menu

ပန်းဂေါ်ဖီစိမ်း စိုက်ပျိုးနည်း


🥦🥦🥦🥦🥦🥦🥦🥦🥦🥦

မြန်မာအမည် - ပန်းဂေါ်ဖီစိမ်း

အင်္ဂလိပ်အမည် - BROCCOLI

ရုက္ခဗေဒအမည် - Brassica oleracea(type itaica)

မျိုးရင်းအမည် - CRUCIFERAE

ပန်းဂေါ်ဖီစိမ်းသည် ၁၉၈၀ပြည့်နှစ်ခန့်မှစ၍ မြန်မာပြည်တွင်စိုက်ပျိုးလာသောမျိုးဖြစ်ပါသည်။ ပန်းဂေါ်ဖီ အစိမ်းသည် ပိုမိုနူးညံ့ပြီးဗီတာမင်ကေ ပါဝင်မှုအထူးများပြားပြီး နှလုံးသွေးကြောကျဉ်းရောဂါ၊ အစာအိမ် ကင်ဆာနှင့် ရင်သားကင်ဆာတို့ကို ပျောက်ကင်းစေနိုင်ပါသည်။

၁ ။ မူရင်းဒေသ

ပန်းဂေါ်ဖီစိမ်းသည် ပန်းဂေါ်ဖီအဖြူစတင်ဖြစ်ထွန်းရာ ဒေသများဖြစ်သော အီတလီနိုင်ငံ၊ အမေရိကန် နိုင်ငံတို့တွင် ၁၉၄၅ ခုနှစ်နောက်ပိုင်း ထုတ်လုပ်ရာမှ ကမ္ဘာတွင် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလာခြင်းဖြစ်သည်။ 

၂ ။ ပန်းဂေါ်ဖီစိမ်း အမျိုးအစား 

ပန်းဂေါ်ဖီစိမ်းတွင် အဓိကအားဖြင့် အစိမ်းရောင်ပန်းပွင့်နှင့် ခရမ်းနီရောင်ပန်းပွင့်ဟူ၍ နှစ်မျိုးရှိပါသည်။ ပန်းပွင့်၏အချင်းသည် (၈-၁၀) လက်မခန့်ရှိပြီး သက်တမ်း(၇၅-၉၀) ရက်ခန့်တွင် ဆွတ်ခူးနိုင်သည်။ ထူးခြားချက်မှာ ပန်းဂေါ်ဖီအဖြူကဲ့သို့ ထိပ်ပန်းပွင့်တစ်ခုတည်းကိုသာ စားသုံးရခြင်းမဟုတ်ဘဲ ဘေးတက်များမှ ဖြစ်ပေါ်လာသော ပန်းပွင့်များကိုပါ စားသုံးရခြင်းဖြစ်သည်။ ပန်းဂေါ်ဖီစိမ်းသည် ထိပ်ပန်းပွင့်ကို ဖြတ်ယူစားသုံးပြီးနောက် ထွက်လာသောဘေးတက်များမှာ ပန်းပွင့်များနှင့်အဆုံးသတ် လေ့ ရှိပါသည်။ သို့ဖြစ်၍ အေးမြခြောက်သွေ့သောဒေသများတွင် ပန်းဂေါ်ဖီစိမ်းပင်များကို အပင်သက်တမ်း (၁၁)လခန့်အထိ ကြာရှည်စွာ ခူးဆွတ်ရရှိနိုင်ပါသည်။ 

၃ ။ မြေအမျိုးအစား 

ရေစီးရေလာကောင်းသော မြေဆီဩဇာထက်သန်သည့် မြေမျိုးတွင်ကောင်းမွန်စွာဖြစ်ထွန်းနိုင်သည်။ အကောင်းဆုံးမြေမှာ သဲဆန်သောနုံးနုမြေဖြစ်သည်။ မြေအချဉ်အငံဓာတ် (၆-၆.၅) ရှိသောမြေမျိုးကို ကြိုက်နှစ်သက်သည်။ 

