menu

"ပြည်တွင်းသကြားဈေး မြင့်တက်လာတာနှင့်အတူ ကြံတစ်တန်ဈေးတိုးမြှင့်ပေးသွားမည်"


🌱🌱🌱🌱🌱🌱🌱🌱🌱🌱

▶️ ပြည်တွင်းသကြားဈေး မြင့်တက်လာတာနှင့်အတူ ကြံစိုက်တောင်သူများအား ကြံတစ်တန်ငွေကျပ် ၂၀,၀၀၀ ခန့် တိုးမြှင့်ပေးသွားမည်ဖြစ်သည်။

▶️ မတ်လကုန်ပိုင်းက ပြည်တွင်းသကြားဈေးမှာ တစ်ပိဿာလျှင် ငွေကျပ် ၄,၁၇၀ သာ ပေါက်ဈေးရှိခဲ့သော်လည်း ဧပြီ (၂၀) ရက်တွင် သကြားတစ်ပိဿာလျှင် ငွေကျပ် ၄,၅၀၀ ထိ ပေါက်ဈေးဖြစ်လာသည်။ကြံရာသီအစတွင် တောင်သူများအား ကြံတစ်တန်လျှင် ငွေကျပ် ၁၃၀,၀၀၀ သာ ဈေးဖြတ်ထားရာ ယခု ကြံရာသီမသိမ်းမီ ပြည်တွင်းသကြားဈေးမြင့်တက်လာတာကြောင့် တောင်သူများအား ကြံတစ်တန်လျှင် ငွေကျပ် ၁၅၀,၀၀၀ ခန့် တိုးမြှင့်ပေးစေချင်ကြောင်း ကြံစိုက်တောင်သူများထံက သိရသည်။

▶️ "ကြံရာသီအစမှာ ကြံတစ်တန် ငွေကျပ် ၁၃၀,၀၀၀ ပဲ ပေးထားတာပါ။ အခုပြည်တွင်းသကြားဈေးက မြင့်တက်လာတော့ ကြံတစ်တန်ဈေးကိုလည်း တိုးမြှင့်ပေးစေချင်ပါတယ်။ တောင်သူများအနေနဲ့ စက်သုံးဆီ၊ ကြံခုတ်ခနှင့် အခြားသွင်းအားစုများ ဈေးတွေကမြင့်တက်နေတော့ တောင်သူတွေအနေနဲ့ စိုက်ပျိုးစရိတ် ပိုမိုကုန်ကျထားပါတယ်။ လက်ရှိမှာ သကြားစက်ကြီးတွေကလည်း ကြံစိုက်ဧကရဲ့ ၅၅ ရာခိုင်နှုန်းလောက်သာကြိတ်ဝါးနိုင်သေးတယ်၊ လာမယ့် မေလကုန်အထိ မိုးရွာသွန်းမှု မရှိဘဲ ကြိတ်ဝါးနိုင်မှသာ ကြံစိုက်ဧကများအကုန်ကြိတ်ဝါးနိုင်မှာဖြစ်ပါတယ်" ဟု မောင်းကုန်းဒေသ ကြံစိုက်တောင်သူတစ်ဦးက ပြောသည်။

▶️ ယခုနှစ်တွင် သကြားစက်ရုံကြီးများမှ ကြံရာသီကုန်သည်အထိ ကြိတ်ဝါးပြီးသွားပါက တစ်နိုင်ငံ လုံးအနေဖြင့် သကြားတန်ချိန် ၅ သိန်းခန့်ထွက်ရှိလာမည်ဖြစ်ကြောင်း ယခင်နှစ်ထက် ကြံတန်ချိန် တစ်သိန်းခန့် ပိုမိုထုတ်လုပ်နိုင်ပြီး နိုင်ငံခြားသို့လည်း တင်ပို့လျက်ရှိသည်။

▶️ ယခုနှစ် ပြည်တွင်းသကြား သုံးစွဲမှုမြင့်မားလာတာနှင့်အတူ ပြည်ပတင်ပို့မှုများရှိနေတာကြောင့် ပြည်တွင်းသကြားဈေးက ကမ္ဘာ့သကြားဈေးထက် မြင့်တက်နေခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့သကြားဈေးကျဆင်းမှုရှိနေသော်လည်း နိုင်ငံခြားငွေလဲနှုန်း မြင့်မားနေတာကြောင့် ပြည်တွင်းသကြားဈေးမှာ ယခုလို မြင့်တက်လာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံကြံနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေး က ပြောသည်။

▶️ မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ယခုနှစ်ကြံရာသီအပြီးတွင် သကြားတန်ချိန် ၅ သိန်းကျော်ထွက်ရှိနိုင်ပြီး ပြည်တွင်းသုံးစွဲမှုမှာလည်း တန်ချိန် ၄ သိန်းခန့်ရှိပြီး ပြည်ပသို့ တန်ချိန် ၁ သိန်း ဝန်းကျင်ခန့်တင်ပို့လျက်ရှိကြောင်း သိရသည်။

▶️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)