menu

“ပိုးထောင်‌ချောက်”အသုံးပြု ဘက်စုံပိုးမွှား ကာကွယ်ရေး


🌿🌻🐛🌻🌿🌿🌻🐛🌻🌿

◾️ စိုက်ခင်းများအတွင်း ကြိုတင်ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းမှာ ပိုးမွှားအတွက် ရှေ့ပြေးဆောင်ရွက်ရမည့် ထိရောက်သောအချက်ဖြစ်ပါသည်။ ပိုးမကျခင်ဖြစ်စေ၊ ပိုးကျမှုစတင်စအချိန်ဖြစ်စေ ကြိုသိလျှင် ကြိုလုပ်နိုင်သောအချက်များရှိ၍ "ဘက်စုံပိုးမွှားကာကွယ်ရေး"ကို အလေးထားဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်နေကြပါသည်။ သို့သော်လည်း တောင်သူကြီးများမှာလည်း အခက်အခဲပေါင်း များစွာနှင့် ရုန်းကန်လှုပ်ရှားသွားလာဆောင်ရွက်နေကြရသဖြင့် လစ်ဟာမှုအချို့ ရှိနိုင်ပါသေးသည်။ သို့သော် သီးနှံဖျက်ပိုးတို့ကို နှိမ်နင်းမှုတွင် လက်ဦးမှုရယူရပါမည်။ ဖျက်ပိုးတို့၏ အလေ့အထ သဘာဝကို ကြိုတင်လေ့လာသိရှိကြသင့်ပါသည်။ သီးနှံဖျက်ပိုးတို့ကိုကာကွယ်နှိမ်နင်းနိုင်သော"ထောင်ချောက်" တို့ကိုလည်း သိသင့်ကြပါသည်။

◾️ ထောင်ချောက်သီးနှံပင်အဖြစ် စိုက်ခင်းဘေးနှင့် စိုက်ခင်းထဲတွင် ပြောင်းပင်အနည်းငယ်ကိုထည့်၍ စိုက်ပျိုးခြင်းမှာ တောင်သူအများစု ပြုလုပ်လေ့ရှိကြပါသည်။ ဖျက်ပိုးများသည် မိမိစိုက်ပျိုးထားသော သီးနှံထက် အဆိုပါထောင်ချောက်သီးနှံပင်သို့ သွားရောက်ကျနိုင်ပြီး နှိမ်နင်းကြပါသည်။ အထူးသဖြင့် သီးလုံးဖောက်ပိုး၊ပဲသီးစားပိုးတို့ကို နှိမ်နင်းကာကွယ်နိုင်ကြသည်။ ဟင်းသီးဟင်းရွက် စိုက်ခင်းနှင့် ပဲမျိုးစုံစိုက်ခင်းများတွင် ပြောင်းဖူးပင်များညှပ်၍စိုက်ပျိုးထားကြလျှင်ပြောင်းဖူးပင်သည် ထောင်ချောက် သီးနှံပင်ဖြစ်သွားသည်။

◾️ အဝါရောင်ပန်းပွင့် ပွင့်တတ်သောအပင်များကို စိုက်ခင်းဘေးပတ်လည်တွင်စိုက်ပျိုးထားလျှင် ဖျက်ပိုးများ သည် သီးနှံစိုက်ခင်းက အပင်ထက် ထောင်ချောက်ပင်သို့ သွားရောက်ကြလေ့ရှိသည်။ နေကြာရိုင်းပင်၊ နေကြာပွင့်များ၊ ပန်းနှမ်းပင်များ စိုက်ပျိုးကြသည်။ စိုက်ခင်းရှိ အပင်များ သီးကင်းဝင်စအချိန်တွင် ပန်းပွင့်အောင်ချိန်ဆ စိုက်ကြသည်။ ဟင်းသီးဟင်းရွက်စိုက်ခင်း၊ ပဲမျိုးစုံစိုက်ခင်းနှင့် သရက်၊ မာလကာ၊ ပိန္နဲ စသည့် ဥယျာဉ်ခြံသီးနှံပင်များ၏ စိုက်ခင်းများတွင် ပြုလုပ်နိုင်ကြသည်။ အချို့မှာ အဝါရောင် ကတ်ပြားများဖြင့် ထောင်ချောက်ပြုလုပ်ချိတ်ဆွဲကြသည်။

