menu

စိုက်ပျိုးမြေတွင်“ဂျစ်ပ်ဆမ် (ကျောက်မှုန့်)”အသုံးပြုခြင်း နှင့် အကျိုးကျေးဇူးများ


🌾🌿🌱🍃🎋🎋🍃🌱🌿🌾

▶️ဂျစ်ပ်ဆမ် ကျောက်မှုန့်မြေဩဇာတွင် ကယ်လ်ဆီယမ်(ထုံး)ဓါတ် နှင့် ဆာလ်ဖာ(ကန့်) ဓါတ်တို့ ပါဝင်ပါသည်။ ယခုအခါ တောင်သူဦးကြီးတို့ သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် ဂျစ်ပ်ဆမ် ကျောက်မှုန့် မြေဩဇာကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြပြီဖြစ်ပါသည်။ ထို့အတွက် စိုက်ပျိုးမြေတွင် ဂျစ်ပ်ဆမ် ကျောက်မှုန့်မြေဩဇာ ထည့်သွင်းအသုံးပြုခြင်းဖြင့်ရရှိနိုင်မည့် အကျိုးကျေးဇူးများကို သိရှိနိုင်ပါရန်ဖော်ပြအပ်ပါသည်။

(၁) ဂျစ်ပ်ဆမ် ကျောက်မှုန့်မြေဩဇာတွင်ပါဝင်သည့် ထုံးဓါတ်သည် အပင်ဆဲလ်နံရံများ တောင့်တင်း ခိုင်မာ စေရန်အတွက် ဆောင်ရွက်ပေးပြီး အပင်အမြစ်ထိပ်ဖျားများသန်မာစေရန်အတွက်လည်း လုပ်ဆောင်ပေးပါသည်။

(၂) ဂျစ်ပ်ဆမ်ကျောက်မှုန့်တွင်ပါဝင်သော ကန့်ဓါတ်သည် အပင်များအတွက် အာဟာရဓာတ်ကို ထောက်ပံ့ပေးရုံမျှမက အပင်အတွက်ထည့်သွင်းပေးထားသော နိုက်ထရိုဂျင်ဓါတ်ကို အပင်က ကြာရှည်စွာစားသုံးနိုင်ရန် ထိန်းထားပေးနိုင်တဲ့အတွက် နိုင်ထရိုဂျင်ဓါတ်များ လေလွင့်ဆုံးရှုံးမှုကို လျော့နည်းစေပါသည်။

(၃) ဂျစ်ပ်ဆမ် သည် ရွှံ့မြေများ၊ ဆားပေါက်မြေများ၏ မြေဆီလွှာဂုဏ်သတ္တိကို ပြန်လည်ကောင်းမွန် လာစေသည့်အပြင် မြေအက်ကွဲမှုကို သက်သာစေပြီး၊ စိုက်ပျိုးသီးနှံများ၏ အပင်ပေါက်နှုန်းကိုလည်း ကောင်းမွန်စေနိုင်ပါသည်။

(၄) စပါးနီတိုရောဂါဖြစ်သော စပါးခင်းများတွင် ပိုတက်ရှ်မြေဩဇာနှင့်တွဲဖက်၍ အသုံးပြုပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေနိုင်ပါသည်။

(၅) စိုက်ပျိုးမြေတွင် အချဉ်ဓါတ်များနေပါက စိုက်ပျိုးသီးနှံများတွင် အလူမီနီယမ်ဓါတ် အဆိပ်သင့်မှုကို ဖြစ်စေနိုင်ပါသည်။ ဂျစ်ပ်ဆမ်ကျောက်မှုန့်ထည့်ပေးခြင်းဖြင့် သီးနှံပင်များ အလူမီနီယမ်ဓါတ် အဆိပ်သင့်မှုကို ကာကွယ်ပေးနိုင်ပါသည်။

(၆) ဂျစ်ပ်ဆမ်ကျောက်မှုန့်သည် မြေမှုန်အချင်းချင်း တွယ်ကပ်မှုကို ပိုမိုအားကောင်းစေသည့်အတွက် မြေဆီလွှာများ ရေနှင့်အတူမျောပါမှုကိုလျော့နည်းစေပါသည်။ ထို့အပြင် ထည့်သွင်းလိုက်သောမြေဩဇာများကိုလည်း မြေဆီလွှာနှင့်အတူ ထိန်းထားပေးနိုင်သည့်အတွက် မြေဩဇာများ လေလွင့် ဆုံးရှုံးမှုကို လျော့နည်းစေပါသည်။

(၇) မြေပဲသီးနှံတွင် ဂျစ်ပ်ဆမ်ကျောက်မှုန့်ကို ထည့်သွင်းအသုံးပြုပေးခြင်းဖြင့် မြေပဲစွယ်အောင်မြင်မှု ရာခိုင်နှုန်းတိုးစေနိုင်သည့်အပြင် မြေပဲအစေ့အဆံပြည့်စေပါသည်။

(၈) ဆီထွက်သီးနှံစိုက်ခင်းများတွင် ဂျစ်ပ်ဆမ်ကျောက်မှုန့်ထည့်သွင်းပေးခြင်းဖြင့် ဆီထွက်ရာခိုင်နှုန်း ကောင်းစေပါသည်။

(၉) ခရမ်းချဉ်ကဲ့သို့အပင်များတွင် ဂျစ်ပ်ဆမ်ကျောက်မှုန့်ကို ထည့်သွင်းအသုံးပြုပေးခြင်းဖြင့် ကယ်လ်ဆီယမ်ချို့တဲ့မှုကြောင့်ဖြစ်တတ်သော ခရမ်းချဉ် အသီးဖင်မဲခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါသည်။

စစ်မှန် ပြည့်ဝ ဝိစာရ