menu

စိုက်ပျိုးသုတ “ဇန်နဝါရီလ”


🌾🍂🌾🍂🌾🍂🌾🍂🌾🍂🌾

✔ ယခုကာလသည် ဆောင်းသီးနှံများအောင်မြင်ဖြစ်ထွန်းရေးနှင့် နွေစပါးစိုက်ပျိုုးရေးတို့အတွက် အရေးကြီးသောလ ဖြစ်ပါသည်။ လယ်ယာစိုက်ခင်းတွေမှာ စိုက်ပျိုးထားသည့် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲပုပ်၊ မြေပဲစသည့် ဆောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်းဖို့လိုပါသည်။ ယခုလအတွင်း လုပ်ဆောင်သည် များနှင့် ပတ်သက်၍ စနစ်ကျမှန်ကန်ဖို့ လိုပါသည်။

ဆောင်းသီးနှံများ
--------------

ဆောင်းရာသီစိုက်ပျိုးသီးနှံများအတွက် ရွက်ဖျန်းမြေသြဇာပက်ဖျန်းလျင် အကျိုးရှိမှန်ကန်စွာ ပက်ဖျန်းပါလို့ ဦးစွာပြောကြားလိုပါသည်။ ရွက်ဖျန်းမြေသြဇာ(Leaf Fertilizer) သုံးစွဲခြင်းသည် စိုက်ပျိုးသီးနှံပင်များအတွက် အာဟာရဓာတ်များ လျင်မြန်စွာရောက်ရှိစေသည်။ ကုန်ကျစရိတ်လည်း သက်သာပါသည်။ သို့သော် ပက်ဖျန်းသည့် အရွက်ဖျန်းမြေသြဇာရည်သည် စိုက်ပျိုးသီးနှံပင်အတွက် လိုအပ်သောအာဟာရကို ဖြည့်ဆည်းပေးနိုင် သည့် အာဟာရဓာတ်များပါဝင်သော မြေသြဇာရည် ဖြစ်ဖို့လိုပါသည်။ ထို့ကြောင့်သီးနှံပင်တွင် ဖေါ်ပြလျက်ရှိသော ချို့တဲ့သည့်လက္ခဏာကို ကြည့်ရှုအကဲခတ်ပြီး လိုအပ်သည့်အာဟာရကို ဖြည့်စွမ်းပေး နိုင်သည့် အရွက်ဖျန်းမြေသြဇာရည်ကိုသာ ပက်ဖျန်းဖို့ အကြံပြုလိုပါသည်။ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးသည်လည်း အရေးကြီးပါသည်။ ဆောင်းသီးနှံအမျိုးအစားအပေါ် မူတည်ပြီး ကျရောက်လေ့ရှိသည့်ပိုးမွှားရောဂါ၊ ကျရောက်လေ့ရှိသည့် အချိန်တို့ကိုသိဖို့လိုသည်။ ပိုးမွှားရောဂါကျရောက်နေပြီး ဆေးဖျန်းသင့်သည့်အချိန် မဖျန်းပါက သီးနှံအထွက် လျော့နည်းဆုံးရှုံး နိုင်ပါသည်။

ဆောင်းရာသီစိုက် ပဲမျိုးစုံသီးနှံများတွင် ပင်စည်ထိုးယင်သည် အပင်ငယ်စဉ်တွင် စစိုက်ချိန်မှ (၄၅) ရက်အတွင်းကျရောက်နိုင်သည်။ ပဲတောင့်ထိုးပိုးသည် ပန်းပွင့်ချိန်မှစ၍ ပင်ပိုင်းကြီးထွားချိန်တစ်လျှောက် ကျရောက်နိုင်သည်။ ပဲစေ့ထိုးပိုးသည် စိုက်ခင်းမှ သိုလှောင်ချိန်ထိကျရောက်နိုင်သည်။ ပျသည် အရွက်နု၊ ပင်စည်၊ အသီးတို့အပေါ်တွင်ကျရောက်ဖျက်ဆီးနိုင်ပါသည်။အရွက်နုထွက်ချိန်မှစ၍ သင့်တော်ရာ ပိုးသတ်ဆေး တစ်မျိုးမျိုးဖြင့် ပက်ဖျန်း ကာကွယ်နှိမ်နင်းနိုင်သည်။ ကျရောက်လျင် ကျရောက်ချင်း ထိထိရောက်ရောက် နည်းစနစ်မှန်စွာ ပက်ဖျန်းနှိမ်နင်းရန် ဖြစ်ပါသည်။ ပဲမျိုးစုံသီးနှံများတွင် ကုလားပဲသီးနှံသည် ရောဂါကျရောက်မှုအများဆုံးရှိနိုင်သည့် သီးနှံ ဖြစ်သည်။ စိုက်ချိန်စောသည့်စိုက်ခင်းများနှင့် နောက်ကျသည့်စိုက်ခင်းများ အထူးသတိထားဖို့လိုသည်။ အပင်စိပ်လွန်းခြင်း၊ ကြဲလွန်းခြင်းရှိသည့် စိုက်ခင်းများတွင်လည်း ကျရောက်မှုပြင်းထန်လေ့ရှိသဖြင့် ကြိုတင်ကာကွယ်နှိမ်နင်းရန် ဖြစ်ပါသည်။

