menu

စပါးအထွက်လျော့စေနိုင်သည့် “ရွက်ညိုပြောက်ရောဂါ” ဂရုပြုကာကွယ်ပါ

🌾🍂🌾🍂🌾🍂🌾🍂🌾🍂🌾 

မြန်မာအမည် - စပါးရွက်ညိုပြောက်ရောဂါ

အင်္ဂလိပ်အမည် - Brown Leaf Spot

ရောဂါဖြစ်စေသက်ရှိ - Drechslera oryzae

↗️ စပါးရွက်ညိုပြောက်ရောဂါကိုဖြစ်စေသည့် သက်ရှိမှိုမှာ စပါးရွက်ပေါ်တွင် ကျရောက်ပါက ရောဂါလက္ခဏာကို အရွက်နှင့် အစေ့များပေါ်တွင် အဓိကတွေ့ရသော်လည်း စေ့ရွက်အောက်ထွက်စ၊ ရွက်ဖုံး၊ အနှံခက်များပေါ်တွင်လည်း တွေ့ရှိနိုင်သည်။ အရွက်ပေါ်တွင် အစက်ငယ်မှ နှမ်းစေ့အရွယ်၊ တစ်ခါတစ်ရံ (၁)စင်တီမီတာ အရွယ်အထိရှိသော ဘဲဥပုံအညိုရောင်အပြောက်များ ညီညာစွာပြန့်ကျဲဖြစ်ပေါ်နေသည်။

↗️ ရောဂါအစက်အပြောက်များမှာ ကနဦးပိုင်းတွင် ခရမ်းရောင်၊ အညိုရောင်ရှိပြီး ကြီးလာသည်နှင့်အမျှ အညိုရောင်အနားရစ် အလယ်မီးခိုးရောင်ရှိသော ကွက်ပြောက်များဖြစ်လာသည်။ ထိုမှတစ်ဆင့် အရွက်များတဖြည်းဖြည်းခြောက်သေသွားသည်။ စပါးစေ့ခွံပေါ်တွင် အနက်ရောင် (သို့) အညိုရင့် အစက်အပြောက်များတွေ့နိုင်သည်။ နောက်တဖြည်းဖြည်း ဆန်စေ့အထိအမည်းပြောက်များတွေ့ နိုင်သည်။ အနှံခက်၏ အဆစ်များတွင်လည်း အညိုရောင်ရောဂါကွက်များဖြစ်ပြီး စပါးစေ့အဆံ တည်မှုနည်းစေသည်။ အဆံမအောင်ဘဲစပါးစေ့ရှုံ့လိမ်၍ အရောင်ပျက်စေသည်။ ရောဂါရစပါးစေ့များကိုပြန်လည်စိုက်ပျိုးခြင်းအားဖြင့် ပျိုးပင်နာကျရောဂါ ဖြစ်စေပါသည်။

↗️ အဆိုပါရောဂါဖြစ်စေသည့် မှိုသည်ရောဂါရအပင်အစိတ်အပိုင်းများတွင် နှစ်နှစ်မှသုံးနှစ်အထိ ခိုအောင်း ရှင်သန်နိုင်သည်။ မြေဆီလွှာထဲတွင်လည်း ရှင်သန်နိုင်သည်။ ရောဂါရမျိုးစေ့များသည် ရောဂါကူးစက်ပျံ့နှံ့စေသောအကြောင်းများဖြစ်သည်။ မြေဆီလွှာအတွင်းရှိ မှိုမှတစ်ဆင့်လည်း ရောဂါကူးစက်စေနိုင်တာ တွေ့ရသည်။ မှိုစပိုးများသည် လေဖြင့်လွင့်ပါ၍ တစ်နေရာမှတစ်နေရာသို့ ပျံ့နှံ့ကူးစက်နိုင်သည်။