၄ ။ ရာသီဥတု 

ပန်းဂေါ်ဖီစိမ်းသည် ပန်းဂေါ်ဖီအဖြူကဲ့သို့ပင် အအေးကြိုက်သည်။ အေးပြီးအစိုဓာတ်အမြဲရလျှင် စိုက်နိုင်သည်။ ပျှမ်းမျှအပူချိန် (၆၀-၇၀) ဒီဂရီဖာရင်ဟိုက် ရှိရမည်။ 

၅ ။ မျိုးစေ့နှုန်း 

တစ်ဧကလျှင်မျိုးစေ့ပေါင်ဝက်ခန့်လိုပါသည်။ 

၆ ။ စိုက်ပျိုးချိန် 

မြေပြန့်ဒေသတွင် စက်တင်ဘာလမှဒီဇင်ဘာလအထိ စိုက်ပျိုးနိုင်၍ တောင်ပေါ်ဒေသတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။ 

၇ ။ ပျိုးထောင်ခြင်း 

အကျယ်အဝန်း (၁၀ပေ x ၂.၅ပေ) ဘောင်ကို ပေါက်ပြားဖြင့်မြေဆိုင်ခဲကလေးများရရန် ပြုပြင်ပေးရမည်။ မြေများစွာညက်လျှင် ရေလောင်းသောအခါ ကြပ်သိပ်သွားနိုင်သောကြောင့် လေဝင်လေထွက်မကောင်း ဘဲ အညှောင့်ပေါက်မှုညံ့လာ၏။ ပျိုးတစ်ဘောင်လျှင် မျိုးစေ့အောင်စဝက်ခန့်လိုပါသည်။ ပျိုးဘောင်ပေါ် တွင် မျိုးစေ့ကြဲရန် (၂)လက်မခြား မြောင်းများဆွဲပြီးမျိုးစေ့ကိုညီညာစွာချ၍ အပေါ်မှနွားချေးနှင့် မြေဆွေး မှုန့်ပါးပါးဖုံးအုပ်ပေးပါ။ ထို့နောက်ကောက်ရိုးခြောက်များပါးလွှာစွာထပ်မံဖုံးအုပ်ပေး၍ ရေရွှဲရွှဲလောင်းပေး ရမည်။ ဘောင်ပေါ်တွင် တစ်တောင်အမြင့်သက်ကယ်မိုးပေးရသည်။ (၃-၄)ရက် ကြာလျှင် အညှောင့် ပေါက်လာမည်။ (၁၂)ရက်ခန့်ကြာလျှင် တန်းကြား မြေဆွပေါင်းရှင်းခြင်းပြုလုပ်ပေးရသည်။ ပျိုးသက် (၂၀)ရက်ရလျှင် မြေဩဇာကို တစ်ဘောင်လျှင်ယူးရီးယား (၅)အောင်စ နှုန်းဖြင့် ရေဖျော်ပြီးဖျန်းပေးရပါမည်။ ၎င်းနောက်ရေဝအောင်လောင်းပေးပါ။

၈ ။ ပျိုးနှုတ်ခြင်း

စိုက်ခင်းသို့ပြောင်းရွှေ့စိုက်ပါက ညနေပိုင်း(၃)နာရီခန့်တွင် ပျိုးပင်များကိုအမြစ်မနာအောင်နုတ်ပြီး ပြောင်းရွှေ့စိုက်သင့်သည်။ အကယ်၍ပျိုးနုတ်နေစဉ် မိုးရွာနေပါက အမြစ်များကိုငှက်ပျောရွက်ဖြင့်ထုပ်ပြီး အမြစ်ခြောက်မသွားစေရန် အမှောင်ခန်းထဲတွင်ရေစိမ်ထားရသည်။ မိုးတိတ်မှစိုက်သင့်ပါသည်။ ထို့ကြောင့်ပျိုးနှုတ်မလောရန်သတိပြုရပါမည်။ 

