menu

သံပုရာ စိုက်ပျိုးနည်းစနစ်


🍃🍋🍃🍋🍃🍋🍃🍋🍃🍋🍃

🔸သံပုရာသည် နှစ်ရှည်သီးပင်ဖြစ်၍ စိုက်ပျိုးသူ၏ ရည်ရွယ်ချက်မှာ စိုက်ခင်းတွင်ရာခိုင်နှုန်းများများသီးရန်၊ တစ်ပင်ချင်းအလိုက် အသီးများများတင်ရန်၊ တင်သောအသီးနှံများအရောင်အဆင်း၊ အနံ့အရသာ၊ အရွယ် အစားကောင်းစေရန် အဓိကဖြစ်ပါသည်။

🔸သို့ဖြစ်ပါ၍ သိပ္ပံနည်းကျစနစ် (၄)မျိုးဖြစ်သော .....

 (၁)မျိုးကောင်း၊ မျိုးသန့်ရွေးချယ်စိုက်ပျိုးရန် 

 (၂)စိုက်ပျိုးရေးစနစ်မှန်ကန်စွာ စိုက်ပျိုးရန် 

 (၃) မြေသြဇာစနစ်တကျသုံးစွဲရန်နှင့် 

 (၄) ပိုးမွှားရောဂါစနစ်တကျကာကွယ်ရန် လိုအပ်ပါသည်။

၁။ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်း
--------------------------------------
မြန်မာနိုင်ငံတွင် သံပုရာမျိုးပေါင်းများစွာရှိရာ ဒေသရေေမြရာသီဥတုနှင့်ကိုက်ညီသည့်မျိုးကိုရွေးချယ် စိုက်ပျိုးရန်ဖြစ်ပါသည်။

သံပုရာမျိုးများမှာ .....

၁။ မြန်မာ့သံပုရာ (၃) မျိုး

၂။ ဟော်လန်သံပုရာ (၂)မျိုး

၃။ မလေးရှားသံပုရာ (၂)မျိုး

၄။ အီတလီသံပုရာ (၁)မျိုး

၅။ အမေရိကန်သံပုရာ (၁)မျိုး

၆။ အင်ဒိုနီးရှားသံပုရှာ (၁)မျိုး ရှိပါသည်။

(၁) မြန်မာ့သံပုရာမျိုးများသည် ရေေမြရာသီဥတုအပေါ်မူတည်ပြီး ဖြစ်ထွန်းအောင်မြင်သီးပွင့်ပါသည်။ အထူးသဖြင့် တော၊ တောင်၊ စိမ့်စမ်းရှိသော ဒေသကို နှစ်သက်သည်။

(၂) ဟော်လန်မျိုးမှာမူ မြန်မာသံပုရာနှင့် နှိုင်းယှဉ်လျှင် မြန်မာပြည်အနှံ့ စိုက်ပျိုးနိုင်သည်။

(၃) အီတလီမျိုးမှာ နေရာအနှံ့ စိုက်ပျိုးဖြစ်ထွန်းသော်လည်း အထူးသဖြင့် မိုးများသောဒေသကို ကြိုက်နှစ်သက်သည်။ သီးအားနည်း၍ စီးပွားဖြစ် (ရည်ရွယ်ချက်) ကိုက်ညီမှုမရှိပါ။

(၄) အမေရိကန်မျိုးမှာလည်း ရာသီဥတုပေါ်မူတည်၍ ဖြစ်ထွန်းမှုဖြစ်ပြီး သီးအားလည်းနည်းပါးသည်။

(၅) မလေးရှာမျိုးမှာ နေရာမရွေးစိုက်ပျိုးနိုင်သော်လည်း မိုးများသောဒေသကို နှစ်သက်ပြီး သီးအား လည်းနည်းပါးသည်။

(၆) အင်ဒိုနီးရှားမျိုးမှာ နောက်ဆုံးရွေးချယ်ရရှိသည့်မျိုးဖြစ်ပြီး အထက်ပါသံပုရာမျိုးများထက် သီးအားကောင်းခြင်း၊ ရေ‌မြေရာသီဥတုမရွေးစိုက်ပျိုးနိုင်ခြင်း၊ အသီးအထားခံခြင်း၊ အစေ့မရှိခြင်း၊ အရည်ရွှမ်းခြင်းနှင့် မြန်မာပြည်အနှံ့အပြား စိုက်ပျိုးဖြစ်ထွန်းအောင်မြင်သည်ကို သိရှိရ၍ အခြားမျိုးများထက် မျိုးကောင်း၊ မျိုးစေ့ဖြစ်ပါသည်။

၂။ စနစ်တကျစိုက်ပျိုးခြင်း
-----------------------
သံပုရာ တစ်ပင်နှင့် တစ်ပင် တစ်တန်းနှင့် တစ်တန်း (၁၂)ပေပတ်လည်သော် လည်းကောင်း၊ (၁၅)ပေတန်းနှင့် တစ်ပင်နှင့်တစ်ပင် (၁၀)ပေခြားသော်လည်းကောင်း ပန္နရိုက်စိုက်ပျိုးနိုင်သည်။ စိုက်ကျင်းကို (၂ x ၂ x ၂) ၂ပေပတ်လည် တူးပြီး၊ နွားချေးဆွေးနှင့် အပေါ်ယံမြေ (၁/၃)ပုံ (မြေမပြည့်သေး ပါက ၄င်းကျင်းပတ်လည်မှ အပေါ်ယံမြေ (Top Soil) )ကိုလွှာယူပြီး ပြည့်သည်အထိ ထည့်မွှေပါ။ (မြေဆွေးများမထည့်မီ စိုက်ကျင်းကို မီးသင်းပေးပါက ပိုးမွှားရောဂါသက်သာပြီးအပင်ပိုမိုဖြစ်ထွန်း စေပါသည်)။

