menu

စပါးအရည်အသွေးကောင်းအောင် ဂရုပြုလိုက်နာရမည့် အချက်များ



☑️ မိုးစပါးကို အထွက်တိုးအောင် တောင်သူလယ်သမားကြီးများ တစ်မိုးတွင်းလုံး ဂရုတစိုက်ဆောင်ရွက် ခဲ့ကြရင်း စပါးများ လှိုင်လှိုင်ရိတ်ကြရတဲ့ ရာသီတောင်ရောက်ခဲ့ပါပြီ။အညာဒေသ မိုးကောင်းသောက် အရပ်တွေမှာတော့ မိုးရေရ နောက်ကျ၊ ဆည်ရေကလည်း နောက်ကျလို့ ဩဂုတ်လကုန်ထိ စပါးစိုက် ကြရတုန်းဆိုတော့ ဇန်နဝါရီ၊ ဖေဖော် ဝါရီလများမှ တချို့စပါး ရိတ်ကြရမှာ ဖြစ်ပါတယ်။

☑️ ဒီနှစ်မိုးလေဝသဟာ နိုဝင်ဘာ၊ ဒီဇင်ဘာလမှာ မုန်တိုင်းကြောင့် မိုးရွာမယ်လို့ ဆိုထားပါတယ်။ စပါးရိတ်သိမ်းချိန်နဲ့ မိုးနဲ့ကွက်တိတိုးနေမှာ အသေအချာပါပဲ။ ရိတ်သိမ်းစပါးများ ရေစို၊ မိုးမိ မဖြစ်ရလေ အောင် အထူးအလေးအနက်ထားလိုက်နာကြဖို့ လိုလာပါတယ်။စပါးရေစို၊ မိုးမိ ဖြစ်ရင် မှိုတက်၊ ဆန်ရောင်ပျက်၊ ဆန်သားအက်ပြီး ဆန်အရည်အသွေးကျဆင်းမှာ ဖြစ်ပါတယ်။ ဆန်စက်မှာ ကြိတ်ခွဲရင်လည်း အကျိုးအကြေများပြီး ဆန်အရည် အသွေး ညံ့တဲ့ ဆန်ပဲရမှာ ဖြစ်ပါတယ်။ဒီတော့ ဒီတစ်ပတ်မှာ တောင်သူ လယ်သမားကြီးများကို စပါးအရည်အသွေးကောင်းအောင် ဘယ်လို ဆောင်ရွက်ရမလဲဆိုတဲ့ အချက်ကို ဆွေးနွေးချင်ပါတယ်။

☑️ စပါးကို မိုးရွာနေရင် မရိတ်ပါနဲ့။ မိုး တိတ်အောင် နေသာအောင်စောင့်ပြီးမှ ရိတ်ပါ။ မိုးလေဝသ အခြေအနေကို လေ့လာပါ။ လူနဲ့ရိတ်ရင်လည်း ကောက်လှိုင်းများကို လယ်ကွက်ထဲမှာ ကြာကြာမထားဘဲ တလင်းသို့ မြန်မြန်သယ်ယူပြီး အနှံကို အပေါ်ဘက်ထား၍ ထောင်ထားပါ။ ရိတ်သိမ်းခြွေလှေ့စက်နဲ့ ရိတ်သိမ်းမယ်ဆိုရင် နေသာချိန်မှာ ရိတ်ပါ။ မိုးရွာနေလျှင် ရပ်ထားပါ။ ရရှိလာတဲ့စပါးတွေကို တာလပတ်ပေါ်မှာ ပုံထားပါ။ ခြောက်လက်မခန့်အထူ ဖြန့်၍ နေလှန်းပါ။ မိုးရွာလျှင် အပေါ်မှ တာလပတ်ဖြင့် လုံအောင်အုပ်ထားပါ။ မိုး မမိပါစေနဲ့။ တစ်နေ့ (၄-၅)ကြိမ် အထက်အောက်လှန်၍ မွှေပေးပါ။

☑️ မောင်းညိုချိန်မှာ စပါးရိတ်ရင် စပါးထဲမှာ အစိုဓာတ် ၂၅-၃၀ ရာခိုင်နှုန်းပါလာ တတ်ပါတယ်။ စပါးရိတ်စက်နဲ့ ရိတ်ရင် တော့ အစိုဓာတ် ၃၀-၃၅ ရာခိုင်နှုန်းလောက်ပါလေ့ရှိပါတယ်။ ဒီပါလာတဲ့ အစိုဓာတ် ဟာ တစ်ရက်မှာ ၁-၁ ဒသမ ၅ ရာခိုင်နှုန်းသာ သဘာဝအလျှောက် လျော့ကျနေပါ တယ်။ စပါးစေ့ထဲက အစိုဓာတ်ချက်ချင်း မလျော့ကျရင် အဲ့ဒီပါလာတဲ့ အစိုဓာတ် ကြောင့် စပါးအပူငွေ့တက်၊ စပါးမှိုတက်၊ စပါးအရောင်ပျက်၊ ဆန်သားကွဲအက်ပြီး အရည်အသွေးကျသွားစေပါတယ်။ ဒီလို ရက်တိုတိုတွင်း သတ်မှတ်တဲ့အပူချိန် ရောက်အောင် လျော့ချနိုင်ဖို့ စီမံရမှာဖြစ်ပါတယ်။

