menu

စိုက်ပျိုးမြေကို စနစ်တကျ စိုက်ပျိုးထုတ်လုပ်ခြင်း (၂)

🌾🍎🌿🌶🍃🌽🎋🍈🍀🥦🍂  

🔘သီးနှံစိုက်ပျိုးထုတ်လုပ်ရေးမှာ စိုက်ပျိုးမြေကို ပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်ဖို့ လိုပါတယ်။မြေကြီးမပျက်စီးဘဲ မြေကို စိုက်ပျိုးမှုဖြင့်နှစ်စဉ်နှစ်စဉ် ကောင်းလာအောင် စနစ်တကျသီးထပ်၊ သီးညှပ်စိုက်ပျိုးကြသင့်ပါ တယ်။ လယ်မြေတွေရှိသလို ယာမြေတွေလည်း ရှိတယ်။ မိုးရွာမှ မိုးရေနဲ့ စိုက်ကြရတဲ့ အညာနဲ့ မြေလတ် ဒေသ၊ အပူပိုင်းဒေသ၊ မိုးရွာမှုနည်းတဲ့ မိုးနည်းဒေသတွေက ယာခင်းတွေဟာ သီးလှည့်စိုက်တာ အဓိက ပြုလုပ်ကြရတယ်။

🔘သီးလှည့် (အလှည့်ကျသီးနှံစိုက်တယ်) စိုက်တာက မြေတစ်ကွက်ပေါ်မှာ တစ်နှစ်နဲ့တစ်နှစ် မတူတဲ့ သီးနှံပြောင်းလဲစိုက်ပျိုးတာကို ခေါ်ကြပါတယ်။ မိုးခေါင်ရေရှားက ယာမြေတွေမှာ အများဆုံးကျင့်သုံးတဲ့စနစ်ပါ။ နေရာဒေသတိုင်းမှာတော့ဒီစနစ် မပြုလုပ်နိုင်ကြပါဘူး။ သီးနှံအလှည့်ကျစိုက်တာရဲ့ ရည်ရွယ်ချက်က မြေမပျက်အောင်၊ မြေဆီထိန်းဖို့၊ စိုက်တဲ့သီးနှံကလည်း တစ်နှစ်နဲ့တစ်နှစ် မတူကြတော့ မြေပြုပြင်ပေးရတာလည်း မတူကြဘူး။ ဒါကိုက မြေကို ပိုကောင်းအောင် ထိန်းပေးနိုင်တာဖြစ်တယ်။  

🔘တချို့အပင်က အမြစ်ရှည်တယ်။ မြေထဲနက်နက်ဆင်းတယ်။ တချို့အပင်က မြေကြီးအပေါ်လွှာနားမှာပဲ ကပ်ပြီးဖြာထွက်တယ်။ ဒါ့ပြင် တစ်နှစ်နဲ့တစ်နှစ် သီးနှံမတူတာ စိုက်ကြတော့ ကျတဲ့ပိုးမွှားနဲ့ ရောဂါလည်း မတူတတ်ကြတာများတယ်။ သီးနှံတစ်မျိုးတည်းတူတာ ဆက်တိုက်စိုက်ရင် ပိုးမွှားတွေ အသက် ဆက်နိုင်တယ်။ ရောဂါတွေလည်း ဆက်တိုက်ကျနိုင်တယ်။ ဒါတွေကို ဒီစနစ်က မျိုးဆက်ပြတ်အောင် ဖြတ်လိုက်သလို ဖြစ်သွားတော့ ကောင်းတယ်။ဒါ့ပြင် ပေါင်းမြက်ပေါက်တာတွေ၊ ဓာတ်မြေသြဇာ ဖြည့်ပေးတာတွေလည်း မတူတော့ကောင်းတယ်။  

🔘ဟိုတုန်းကာလက အညာက ယာမြေတွေမှာ မိုးဦးမှာ ရွာတဲ့ မိုးရေနဲ့ဝါကြီး၊ ဝါကလေး စိုက်ကြတယ်။ မိုးနှောင်းကျ ဘာမှမစိုက်ကြဘဲ မြေလှပ်ပြီး အနားပေးထားတယ်။ နောက်နှစ်ကျတော့ အဲဒီယာခင်းမှာ မိုးဦးနှမ်းစိုက်တယ်။ မိုးနှောင်းပဲ တစ်မျိုးမျိုးစိုက်တယ်။ နှစ်သီးရတယ်။ တချို့ကျတော့ မိုးဦးမှာ မြေပဲ စိုက်တယ်။ မြေပဲချည်းစိုက်တာမဟုတ်ဘူး။ မြေပဲနဲ့ ပဲစင်းငုံသီးညှပ် ရောစိုက်တယ်။ ပဲစင်းငုံကတော့ မိုးမရွာလည်း အထိုက်အလျောက်တော့ ရမှာပဲ။ပဲစင်းငုံစိုက်တော့ မြေလည်းကောင်းတယ်။ ထင်းလည်း ပဲစင်းငုံပင်စည်ရိုးကရတယ်။  

