menu

စိုက်ပျိုးရေးဆေးများ အချင်းချင်း ရောစပ် ဖျန်းသင့် / မဖျန်းသင့်……။

အရှင်းဆုံး ပြောရရင်တော့.. ဘာမှမသိရင် ဘာနဲ့မှရောစပ်မဖျန်းသင့်ဘူးလို့ ပြောရမှာပါဘဲ.. သိရင်တော့ ဘာနဲ့ပဲရောစပ်ဖျန်းဖျန်း ဘာမှပြဿနာမရှိပါဘူး..  

ပိုးသတ်ဆေး.. မှိုသတ်ဆေး.. အရွက်ဖျန်းမြေသြဇာ.. ဟော်မုန်းအားဆေး.. ပေါင်းသတ်ဆေး.. ဘယ်ဆေးကို ဘယ်ဆေးနဲ့ ရောစပ်မဖျန်းရဘူးဆိုတဲ့ ပုံသေသတ်မှတ်ချက် မရှိပါဘူး..

ရောစပ်ဖျန်းချင်တဲ့ ဆေးတွေထဲမှာပါဝင်တဲ့ အစွမ်းရှိပစ္စည်း Active Ingredients (AI)တွေအကြောင်း ဂဃနဏမသိရင်ဖြစ်စေ.. AIတွေအချင်းချင်း သဟဇာတဖြစ်/မဖြစ် မသိရင်ဖြစ်စေ.. AIတစ်မျိုးကြောင့် အပင်မှာဖြစ်ပေါ်လာမဲ့ အကျိုးဆက်(Sign & Symptom)တွေဟာ ရောစပ်ဖျန်းမဲ့ အခြားAIဆောင်ရွက်ရမဲ့ လုပ်ငန်းအတွက် အနှောက်အယှက်ဖြစ်/မဖြစ်မသိရင်ဖြစ်စေ..ရောစပ်တွဲဖက် မဖျန်းသင့်ပါဘူး..  

အထက်ကအကြောင်းအရာတွေကို ဂဃနဏသိတယ်ဆိုရင်တော့ ရောစပ်ဖျန်းနိုင်ပါတယ်..  

ပိုးသတ်ဆေးအများစုဟာ အငံဓာတ်အခြေအနေရှိတဲ့ ဓာတ်ပစ္စည်းတွေနဲ့ ထိတွေ့ခဲ့ရင် အာနိသင်လျော့နည်းခြင်း.. အာနိသင်ပျက်ပြယ်ခြင်းတွေ ဖြစ်တတ်ပါတယ်.. အဲဒါကြောင့်.. အငံဓာတ်ကဲတဲ့ ဘော်ဒိုမစ်ချာလို.. လိုင်းဆာလ်ဖာလို.. မှိုသတ်ဆေးတွေနဲ့ ရောစပ်ပက်ဖျန်းခြင်း မပြုလုပ်သင့်ပါဘူး.. ဒီလိုပါဘဲ.. ပိုတက်စီယမ်.. ဆိုဒီယမ်စတဲ့ ဓာတ်ဆားတွေများများပါဝင်ပြီး အငံဓာတ်လွန်ကဲတဲ့ အရွက်ဖျန်းမြေသြဇာတွေနဲ့လဲ ရောစပ်ပက်ဖျန်းခြင်း မပြုလုပ်သင့်ပါဘူး..  

နောက်ပြီး.. အပင်ကိုစားသောက်ဖျက်ဆီးတဲ့ ဖျက်ပိုးတွေဟာ အပင်ရဲ့ရွှမ်းစိုနုထွတ်တဲ့ အခြေအနေကို အလွန်ကြိုက်နှစ်သက်ပါတယ်.. ဒါကြောင့် ပိုးသတ်ဆေးကို ရွက်ဖျန်းမြေသြဇာ.. ဟော်မုန်းလို အပင်အားဆေးတွေနဲ့ ရောစပ်ပက်ဖျန်းမယ်ဆိုရင် နှိမ်နင်းတဲ့လုပ်ငန်းကို အားပေးတဲ့လုပ်ငန်းနဲ့ တွဲဖက်လုပ်ကိုင်သလို ဖြစ်နေတတ်ပါတယ်..  