သမပြီးသောစိုက်ကျင်းတွင် မစိုက်မီရေလောင်းပြီး တစ်ပတ်ခန့်မြေနှိပ်ထားရန်လိုပါသည်။ (ကျင်းတွင် လည်း ဓာတ်မြေသြဇာ N.P.K အချိုးတူရောစပ်ပြီး တစ်ကျင်းလျှင် နို့ဆီ (၁/၂)ဗူးထည့်ပေးပါက အပင်အထမြန်နိုင်သည်)။ အပင်ကိုစိုက်ကျင်းတွင်စိုက်ပျိုးသောအခါ မိုးဒဏ်၊ လေဒဏ်၊ တိရစ္ဆာန်ဒဏ် မှ ကာကွယ်ရန် တိုက်ငုတ်တစ်ခုစိုက်၍ အပင်မလှုပ်ရန် ချည်နှောင်ထားရန်လိုပါသည်။ စိုက်ပျိုးထားသော သံပုရာပင်များကိုလည်း (၂)လခန့် အနည်းဆုံး ပေါင်းရှင်းခြင်းကိုရှောင်ပါ။

စိုက်ပင်များရွက်နုထွက်လာသောအခါ ပိုးမွှားရောဂါကျတတ်၍ ကြိုတင်ပြီး တစ်လတစ်ကြိမ် (သို့) နှစ်ကြိမ်ဆေးဖျန်းပေးရန်လိုပါ သည်။ စိုက်ပျိုးပြီး (၆)လခန့်ကြာသောအခါ ဒုတိယအကြိမ်အစာကျွေး ခြင်း၊ မြေဆွခြင်းများ ပြုလုပ်ရပါသည်။ မြန်မာနိုင်ငံအနေဖြင့် သင့်တော်သော စိုက်ချိန်မှာ ဇွန်လနှင့် ဇူလိုင်လဖြစ်သော်လည်း ရေပေးနိုင်ပါက တစ်နှစ်ပတ်လည်စိုက်နိုင်ပါသည်။ တစ်ဧကလျှင် အပင် (၃၀၀)စိုက်ပျိုးနိုင်သည့်အတွက် လိုအပ်သောပျိုးပင်များ၊ လိုအပ်သောေမြသြဇာများကို မစိုက်ပျိုးမည် ကြိုတင် စုဆောင်းထားရန် လိုအပ်ပါသည်။

၃။ မြေသြဇာစနစ်တကျကျွေးခြင်း
------------------------------
သံပုရာစိုက်ပျိုးရာတွင် မြေသြဇာကို စနစ်တကျ ထည့်ကျွေးရန်အရေးကြီးပါသည်။ သံပုရာစိုက်ရာတွင် (၂ x ၂ x ၂)ပေ ကျင်းတစ်ကျင်းတွင် နွားချေး (သို့မဟုတ်) ကြက်ချေး(၁/၂)တင်း နှင့် အပေါ်ယံမြေရောပြီး သမအောင်မွှေပြီးစိုက်ရန်နှင့် နောက်(၆)လခန့် ကြာသောအခါ ဒုတိယအကြိမ် နွားချေး(၁/၂)တင်းမှ (၁)တင်း ထည့်ပါ။ နောက် မြေသြဇာ N.P.K (1:2:1)အချိုး နို့ဆီ(၁/၂)ဗူး ရောထည့်ကျွေးပြီး ရေကို စနစ်တကျလောင်းပေးရန်လိုပါသည်။ မြေသြဇာကို အပင်၏ ကြီးထွားမှုအပေါ်မူတည်၍ အနည်းအများချိန်ကျွေးရန်လိုအပ်ပါသည်။ (တန်လျှင်ဆေး၊ လွန်လျှင်ဘေးကြောင့်ဓာတ်မြေသြဇာကို စနစ်တကျထည့်ရန်လိုပါသည်)။ 

၄။ ပိုးမွှားရောဂါစနစ်တကျကာကွယ်ခြင်း 
------------------------------------
သံပုရာစိုက်ပျိုးရေးတွင် မစိုက်ပျိုးမီ စိုက်ကျင်းများကို မီးရှို့ပေးခြင်း၊ စိုက်ကျင်းတွင် မြေအောင်းပိုးများ မရှိအောင် “ဒီပါ (သို့မဟုတ်) ဖစ်ပရို” ဆေးခဲတစ်မျိုးမျိုးထည့်ပေးခြင်းပြုလုပ်ရန်လိုအပ်ပါသည်။ သံပုရာပင်များကိုရွက်စားပိုး၊ မီလီဂျပိုး(ဒက်ပိုးတု)၊ ပင်စည်ထိုးပိုးများ ကျတတ်၍ ကာကွယ်နှိမ်နင်းရန် “အီမာလန်ဒါ၊ရော့ကက်၊ အက်စ်ဖိတ်၊ ရယ်ဒီ၊ သူရိယ” ပိုးသတ်ဆေးများဆောင်ထားရန်လိုအပ်ပါသည်။ ရောဂါအနေဖြင့် ထူးထူးခြားခြားမတွေ့ရပါ။ မှိုရောဂါများတွေ့ရှိပါက “ကျူပရိုမက်စ်၊ ကာဗာ၊ ဒိုင်ဇီ” စသည့်ဆေးများဖြင့် ကာကွယ်နိုင်ပါသည်။ 

🍋စစ်မှန် ပြည့်ဝ ဝိစာရ🍋 

Sources : ကိုရဲ(စိုက်ပျိုးရေး)