၉ ။ စိုက်ခင်းမြေပြုပြင်ခြင်း 

ပျိုးဘောင်ပြုလုပ်ချိန်ကတည်းက စိုက်ခင်းကို ထယ်(၂)စပ်၊ ထွန်(၃)စပ်ဝင်၍ မြေပြုပြင်ထားရမည်။ ပေါင်းမြက်များ ပြောင်သည့်တိုင်ကောက်ယူပြီး ကြမ်းတုံးရိုက်ထားရမည်။ ထို့နောက်မိမိအလိုရှိသော အကွာအဝေးအတိုင်း ကြောင်းဆွဲခြင်း၊ ပေါက်ပြားဖြင့်မြေပြန်ဆွခြင်းတို့ကိုပြုလုပ်ပေးရပါမည်။ 

၁၀ ။ မြေဩဇာကျွေးခြင်း 

ပန်းဂေါ်ဖီစိမ်းပင်၏အမြစ်သည် မြေအောက်သို့များစွာမဆင်းသော အပင်မျိုးဖြစ်၍အာဟာရဓာတ် များစွာစားသုံးပါသည်။ ထို့ကြောင့်မြေဩဇာကို အောက်ပါအတိုင်းအသုံးပြုပေးရပါမည်။ မြေပြုပြင်ချိန်တွင် တစ်ဧကအတွက် နွားချေး(၄)တန်၊ ယူရီးယား(၇၀)ပေါင်၊ တီစူပါ(၁၀၀)ပေါင်၊ ပိုတက်ရှ်(၆၀)ပေါင်နှင့် ပဲဖတ်ရနိုင်ပါက (၆၀)ပေါင်တို့ကို ရောစပ်ထည့်သွင်းပေးရပါမည်။ 

ထို့နောက်..... 

ပထမအကြိမ် - ရွှေ့ပြောင်းစိုက်ပျိုးပြီး (၇-၁၀)ရက်ခန့်အကြာတွင် ယူရီးယား (၃၀)ပေါင်။ 

ဒုတိယအကြိမ် - ပထမအကြိမ်ထည့်ပြီး (၁၀-၁၅)ရက်ခန့်အကြာတွင် ယူရီးယား (၄၀)ပေါင်။ 

တတိယအကြိမ် - ရွှေ့ပြောင်းစိုက်ပြီး (၁)လခန့်အကြာတွင် ပိုတက်ရှ်(၃၀)ပေါင် ထည့်သွင်းပေးပါ။ 

၁၁ ။ ရွှေ့ပြောင်းစိုက်ပျိုးခြင်း 

ပျိုးသက်(၂၅-၃၀)ရက်ရလျှင် (သို့) အရွက်(၄-၅)ရွက် ထွက်လျှင် ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးချိန်မှာညနေ(၃)နာရီနောက်ပိုင်းဖြစ်သင့်ပါသည်။ တူရွင်းဖြင့်ကျင်းတူးပြီးကျင်းထဲရေလောင်း ထည့်ပေးပါ။ ၎င်းကိုရေခံသည်ဟုခေါ်ပါသည်။ ပျိုးပင်ကိုနုတ်ပြီး၎င်းကျင်းထဲသို့ တည့်မတ်စွာချ၍ အမြစ်ကိုမြေတွင်ဖိကပ်ပြီးအပေါ်မှမြေဖုံးပေးရသည်။ သေသောအပင်များကို(၄-၅)ရက်အတွင်း ပြန်ဖြည့်ပေးရမည်။ ထိုထက်နောက်ကျလျှင်မူလအပင်ကိုမမီတော့ပေ။ ရွှေ့စိုက်ပြီးတစ်လသားအထိ ပုရစ်ဖျက်စီးမှုကို ဂရုစိုက်ရမည်။ 

၁၂ ။ ပင်ကြားတန်းကြားအကွာအဝေး 

တစ်ပင်နှင့်တစ်ပင် (၁.၅ - ၂)ပေခြား၊ တစ်တန်းနှင့်တစ်တန်း (၂ - ၂.၅)ပေ ခြားထားပြီး စိုက်ပျိုးနိုင်ပါသည်။ ရွှေ့စိုက်ပြီး (၁၀-၁၅)ရက်ရလျှင် ခါးရစ်ခြင်း၊ ခါးဆွခြင်းကို ပြုလုပ်ပေးရသည်။ 

