅ ရာခိုင်နှုန်းအထိ ဆုံးရှုံးနိုင်ပါတယ်။ အစိုဓာတ်မရှိလို့ မြေအလွန်ခြောက်သွေ့သွားရင် တံစဉ်လွတ်သည်အထိ ဆုံးရှုံးနိုင်ကြောင်း သတိပြုကြစေချင်ပါတယ်။

☑️ သို့ပါ၍ ပဲတီစိမ်းအထွက်ကောင်းစေဖို့ အစိုဓာတ်မိစေရန် စိုက်ပျိုးချိန်ကို မှန်ကန်အောင် သတိပြုစိုက်ပျိုးကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

✅စစ်မှန် ပြည့်ဝ ဝိစာရ✅

Credit : အောင်ဆန်း(စိုက်ပျိုးရေး)
မြန်မာ‌တောင်သူကြီးများဂျာနယ်