◾️ ပဲပုပ်၊ ပဲလွမ်းစိုက်ခင်းများတွင် ကျရောက်လေ့ရှိသော ပဲကြမ်းပိုးကို ကာကွယ်နှိမ်နင်းရာတွင် ထောင်ချောက်သီးနှံအဖြစ်ပြောင်းဖူးပင်၊ ဝါပင်၊ ဆေးရွက်ကြီးပင် စိုက်ပျိုးကြလေ့ရှိသည်။ ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင်သီးနှံမစိုက်ပျိုးခင် မြေပြုပြင်ချိန် စိုက်ခင်းဘေးပတ်လည်တွင် ပေါင်းမြက်များ၊ သစ်ရွက်ခြောက်အမှိုက်များ စုပုံချထားလျှင်ပိုးမွှားများ လာရောက်ခိုအောင်းပြီး နှိမ်နင်းကြသည်မှာလည်း အမှိုက်ထောင်ချောက်ဖြစ်သည်။ အထူးသဖြင့် ကိုင်းကျွန်းသဲသောင်ပြင်၊ မြေနုကျွန်းစိုက်ခင်းများတွင်ကျရောက်သော ပုရစ်ကို ဤနည်းဖြင့် နှိမ်နင်းကြသည်။ ယင်ဖြူ၊ သစ်ရွက်ခြေပုံဂျပိုးလည်း နှိမ်နင်းနိုင်သည်။ မြေအောင်းပုရစ်နှင့် ကြွက်တို့ကို အစာနှင့် ပိုးသတ်ဆေး ရောနှော၍ ထောင်ချောက်အစာများကို ချထားနိုင်ကြသည်။

◾️ ပိုးမွှားနှင့် အပင်ရောဂါ ကာကွယ်နှိမ်နင်းမှုတွင် သီးနှံအားလုံးအတွက် အမြဲညွှန်ပြနေကြသည်မှာ ပေါင်းမြက်ရှင်းလင်းရေးဖြစ်ပါသည်။ ရှင်းလိုက်သော ပေါင်းမြက်တို့ကို ထောင်ချောက်အမှိုက်ပြုလုပ်ပြီး စုပုံထားကာ ရက်ကြာကြာမထားဘဲ တစ်ရက်၊ နှစ်ရက်ထားရှိ၍ နံနက်စောစောအချိန်တွင် အမှိုက်ကို မီးရှို့ခြင်းဖြင့် သီးနှံမစိုက်ခင် ကြိုတင်ကာကွယ်နှိမ်နင်းနိုင်ကြပါသည်။ စိုက်ခင်းတစ်ခင်းမှ တစ်ခင်းသို့ ကူးဖြတ်မသွားနိုင်ရန် စိုက်ခင်းဘေးပတ်လည်တွင် ရေမြောင်းတူးထားခြင်းဖြင့် ရေရရှိသောမြောင်းထဲ ပိုးလောက်ကောင်များ ကျရောက်ပြီး နံနက်စောစောတွင် ကောက်ယူဖျက်ဆီးခြင်းဖြင့် ကာကွယ်နှိမ်နင်း မှုကိုပဲစိုက်ခင်း၊ ဟင်းသီးဟင်းရွက်စိုက်ခင်း၊ စပါးစိုက်ခင်းများတွင် အဓိကဖျက်သောငမြှောင်တောင် ဖျက်ပိုးကို ထောင်ချောက်ရေမြောင်းတူး၍ ပြုလုပ်နိုင်ကြသည်။ ရေမြောင်းသည် အကျယ်နှစ်ပေ၊ အနက် တစ်ပေဖြင့် ပြုလုပ်နိုင်သည်။

◾️ ငမြှောင်တောင်ကဲ့သို့ ညနေ နေစောင်းချိန်မှ ညဘက်အထိ ထွက်လေ့ရှိသော ဖျက်ပိုးဖလံများကို ပိုးဖလံမျိုး မီးကိုတိုးဆိုသကဲ့သို့ မီးရောင်ထောင်ချောက်ဖြင့် ထိရောက်စွာနှိမ်နင်းနိုင်ကြပါသည်။ ငမြှောင်တောင်၊သီးထိုးပိုး၊ ပဲသီးစားပိုး၊ စပါးနှံစုပ်ပိုး၊ ဖြုတ်ပိုး၊ စပါးဆစ်ပိုး၊ ဥယျာဉ်ခြံသီးထိုးပိုး၊ ညထွက်ဖလံအမများကို မီးရောင်ဖြင့် ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်သည်။ ယခင်က ရေနံဆီ၊ ရေနံချေး မီးတုတ်များဖြင့် ညဘက်ထွန်းကြသော်လည်း ယခုအခါ ဆိုလာမီးအိမ်များနှင့် မီးအိမ်အောက် တွင်ပိုးကျသည့်အိတ်၊ ဆန်ခါတွဲလျက် လယ်ထဲ၊ ခြံထဲသုံးနိုင်သော ကိရိယာများရှိလာကြပြီ ဖြစ်ပါသည်။

Sources : ကိုရဲ (စိုက်ပျိုးရေး) The Farmer Media