၁၃ ။ အပင်ပြုစုခြင်း 

ပန်းဂေါ်ဖီစိမ်းပင်သည် အမြစ်မြေအောက်သို့များစွာမသွားဘဲ အများအားဖြင့်(၁.၅ - ၂)ပေမှ အမြစ်များက အစာရေစာစားသုံးပါသည်။ ထို့ကြောင့်ကြားပေါင်းနက်နက်လိုက်ရန်မလိုပေ။ မြေဩဇာများထည့်ပေးပြီး တိုင်း ကြားပေါင်းလိုက်ခြင်းဖြင့် ဓာတ်မြေဩဇာနှင့် မြေသား သမသွားစေပါသည်။ ရေကို လိုအပ်ချက် အရ တစ်ပတ်(သို့)နှစ်ပတ် တစ်ကြိမ်သွင်းပေးရန်လိုအပ်ပါသည်။ 

ရွှေ့စိုက်ပြီး(၃၀)ရက်အကြာတွင်တစ်ကြိမ်၊ (၄၅)ရက်အကြာတွင်တစ်ကြိမ် ဘေးတက်ဖဲ့ပေးရပါမည်။ ထိပ်ဖူးစတင်ချိန်တွင်မူထွက်ရှိနေသောဘေးတက်များကိုမဖဲ့ရပါ။ ၎င်းတို့ကိုဆက်လက်ထားရှိခြင်းဖြင့် ထိပ်ပိုင်းရှိပန်းပွင့်ဆွတ်ခူးပြီး (၂)ပတ်ခန့်အကြာတွင် ဘေးတက်များမှ ပန်းပွင့်များကိုဆွတ်ခူးနိုင်သည်။ ရာသီဥတုအေးမြ၍ မြေဆီထက်သန်သောမြေများတွင် ဘေးတက်မှထွက်သောပန်းပွင့်သည်ထိပ်ပိုင်းမှ ပွင့်သောပန်းပွင့်နီးပါးကြီးနိုင်၍ တစ်ပတ်လျှင်ဘေးတက် (၂၀)ခန့်ထွက်ရှိနိုင်သည်။ ဘေးတက်များသည် အပင်အသက်ရှင်နေစဉ်ကာလ၌ စဉ်ဆက်မပြတ်ထွက်ပေါ်နိုင်သည်။ 

၁၄ ။ ဆွတ်ခူးခြင်း 

အဖူးတင်းမာနေသောအချိန်၊ မပွင့်မီအချိန်တွင် ရိတ်သိမ်းနိုင်သည်။ သက်တမ်းလိုက်၍ ရိတ်သိမ်းနိုင် သည်။ သက်တမ်းလိုက်၍ ရွှေ့စိုက်ပြီး(၂-၂လခွဲ) ခန့်ကြာလျှင် ပန်းပွင့်ကိုစတင်ခုတ်နိုင်ပါသည်။ အဝေးသို့တင်ပို့လိုပါက အရွက် (၂-၃)ရွက် ချန်ထား၍ ခုတ်ရပါသည်။ အချိန်မှီမခုတ်ပါက ပန်းပွင့်အရောင် ပြောင်းသွားပြီး ပန်းပွင့်ရိုးတံများထွက်လာတတ်ပါသည်။ ပန်းပွင့်ရိုးတံကို(၄)လက်မခန့်အရှည်ထားပြီး ပလပ်စတစ်ဖြင့်တစ်ပွင့်လုံးအုပ်လိုက်ခြင်းဖြင့် ကြာရှည်ခံနိုင်သည်။ တစ်ဧကလျှင် ပန်းဂေါ်ဖီစိမ်းမျိုး လိုက်၍ တန်ချိန် (၅-၈)တန် ထွက်ရှိနိုင်ပါသည်။ 

Sources : ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း