☑️ စပါးရိတ်ပြီး ခြွေပြီးပါက တစ်ရက် အတွင်း စပါးစေ့တွင်းရှိ အစိုဓာတ်ကို ၁၈ ရာခိုင်နှုန်းထိ လျော့ချဖို့လိုပါတယ်။ နှစ် ရက်အတွင်း အစိုဓာတ်ကို ၁၃-၁၄ ရာခိုင် နှုန်းထိ လျော့ချဖို့လိုပါတယ်။ စက်နဲ့ရိတ် သိမ်းတဲ့စပါးကို ဒီလိုအချိန်တိုတိုအတွင်း သတ်မှတ်အစိုဓာတ်ရာခိုင်နှုန်းထိ လျော့ချ ဖို့ဆိုရင် သဘာဝနေလှန်းစနစ်နဲ့ ဆောင် ရွက်လို့မရနိုင်ပါ။ စပါးအခြောက်ခံစက်နဲ့ သာ ရရှိနိုင်မှာဖြစ်ပါတယ်။ အခြောက်ခံ စက် အလှမ်းဝေးနေလျှင်လည်း ရိတ်ခြွေ စက်ကကျပြီး စပါးကို တာလပတ်(သို့) လှန်းတလင်းမှာ ခပ်ပါးပါးနေလှန်းပြီး တစ်နေ့ ၄-၅ ကြိမ် မွှေပေးဖို့ လိုအပ်ပါတယ်။

☑️ စပါးကို နေလှမ်းမယ်ဆိုရင် အပေါက်အပြဲပါသော တာလပတ်နဲ့ နိုင်လွန်ဆန်ကာပိုက်ကို အသုံးမပြု သင့်ပါ။ ကောင်းမွန်သော တာလပတ်သာအသုံးပြုသင့်ပါတယ်။ တာလပတ် အပေါက်အပြဲနဲ့ နိုင်လွန် ဆန်ကာ ပိုက် အသုံးပြုရင် နေအပူရှိန်ကြောင့် မြေ တွင်းမှ အစိုဓာတ်ဟာ အငွေ့အဖြစ် တာလ ပတ် အပေါက်အပြဲနဲ့ နိုင်လွန်ဆန်ကာ ပေါက် အပေါက်များမှတဆင့် အပေါ်တက်လာပြီး စပါးစေ့ထဲ ခိုအောင်း နေမှာ ဖြစ်ပါတယ်။ စပါးလှန်းပြီး ခြောက်ပြီဆိုပြီး အိတ်သွပ် သိုလှောင်တဲ့အခါမှာ အဆိုပါခိုအောင်းနေတဲ့ အစိုဓာတ်က စပါးစေ့ အပူငွေ့တက်၊မှိုတက်၊ အနံ့ထွက်ပြီး ပျက်စီးစေပါတယ်။

☑️ နောက်တစ်ချက်ကတော့ စပါးရိတ်သိမ်းပြီး ရရှိလာတဲ့ စပါးများကို စိတ်ကြိုက်နေလှန်းပြီး ဖုန်၊ ခဲ၊ သလဲ၊ အမှိုက်၊ အပင်အပိုင်းအစများကို ပြောင်စင်အောင် သန့်စင်ခြင်းပဲ ဖြစ်ပါတယ်။ လေပန်ကာအသုံးပြု သန့်စင်ခြင်း၊ သန့်စင်စက်အသုံးပြု သန့်စင်ခြင်းများ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ဖုန်၊ ခဲ၊ သလဲ၊ အမှိုက်၊ အပင်အပိုင်းအစများကို ပြောင်စင်အောင် မသန့်စင်ခဲ့ပါက စပါးစေ့ကို လိုအပ်တဲ့အစိုဓာတ်ထိရရှိ အောင်မည်သို့ပင် အခြောက်လှန်းစေကာမူ သိုလှောင်တဲ့ အခါ ရောနှောပါနေတဲ့ ဖုန်၊ ခဲ၊ သလဲ၊ အမှိုက်၊ အပင်အပိုင်းအစများတွင် ခိုအောင်းနေတဲ့ အစိုဓာတ်ကြောင့် စပါးစေ့အပူငွေ့ ထွက်၊ မှိုတက်၊ အနံ့ထွက်၊ စပါးအရောင် ပျက်ပြီး အရည်အသွေး ကျဆင်းသွားစေပါတယ်။

☑️ သို့ပါ၍ တောင်သူလယ်သမားကြီး များ စပါးထွက်အောင် တမိုးတွင်းလုံး ဂရုတစိုက်ဆောင်ရွက် လာပြီးကာမှ စပါးစေ့ အဖြစ်ရရှိချိန်တွင် ပျက်စီးဆုံးရှုံးသွားမည် ဆိုလျှင် ပါးစပ်နားရောက်ခါနီး ထမင်းလုပ်အား ပုတ်ချခံရသည့်အလား ရင်နင့်စရာပင်ဖြစ်ပါတယ်။ သို့အတွက် ရိတ်သိမ်းရန် စပါး၊ ရိတ်သိမ်းပြီးစပါးများ မပျက်စီး၊ အရည်အသွေးမကျရလေအောင် အထက်ပါအချက်များကို ဂရုပြု လိုက်နာကြရန် တိုက်တွန်းလိုက်ရပါတယ်။

အောင်ဆန်း(စိုက်ပျိုးရေး)
The Farmer Media