menu

စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါ ကာကွယ်ဖို့ ပိုတက်ရှ်မြေဩဇာ သုံးကြပါစို့


🌾🎋🌾🎋🌾🎋🌾🎋🌾🎋🌾

✔️စပါးစိုက်တောင်သူဦးကြီးတို့အတွက် စပါးဘက်တီးရီးယား ရွက်ခြောက်ရောဂါကို ပိုတက်ရှ် ဓာတ်မြေသြဇာ တစ်ကြိမ်တည်းမကျွေးဘဲ အပင်၏ဇီဝကမ္မဖြစ်စဉ်အလိုက် အကြိမ်ကြိမ်၊ အလီလီ ခွဲထည့်ပေးခြင်းဖြင့် ကာကွယ်နိုင်တဲ့အကြောင်းကိုတင်ပြလိုပါတယ်။

✔️ယခင်က ပိုတက်ရှ်မြေသြဇာကို စပါးသီးနှံမှာ ထယ်ရေး၊ ထွန်ရေးပြင်ချိန် မြေခံမှာဘဲ ထည့်ရမယ်လို့ သိခဲ့ကြ သုံးခဲ့ကြတာ နှစ်အတော်ကြာခဲ့ပါပြီ။ သို့သော် ရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဆောင်ရွက်ခဲ့သောစမ်းသပ်တွေ့ရှိချက်များနှင့် ပေါ်ထွက်လာတဲ့သုတေသနရလဒ်များအရ စပါးဘက်တီးရီးယား ရွက်ခြောက်ရောဂါကို ပိုတက်ရှ်ဓာတ်မြေသြဇာ အကြိမ်ကြိမ်၊ အလီလီ ကျွေးပေးခြင်းဖြင့် ကာကွယ် တားဆီးနိုင်တယ်ဆိုတဲ့ အချက်ကို တွေ့ရှိခဲ့ရပါတယ်။

✔️စပါးမှာ ဘက်တီးရီးယား ရွက်ခြောက်ရောဂါဟာ ဒီနောက်ပိုင်းမှာ အလွန်ဆိုးရွားတဲ့ရောဂါတစ်ခုအဖြစ် တောင်သူလယ်သမားကြီးများ ခံစားလာရပါတယ်။ ဆုံးရှုံးနစ်နာမှုလည်းအများကြီးကြုံတွေ့နေကြရ ပါတယ်။ အလွန် ဆိုးဆိုးရွားရွား ဒီရောဂါကျရောက်မယ်ဆိုရင် ၅၀ ရာခိုင်နှုန်းအထိ ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။ ဒီ့ထက်ပိုပြီးဆိုးဆိုးရွားရွား ကျရောက်ခံရမယ် ဆိုရင်တော့ တချို့ဒေသတွေမှာ တံစဉ်လွတ်သည်ထိ တောင်သူလယ်သမားကြီးများ ခံစားကြရတာကို တွေ့ရှိရပါတယ်။ 

✔️ယခု ရေဆင်းစိုက်ပျိုးရေးသုတေသနက ဒီနည်းပညာကိုတွေ့ရှိလိုက်တာဟာ တောင်သူလယ်သမား ကြီးများ အတွက်အလွန်အဖိုးထိုက်လှပါတယ်။ ရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနက စပါးခင်းမှာ ပိုတက်ရှ်မြေသြဇာကိုအကြိမ်ကြိမ်၊ အလီလီကျွေး၍ စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါ ကာကွယ်နိုင်မှုကို သုတေသနစမ်းသပ်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး အတည်ပြုထားတဲ့နည်းပညာ ဖြစ်ပါတယ်။

✔️စပါးခင်းမှာ ပိုတက်ရှ်မြေသြဇာ ၂၈ ပေါင်ကို သုံးကြိမ် အလီလီခွဲ၍ ထည့်သွင်းစမ်းသပ်ခဲ့ပါတယ်။ ကောက်ပင်လှန်ချိန်မှာတစ်ကြိမ်၊ ပင်ပွားချိန်မှာတစ်ကြိမ်၊ မှို့ကပ်ချိန်မှာတစ်ကြိမ် ကျွေးခဲ့ခြင်း ဖြစ်ပါတယ်။ ဘက်တီးရီးယားရွက်ခြောက်ရောဂါဟာစပါးပင် ပင်ပွားစုံချိန် (စိုက်ပြီး ၄၅-၅၀ ရက်) မှ စတင်ကျရောက်လေ့ရှိပါသည်။ ပိုတက်ရှ်မြေသြဇာကို ကောက်ပင်လှန်ချိန်မှာကျွေးခြင်း၊ ပင်ပွားချိန်မှာ ကျွေးခြင်းအားဖြင့် ပင်ပွားစုံချိန်မှာ ကျရောက်လာမယ့် ဘက်တီးရီးယား ရွက်ခြောက်ရောဂါကို ကြိုတင်တားဆီးကာကွယ်ထားတဲ့ သဘောဖြစ်ပါတယ်။

✔️ပိုတက်ရှ်မြေသြဇာကို မှိုကပ်ချိန်မှာ ကျွေးလိုက်ခြင်းအားဖြင့်လည်း ကျရောက်လာမယ့် ဘက်တီးရီးယားရွက်ခြောက်ရောဂါကို အပြီးအပိုင် တားဆီးကာကွယ်လိုက်နိုင်တာဖြစ်ပါတယ်။ ရေဆင်းစိုက်ပျိုးရေးသုတေသနတွေ့ရှိချက်အရ ပိုတက်ရှ်မြေသြဇာကို နှစ်ကြိမ်ခွဲထည့်ပေးပါက ဘက်တီးရီးယားရွက်ခြောက်ရောဂါဖြစ်ပွားမှု ၁၈ ရာခိုင်နှုန်း၊ ပိုတက်ရှ်မြေသြဇာကို သုံးကြိမ် အလီလီခွဲကျွေးပါက ဘက်တီးရီးယားရွက်ခြောက်ရောဂါဖြစ်ပွားမှု ၃၂ ရာခိုင်နှုန်းထိ လျော့နည်း သက်သာနိုင်တယ်လို့ ပြောထားပါတယ်။

✔️တောင်သူလယ်သမားကြီးများလည်း ပိုတက်ရှ်မြေသြဇာကို မြေခံတစ်ကြိမ်တည်းမကျွေးဘဲ ဘက်တီးရီးယားရွက်ခြောက်ရောဂါ ကာကွယ်နိုင်အောင် သုံးကြိမ်အလီလီ ခွဲကျွေးကြပါလို့ ဗဟုသုတဝေမျှပေးရင်း တိုက်တွန်းလိုက်ပါရသည်။

အောင်ဆန်း(စိုက်ပျိုးရေး) မြန်မာတောင်သူကြီးများဂျာနယ်