🔘ပျဉ်းမနားဘက်ကျတော့ သီးလှည့်စနစ်ကတစ်မျိုးတွေ့လာရတယ်။ ပထမနှစ် စပါးစိုက်တယ်။ တစ်သီးပဲ စိုက်တယ်။ ဒီနေရာမှာ ဒုတိယနှစ်ကျတော့ မိုးဦးနှမ်းစိုက်တယ်။မိုးနှောင်းကြံစိုက်တယ်။ တစ်နှစ်မှာ နှစ်သီးလှည့်ပြီး တတိယနှစ်မှာကျတော့ ကြံကိုလမိုင်း (ဒုတိယနှစ်) ခုတ်ပြီး ကြံပင်အတက်ပြုစုပြီး ဆက်ထားတယ်။ စတုတ္ထနှစ်ကျတော့ ကြံလမိုင်းဖျက်ပြီး စပါးကို ပြန်လှည့်ပြီး စိုက်တယ်။  

🔘မြေလှပ်ထားမှုမျိုးကတော့ မြေကြီးတစ်ကွက်ပေါ်မှာ ဆက်တိုက်ဆက်တိုက် နှစ်စဉ်စိုက်ပျိုးလာပြီး မြေသြဇာကုန်ခန်းလာတတ်တဲ့ တောင်ယာတွေမှာ ပြုလုပ်ကြပြီး မြေလှပ်ကာ နှစ်အတန်ကြာမှ အဲဒီလှပ်တဲ့မြေကို ပြန်လည်စိုက်ပျိုးတာမျိုးပါ။ အညာဒေသ ယာခင်းတွေမှာ မိုးဦးမှာ ဝါကြီး၊ဝါကလေးစိုက်ပြီး မိုးနှောင်းမှာ ဘာမှမစိုက်ပျိုးဘဲ မြေလှပ်တယ်လို့ ရှေ့ပိုင်းမှာ ရေးခဲ့တယ်။ ယာမြေတွေကမြေညံ့တွေ များတော့လှပ်ချင်လို့ လှပ်တာမဟုတ်ဘူး။ လှပ်ထားတဲ့မြေကွက်ကို နွားခြံလုပ်ပြီး နွားချေးမြေသြဇာ ရအောင် လုပ်လိုက်ကြတာပဲ။ ပြီးရင် နွားခြံဖျက်ပြီး ယာခင်းပြန်လုပ်တော့သီးနှံထွက်ကောင်းလာရော။

🔘မြန်မာနိုင်ငံ အောက်ပိုင်းဒေသ ရော်ဘာ၊ ဆီအုန်းစိုက်ခင်းတွေမှာ ကြားသီးနှံတွေစိုက်တာမျိုးက နှစ်သက်တမ်းရှည်အပင်က ငါးနှစ်လောက်ကြာမှ ဝင်ငွေရနိုင်တာကို ကြားကာလဝင်ငွေရအောင် ရာသီသီးနှံ (တစ်နှစ်နဲ့ ငွေရတာ) နာနတ်၊ ပီလောပီနံနဲ့ ဟင်းသီးဟင်းရွက်တို့ကိုလည်းသီးညှပ်စိုက်ကြတယ်။ အပိုဝင်ငွေရအောင်စိုက်တာမျိုးဖြစ်တယ်။  

🔘မြေကို အအားမထားဘဲ မနားတမ်းစိုက်ကြတဲ့စိုက်ခင်းတွေ ကတော့ သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာ တွေကို လျော့သွားတဲ့ မြေအာဟာရဓာတ်တွေ အမြဲပြန်ဖြည့်ထည့်ပေးရတယ်။ ဒါမျိုးကတော့ ရာသီသီးနှံတွေထဲမှာ အချိန်တိုတိုနဲ့စိုက်ပြီး သိမ်းနိုင်တဲ့ ဟင်းသီးဟင်းရွက်အပင်တွေ စိုက်ကြတာများပါတယ်။ အများဆုံးတွေ့မြင်ရတာကတော့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေရဲ့ အနီးပတ်ဝန်းကျင်တွေပါပဲ။ သယ်ယူရတဲ့စရိတ်ရော၊ ဖြုန်းအားရောကောင်းလို့ နှစ်စဉ် စိုက်ခင်းတွေတိုးတိုးလာတာပါပဲ။အခုတော့ နေရာဒေသတော်တော်များများမှာ ဒီလိုမြေအားမထားဘဲ စိုက်တာတွေအများအပြားတွေ့နေရပြီ ဖြစ်ပါသည်။  

ကိုရဲ(စိုက်ပျိုးရေး)  

မြန်မာတောင်သူကြီးများဂျာနယ်  

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၂၁-၂၇) ရက်။