နွေစပါးသီးနှံ
-----------

မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ အချို့က မိုးစပါးကို ရိတ်သိမ်းဆဲဖြစ်သည်။ မိုးစပါး-ဆောင်းသီးနှံ-နွေစပါး သီးနှံပုံစံကျင့်သုံးသည့်ဒေသများတွင် ဆောင်းသီးနှံများစိုက်ထားဆဲဖြစ်သည်။ နွေစပါးအတွက် အလှည့်မပေးနိုင်သေးသလို ရာသီဥတုကလည်း အေးလွန်းနေသေးသည်။ ဆည်ရေကလည်း အကန့်အသတ်ဖြစ်သည်။ ဆည်ရေပေးသည့်အချိန်နှင့် နွေစပါးထယ်ရေးပြင်ချိန် ကိုက်ညီဖို့လိုသည်။ ဆောင်းသီးနှံတွေရှိနေသေးတော့ ဆည်ရေလည်းပေးလို့မရသေးချေ။ ဆည်ရေ မရသော်လည်း အခြားရေရရှိသည့် နည်းလမ်းအသွယ်သွယ်ရှိလျင်တောင်မှ ယခုလအတွင်း နွေစပါးစတင်စိုက်ပျိုးခြင်း မပြုသင့်သေးကြောင်း အသိပေးလိုပါသည်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ဒီဇင်ဘာလအတွင်း စတင်စိုက်ပျိုးလေ့ရှိသည်။ အချို့လည်း အပြီးစိုက်သည်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသများရှိ တောင်သူလယ်သမားများ၏ လယ်မြေ ပိုင်ဆိုင်မှုသည် အထက်ပိုင်းဒေသများထက် ပိုသည်။ ဧရိယာများပြားကျယ်ဝန်းသည်။ အလွယ်တကူ စိုက်ပျိုးပြီးစီးနိုင်ခြင်းမရှိ။ ဒီဇင်ဘာတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလဆန်းမှာတော့ ပြီးစီးအောင် စိုက်ပျိုးစေလိုသည်။ အကြောင်းမှာ မုတ်သုန်မိုးစတင်လျင် မြန်မာနိုင်ငံအောက်ပိုင်းက စတင်တာဖြစ်၍ မုတ်သုန်မဝင်မီ ရိတ်သိမ်းပြီးစီးဖို့လိုသည်။ ရိတ်ချိန်သိမ်းချိန် မိုးလေလွတ်မှသာ မျှော်မှန်းအထွက်ကို ရနိုင်မည်ဖြစ်ပါသည်။

နွေစပါးစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်ကိုအသုံးပြုစေချင်သည်။ တစ်ဧကအထွက်ကောင်းမွန်ရေး အတွက် မျိုးကောင်းမျိုးသန့်သုံးစွဲရေးက အရေးပါသော အချက်ဖြစ်သည်။ အများစုက သီးထပ်ရင် စပါးမျိုးကို စိုက်သည်။ အခြားသက်လျင်အထွက်ကောင်းမျိုးသစ်များဖြစ်သော ရက်-၉၀၊ ရတနာတိုး စသည့်မျိုးများကိုလည်း စမ်းသပ်စိုက်ပျိုးဖို့လိုသည်။ မည်သည့် မျိုးကို စိုက်သည်ဖြစ်စေ မျိုးသန့်ကိုသာ စိုက်ပါလို့ ပြောလိုပါသည်။ မျိုးသန့်မျိုးစေ့ဆိုတာ တစ်ခြားစပါးမျိုးစေ့များပါဝင်စေခြင်းမရှိရပါ။ အစေ့အရွယ်အစား ညီညာရပါမည်။ ပေါင်းမြက်စေ့များ၊ အမှိုက်သရိုက်များကင်းစင်ရပါမည်။ ထို့ပြင် ပိုးမွှားရောဂါဖြစ်ကြောင်းများ ကပ်ညှိ ပါလာခြင်း မရှိစေရပါ။ စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (Certified Seed) ကို ရနိုင်လျင် ပိုမိုကောင်းမွန်ပါသည်။ အသုံးပြုစေချင်ပါသည်။ မျိုးကောာင်းမျိုးသန့်စိုက်ပျိုးလျှင် စပါးအထွက် တစ်ဧကလျှင် ၅ မှ ၂၀ ရာခိုင်နှုန်း တိုးနိုင်တာကို အသိပေးလိုပါသည်။ တိုက်ရိုက်မျိုးစေ့ချကြဲပက်စိုက်ပျိုးလျင် ပေါင်းမြက်ကို အထူးဂရုပြုရမှာဖြစ်သည်။ ပေါင်းမြက်ကာကွယ် နှိမ်နင်းမှုအနေဖြင့် စိုက်ခင်းတမန်းကောင်းအောင်ပြုပြင်ရန် ဖြစ်ပါသည်။ တိုက်ရိုက်ကြဲပက်စိုက်ခင်းများ တွင် ပေါင်းသတ်ဆေး သုံးစွဲသင့်သည်။ ပေါင်းပင်မပေါက်မီပက်ဖျန်းရသည့်ဆေး (Pre-emergence Herbicide) (သို့မဟုတ်)‌ ပေါင်းပင်ပေါက်ပြီးမှ ပက်ဖျန်းရသည့်ဆေး (Post-emergence Herbicides ) တို့ကို သုံးစွဲနိုင်သည်။ ဆေးအမျိုးအစားမှန်ပြီး ဆေးဖျန်းနည်းစနစ်နှင့် ဖျန်းသင့်သည့်အချိန် မှန်ကန်ဖို့ လိုပါသည်။

✔ တောင်သူဦးကြီးတို့စိုက်ပျိုးထားသည့် ဆောင်းသီးနှံများနှင့် နွေစပါးသီးနှံဆိုင်ရာ သိသင့်သည်များကို ဇန်နဝါရီလအတွက် စိုက်ပျိုးသုတပေးဝေမျှလိုက်ရပါသည်။

Sources : ဆရာဆင်းသီဟ (အစိမ်းရောင်လမ်း)