menu

ပြည်ပဝယ်လိုအားကောင်းသဖြင့် ပြောင်းဆံဈေးတက်လာ .....


🌽🌽🌽🌽🌽🌽🌽🌽🌽🌽

➡️ ပြောင်းဆံကိုပြည်ပနိုင်ငံများမှ ဝယ်လိုအားကောင်းနေသည့်အတွက် ပြည်တွင်းပြောင်းဆံဈေးမြင့်တက်လာပြီး အရောင်းအဝယ်သွက်နေကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းမှသိရသည်။ လက်ရှိ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် အဖွင့်ဈေးသည် ပြောင်းဆံတစ်ပိဿာလျှင် ကျပ် ၁,၈၆၀ မှ ၁,၈၈၀ အထိ ရှိလာသည်။ ပြောင်းဆံကို ဖိလစ်ပိုင်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ဝယ်လိုအားကောင်းနေခြင်းဖြစ်ပြီး ယခုနိုဝင်ဘာလအတွင်း၌ပင် ဖိလစ်ပိုင်နိုင်ငံတစ်ခုတည်းသို့ ပြောင်းတန်ချိန်သောင်းနှင့်ချီ၍ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

➡️ "ပြောင်းက အဝယ်လိုက်နေတယ်။ ဖိလစ်ပိုင်ကိုတင် တန်ချိန် ၂၀,၀၀၀ လည်း ဖြစ်နိုင်တယ်။ တင်ပို့မယ့်ကုမ္ပဏီတွေ များတယ်။ အိန္ဒိယကလည်း ဝယ်နေတယ်" ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ ကိုဖြိုးကိုကိုနိုင်က ပြောသည်။ ပြည်ပသို့တင်ပို့သည့် ပြောင်းဆံများမှာ အစိုဓာတ် ၁၄ ရာခိုင်နှုန်းအောက် ပြောင်းဆံအခြောက် အသန့်များဖြစ်ကြောင်း၊ မြန်မာ့ပြောင်းဆံကို မွေးမြူရေးအစာအတွက် အဓိကဝယ်ယူခြင်းဖြစ်သည်။

➡️ ပြောင်းဆံဈေးသည် ပြီးခဲ့သည့်အောက်တိုဘာလကုန် ၃၀ ရက်နေ့ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်တွင် တစ်ပိဿာလျှင် ကျပ် ၁,၆၉၀ မှ ၁,၇၁၀ အတွင်းသာ ဈေးရှိခဲ့ခြင်းဖြစ်သဖြင့် ပြောင်းဈေးသည် ယခု နိုဝင်ဘာလအတွင်း ဈေးဆက်တိုက်တက်လာခြင်းဖြစ်သည်။ "ပြောင်းဈေးကောင်းတော့ တော်သေးတာပေါ့။ ကျပ် ၂,၀၀၀ လောက်အထိ ရောက်မယ်မှန်းထားတယ်" ဟု ရှမ်းပြောင်းစိုက်တောင်သူ တစ်ဦးက ပြောသည်။

➡️ လက်ရှိတွင် ရှမ်းပြောင်းများစတင်ထွက်ပေါ်နေချိန်ဖြစ်ပြီး ဈေးကောင်းရသဖြင့် တောင်သူများလည်း အကျိုးအမြတ်ကို အထိုက်အလျောက် ခံစားရရှိနေကြောင်းသိရသည်။ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပြောင်းဆံတင်ပို့မှု တန်ချိန် ၁.၅ သန်းဝန်းကျင်ခန့် တင်ပို့နိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ မြန်မာနိုင်ငံမှ ပြောင်းတင်ပို့မှုအနေဖြင့် တန်ချိန် ၁.၂၃ သန်းကျော် တင်ပို့မှုရှိခဲ့ကြောင်း သိရသည်။

➡️ ပြောင်းဆံကို ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဒေသတချို့တွင် စိုက်ပျိုးမှုရှိပြီး ထွက်ရှိသမျှ ပြောင်းဆံကို ပြည်တွင်း အစာစပ်စက်ရုံများနှင့် မွေးမြူရေးလုပ်ငန်းတွင် အသုံးပြုကာ ပိုလျှံသည့် ပြောင်းကို ပြည်ပသို့ နှစ်စဉ် တင်ပို့ရောင်းချရခြင်း ဖြစ်သည်။

Sources : မစံပယ်(AMIA) ၏ MAG တွင် ဖော်ပြသောသတင်းဆောင်းပါးကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။