menu

စပါးအရွက်များ၏ အရောင်ကိုမျက်မြင် ကြည့်ရှု၍ ပုလဲမြေသြဇာ လိုအပ်မှု ခန့်မှန်း တိုင်းတာခြင်း ။

ပုလဲမြေသြဇာ(နိုက်တြိုဂျင်ဓာတ်)နှင့် အစိမ်းရောင်ကလိုရိုဖီးတို့၏ဆက်စပ်မှု ။  
--------------------------------------------  

စိုက်ပျိုးထားသော စပါးစိုက်ခင်းအတွင်းရှိ စပါးရွက်များ၏ အစိမ်းရောင်အနု/အရင့်ကို ပူးတွဲပါပုံတွင်ပါရှိသော အရောင်ကဒ် ( leaf colour chart ) ၏အရောင်များနှင့် တိုက်ဆိုင်ကြည့်ရှုပြီး မိမိ၏စပါးစိုက်ခင်းတွင် ပုလဲမြေသြဇာ(နိုက်တြိုဂျင်ဓာတ်)လိုအပ်မှု ရှိ/မရှိကို ခန့်မှန်းတွက်ချက်နိုင်ပါသည် ။  

စပါးရွက်များ အစိမ်းရောင် အနု/အရင့်ကွဲပြား ခြားနားနေရခြင်းမှာ ပုလဲမြေသြဇာ ( N2 ဓာတ်) ထည့်သွင်းပေးမှု အနည်းအများကြောင့် အစာ ချက်လုပ်ပေးသည့် အစိမ်းရောင်ကလိုရိုဖီး ပါဝင်မှု အနည်းအများဖြစ်ပေါ်ပြီး အရောင် ကွဲပြားခြားနားနေရခြင်း ဖြစ်ပါသည် ။  

ဤသို့ ကလိုရိုဖီးပါဝင်မှု အနည်းအများပေါ် မူတည်ပြီး အစိမ်းရောင် အနု/အရင့်ဖြစ်ပေါ် မှုကို အရောင်ကဒ်တွင် အရောင်(၄)မျိုးဖြင့် ခွဲခြားဖေါ်ပြထားပါသည် ။  

လက်ရှိစိုက်ပျိုးထားသော စပါးအရွက်၏ အရောင်ကို ဖေါ်ပြပါအရောင်(၄)မျိုးနှင့် မျက်မြင်တိုက်ဆိုင် စစ်ဆေးခြင်းဖြင့် စပါး စိုက်ခင်းတွင် ပုလဲမြေသြဇာ(နိုက်တြိုဂျင်ဓာတ်) လိုအပ်မှု ရှိ/မရှိကို ချက်ချင်းသိရှိနိုင်ပါသည် ။  

လက်တွေ့မျက်မြင် စပါးရွက်အရောင် ခွဲခြားနည်း ။  
--------------------------------------------  

အစိမ်းရောင် ကလိုရိုဖီးပါဝင်မှုအနည်းအများ ကို အရောင်(၄)မျိုးဖြင့် ဖေါ်ပြထားပြီး အနုဆုံး အရောင် နှစ်မျိုးသည်ပုလဲမြေသြဇာ( N2 ဓာတ်) ဖြည့်ဆည်းပေးရန်(လိုအပ်)နေသည်ကိုဖေါ်ပြပါ သည် ။အရင့်ဆုံးအရောင်နှစ်မျိုးသည် ပုလဲမြေသြဇာလုံလောက်သဖြင့် ဖြည့်ဆည်း ပေးရန် (မလိုအပ်)သည်ကို ဖေါ်ပြပါသည် ။  

မျက်မြင်တိုင်းတာစစ်ဆေးရာတွင် လယ်ကွက် တစ်ကွက်၏ နေရာအနှံ့ ကျဘမ်း(၁၀)နေရာကို တိုင်းတာရပါမည် ။ (၁၀)နေရာမှတိုင်းတာရရှိ သော(လိုအပ်/မလိုအပ်)အဖြေများ မှများရာကို ဆုံးဖြတ်အတည်ပြုရပါမည် ။  