ပိုးသတ်ဆေးဖျန်းပြီးလို့ ပိုးမွှားကင်းစင်သွားပြီဆိုရင်တော့ ပိုးတွေစားသောက်ဖျက်ဆီးလို့ ကျန်နေခဲ့တဲ့ အပင်ရဲ့အနာအဆာပျက်စီးမှုတွေကို အားသစ်လောင်းပြီး ပြန်လည်ဖြည့်ဆည်းဖို့ရာ အားဆေးတွေကို ဖျန်းပေးကြရမှာ ဖြစ်ပါတယ်..  

ဒီလိုပါဘဲ.. အပင်ရောဂါဖြစ်စေတဲ့ ရောဂါပိုးတွေဟာလဲ အပင်ရဲ့ရွှမ်းစိုနုထွတ်မှုကို ကြိုက်နှစ်သက်တဲ့အတွက် အပင်ရောဂါသတ်ဆေးများနဲ့ အပင်အားဆေးတွေကို အတူရောစပ်မပက်ဖျန်းသင့်ပါဘူး..  

ဒါ့အပြင်.. အပင်ဟော်မုန်းအများစုဟာ အက်စစ်ပုံစံ ရှိကြတာမို့ အချဉ်ဓာတ်ကဲတဲ့အတွက် ဆာလ်ဖာပိုးသတ်ဆေးတွေ.. ကောပါးမှိုသတ်ဆေးတွေနဲ့ ရောစပ်ပက်ဖျန်းရင် အနယ်အနှစ်တွေကျလာနိုင်တာကို သတိပြုရမှာ ဖြစ်ပါတယ်.. ဆေးအာနိသင်လျော့နည်းတာ အာနိသင်ပျက်ပြယ်တာနောက်ထား .. အနယ်အနှစ်တွေကြောင့် ဆေးဖျန်းခေါင်းတွေပိတ်ပြီး ဒုက္ခရောက်မှာကတော့ သေချာပေါက်ဖြစ်ပါတယ်..  

ပေါင်းသတ်ဆေးကတော့ ရှင်းပါတယ်.. ပေါင်းသတ်ဆေးတွေဟာ ဟော်မုန်းအာနိသင်နဲ့ အပင်ဆဲလ်တွေကို အဆမတန်ကြီးထွားစေပြီး ပေါက်ကွဲသေစေတာမို့ အားဆေးတွေနဲ့တွဲဖက်ဖျန်းလဲ အာနိသင်ပိုပြီး တိုးတက်စေပါတယ်..ဒါကြောင့်လဲ တောင်သူတွေ ပေါင်းသတ်ဆေးဖျန်းရင် ယူရီးယား(ပုလဲ)မြေဆီ ထည့်ဖျန်းနေကြတာ ဖြစ်ပါတယ်.. ဒါပေမဲ့ ပေါင်းသတ်ဆေးနဲ့ ပိုး/ရောဂါသတ်ဆေးနဲ့ အားဆေးများဟာ ဦးစားပေးဆေးဖျန်းမှု၊ ရည်ရွယ်ချက်လားရာ မတူတဲ့အချက်ကိုလဲ သတိထားရမှာ ဖြစ်ပါတယ်.. ပိုး/ရောဂါသတ်ဆေးနဲ့ အားဆေးများဟာ ပေါင်းပင်များကိုရှောင်ပြီး သီးနှံပင်ကိုဦးစားပေး ပက်ဖျန်းရတာဖြစ်ပြီး ပေါင်းသတ်ဆေးကတော့ တတ်နိုင်သမျှ သီးနှံပင်ကိုရှောင်ပြီး ပေါင်းပင်ကိုဦးစားပေး ပက်ဖျန်းရတာဖြစ်ပါတယ်.. ဒါကြောင့် ရည်ရွယ်ချက်နဲ့လားရာမတူတဲ့ဆေးများကို ရောစပ်ပက်ဖျန်းပါက ဆေးရည်ပိုမိုကုန်ကျခြင်း၊ အာနိသင်လျော့နည်းခြင်း၊ အပင်လောင်ကျွမ်းခြင်းများ ဖြစ်ပေါ်စေနိုင်ပါတယ်..  