↗️ အဆိုပါမှိုရောဂါကို တိုးတက်ဖြစ်ပေါ်စေသော အကြောင်းများမှာ မြေတွင် နိုက်ထရိုဂျင်ဓာတ်လွန်ကဲခြင်းနှင့် အာဟာရချို့တဲ့ခြင်းများသည် အဆိုပါမှိုရောဂါကို ပိုမိုဖြစ်ပေါ်စေရန်တွန်းအားပေးနေသည်ကိုတွေ့ရသည်။ ထို့ပြင် ရေသွင်းရေထုတ်ညံ့ဖျင်းသဖြင့် မြေဆီလွှာအတွင်း ဓာတ်လျော့မှုလွန်ကဲစွာ ဖြစ်ပေါ်သောမြေများတွင် ရောဂါကို ပိုမိုဖြစ်ပေါ်စေရန် အခွင့်အလမ်းသာသည်။ တမန်းအပုပ်လွန်သော လယ်မြေများတွင် ဟိုက်ဒရိုဂျင်ဆာလ်ဖိုဒ် ဓာတ်ငွေ့များထွက်သဖြင့် ဆီလီကာနှင့် ပိုတက်စီယမ်ဓာတ်တို့ကို အပင်က ပုံမှန်အတိုင်းမစုပ်ယူနိုင်သောအခါ ရောဂါပိုမိုဖြစ်စေသည်။

↗️ စပါးရွက်ညိုပြောက်ရောဂါလက္ခဏာသည် ပိုတက်စီယမ်ဓာတ်ချို့တဲ့သဖြင့် စပါးရွက်တွင် ဖြစ်ပေါ်သော လက္ခဏာနှင့်ဆင်တူသည်။ စွတ်စိုသောမြေထက် ခြောက်သွေ့သော မြေတွင်ရောဂါပိုဖြစ်စေပါသည်။ တိမ်ထူပြီး မိုးအဆက်မပြတ်ရွာသွန်းနေပါက ရောဂါပြန့်ပွားမှု မြန်ဆန်စေပါသည်။ ရောဂါမှိုသည် အာဟာရချို့တဲ့သော မြေများတွင် ဖြစ်ပေါ်မှုများပြီးဒေသတော်တော်များများမှာလည်း ဖြစ်ပွားလေ့ရှိသည်။ မြက်မျိုးစိတ်အပင်များ၊ စပါးရိုင်းပင်များတွင် လက်ခံပင်အဖြစ်တည်ရှိနေနိုင်သည်။

(က) ကြိုတင်ကာကွယ်ခြင်း
---------------------
၁။ ရောဂါကင်းသော မျိုးစေ့ကို ရွေးချယ်စိုက်ပါ။

၂။ ရောဂါရစပါးစိုက်ခင်းရဲ့ ရိုးပြတ်များ၊ ပင်ကြွင်းပင်ကျန်များကို မီးရှို့ပါ။

၃။ ကန်သင်းပေါ်ရှိ ပေါင်းမြက်နှင့် စပါးရိုင်းပင်များကို သုတ်သင်မီးရှို့ပါ။

၄။ လယ်မြေကို အာဟာရပြည့်ပြီး မြေဆီလွှာကောင်းမွန်စေရန် နိုက်ထရိုဂျင် (မလွန်ကဲ)၊ ဖော့စ်ဖရပ်၊ ပိုတက်ရှ်ကို အချိုးညီညီထည့်ပါ။

၅ ။ စပါးခင်းကို ရေသွင်း၊ ရေထုတ်ကောင်းအောင် စီမံထားပါ။

၆ ။ ရောဂါကျရောက်ဖူးသော လယ်ကွက်ကိုဖြတ်၍ ရေသွင်းခြင်းကိုရှောင်ပါ။

၇ ။ တမန်းအပုပ်လွန်အောင် မစောင့်ဘဲ တမန်းအနေတော်အချိန်မှာစိုက်ပျိုးပါ။

၈ ။ ဓာတုဆေးဖြင့်ကြိုတင်ကာကွယ်လိုပါက သီးနှံပင်ငယ်စဉ်မှစ၍ “ဘင်ဇိုကာ” မှိုသတ်ဆေးဖြင့် ပက်ဖျန်းကာကွယ်နိုင်ပါသည်။

(ခ) နှိမ်နင်းခြင်း
-----------
၁။ မျိုးစေ့ကိုဆားရည်စိမ်ပြီးမှစိုက်ပျိုးပါ။

၂။ ရောဂါလက္ခဏာစတွေ့သည်နှင့် ဝိစာရ၏ "ဇိုလာ၊ ဘင်ဇိုကာ" မှိုသတ်ဆေးတစ်မျိုးမျိုးကို တစ်ပတ်ခြားတစ်ကြိမ်ခန့် ပက်ဖျန်းပေးရပါမည်။

၃။ ဆေးဖျန်းပြီးလျှင် တစ်ဧက ပိုတက်ရှ်မြေသြဇာ (၁၅ - ၂၀)ပေါင် ခန့်ကြဲပက်ပေးရပါမည်။

🍂စစ်မှန် ပြည့်ဝ ဝိစာရ🍂