စပါးပင်၏အပေါ်ဆုံးရွက်ပြန့်ကိုသာ တိုင်းတာ ရမည် ။ ထွက်ပြူစဖြစ်သော အရွက်လိပ်နေ သည့်အညွန့်ကို တိုင်းတာခြင်း မပြုရ ။ အရွက် ရင့်များကိုလည်း တိုင်းတာခြင်းမပြုရ ။  

အပေါ်ဆုံးစပါးရွက်ပြန့်၏ အလယ်တည့်တည့် ခန့်တွင် အရောင်(၄)မျိုးပါ အရောင်ကဒ်နှင့် ကပ်၍ ထပ်တူညီမျှသော အရောင်ကို တိုက်ဆိုင် စစ်ဆေးရပါမည် ။ (ပူးတွဲပါပုံတွင်ပါရှိသော အရောင်ကဒ်ကို မိမိ၏ ဖုန်းတွင် save လုပ်၍ စပါးစိုက်ခင်းတွင် အသုံး ပြုနိုင်ကြပါသည် )  

စပါးရွက်ကို မျက်မြင်တိုက်ဆိုင်စစ်ဆေးရာတွင် နေရောင်အောက်တွင် တိုင်းတာပါက နေရောင် ကြောင့်မှားနိုင်သဖြင့် လူ၏အရိပ်(သို့မဟုတ်) တခုခုဖြင့်အရိပ်မိုး၍ တိုင်းတာရမည် ။

လယ်ကွက်တစ်ကွက်၏ စပါးရွက်များကို မျက်မြင်စစ်ဆေးရာတွင် အမှားနည်းစေရန် တစ်ဦးတည်းက တစ်ရက်တည်း တစ်ချိန်တည်း အပြီးစစ်ဆေးရမည် ။  

အရောင်ဖြင့် စပါးရွက်များကို မျက်မြင်ခွဲခြား ခြင်းသည် ခန့်မှန်းတိုင်းတာခြင်းသာဖြစ်၍ စပါးအမျိုးအစား…စိုက်စနစ် နှင့် ပတ်ဝန်းကျင် အခြေအနေများပေါ် မူတည်ပြီး အနည်းငယ် ကွဲပြားမှုရှိနိုင်ပါသည် ။  

အရောင်ဖြင့်ခွဲခြားခြင်းကို ပျိုးထောင်ကောက် စိုက်သည့်လယ်များတွင် စိုက်ပြီး(၁၄)ရက်သား မှလည်းကောင်း…တိုက်ရိုက်မျိုးစေ့ချအတန်း စိုက်နှင့် ကြဲခင်းများတွင် မျိုးစေ့ချပြီး(၂၁)ရက် သားမှလည်းကောင်း စတင်တိုင်းတာရမည် ။  
- တစ်ပတ်လျှင်တစ်ကြိမ်တိုင်းတာရမည် ။ 
- ပန်းပွင့်ချိန်အထိ တိုင်းတာရမည် ။  
- အခြားဓာတ်များကြောင့် အစိမ်းရောင်ပြောင်း လဲမှုနှင့် မမှားရန်လိုပါသည် ။  

ပုလဲမြေသြဇာ(နိုက်တြိုဂျင်ဓာတ်) လိုအပ်မှု ခန့်မှန်းတွက်ချက်ခြင်း ။  
----------------------------------------  

အထက်တွင်ဖေါ်ပြခဲ့သည့်နည်းအတိုင်း လယ်တစ်ကွက်၏ ကျဘမ်း(၁၀)နေရာမှ စစ်ဆေးတိုင်းတာရရှိသည့်အဖြေတွင် (လိုအပ်)သည်ဟုရရှိသည့် အဖြေက (၅)နေရာထက်များ ပါ စိုက်ပျိုးသည့် စပါးအမျိုးအစားအလိုက် ပုလဲမြေသြဇာ ထည့်သွင်းပေးသင့်သည့်နှုန်းများကို ပူးတွဲပါပုံ ဇယားတွင် အပြည့်အစုံ ဖေါ်ပြပေးလိုက် ပါသည် ။  

Than Win Agri  
Source : IRRI & MAS.