ဒါကတော့.. စဉ်းစားရမဲ့ အချက်တွေကို တွေးမိသမျှ ရေးပြခြင်းဖြစ်ပါတယ်.. ကျန်နေအုံးမဲ့ လိုအပ်တဲ့အချက်တွေကိုလဲ တတ်သိနားလည်သူများ ဖြည့်စွက်ပေးစေလိုပါတယ်..  

တွဲဖက်မဖျန်းသင့်တဲ့ဆေးတွေကို ပညာရှင်တွေက ဇယားတွေ ဒိုင်ယာဂရမ်တွေနဲ့ ယေဘူယျဖော်ပြထား တာတွေလဲရှိပါတယ်… ဒါပေမဲ့…စိုက်ပျိုးရေးမှာ တစ်နဲ့နှစ်ပေါင်း သုံးဆိုတဲ့ ပုံသေသီအိုရီမရှိပဲ အရာရာကို တတ်သိနားလည်အောင်ကြိုးစားလေ့လာပြီး အခြေအနေအရပ်ရပ်ကို ခြုံငုံစဉ်းစား ဆုံးဖြတ်မှ အမှန်တရားနဲ့နီးစပ်မယ်ဆိုတာ မဖြစ်မနေ သိရှိထားရပါမယ်…  

အချုပ်ပြောရမယ်ဆိုရင်တော့..  

ဆေးအကြောင်းဘာမှ ဂဃနဏမသိရင် ရောစပ်မဖျန်းပဲ သီးသန့်သီးခြားစီ ခွဲခြားပက်ဖျန်းနိုင်ရင် အကောင်းဆုံးပါဘဲ.. စိုက်ဧရိယာများပြားလို့ လုပ်အားမနိုင်ရင်ဖြစ်စေ.. ခွဲခြားဖျန်းဖို့အချိန်မပေးနိုင်ရင်ဖြစ်စေ.. ရောစပ်ပက်ဖျန်းမယ်ဆိုရင်တော့ တတ်သိနားလည်သူကို မေးမြန်းလေ့လာပြီးမှ ဆောင်ရွက်သင့်ကြပါတယ်…  

ဒီလိုမှမဟုတ်ပဲ… မိမိကိုယ်တိုင်စမ်းသပ်ပြီး ရောစပ်အသုံးပြု ချင် တယ်ဆိုရင်တော့… ဖန်ပုလင်းကြည်တစ်ခုမှာ ရောစပ်ပက်ဖျန်းချင်တဲ့ ဆေး(၂)မျိုး သို့မဟုတ်.…(၂)မျိုးထက်ပိုလို့ ရေနှင့်အတူ ရောစပ်ကြည့်ပြီး အနယ်အနှစ်များ ကျလာခြင်း၊ အရည်နှစ်လွှာ သုံးလွှာကွဲခြင်း၊ ရေတွင် ပျော်ဝင်ပျံ့နှံ့မှုနည်းခြင်း၊ အမြှုပ်များ အလွန်အမင်းထွက်ခြင်းစသည်များရှိပါက ရောစပ်မပက်ဖျန်းသင့်ဘဲ ရေနှင့်ရောစပ်ကြည့်၍ အထက်ပါ အခြေအနေ ဖြစ်ပျက်မှုများ ဖြစ်ပေါ်ခြင်းမရှိပါက ရောစပ်ပက်ဖျန်းနိုင်တာကို သိရှိနိုင်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။ ။

Than Win Agri