menu

“စပါးမျိုးစေ့ငုပ်ခြင်းကို ချေဖျက်ခြင်း”

 
🌾🌾🌾🌾🌾🌾🌾🌾🌾🌾  

☑️မြန်မာနိုင်ငံတွင် စပါးမျိုးပေါင်း ၃၀၀ ကျော်ရှိပါတယ်။ စပါးမျိုးတိုင်းဟာ အစေ့ငုပ်ချိန် (Seed domency) ရှိကြပါတယ်။ အစေ့ငုပ်ချိန် ဆိုတာစပါးရိတ်သိမ်းပြီးနောက် အပင်ပေါက်နိုင်တဲ့ စွမ်းအား မရှိတဲ့ကာလ ဖြစ်ပါတယ်။ တချို့စပါးမျိုးတွေဟာ အစေ့ ငုပ်ချိန် ဝ-၃ ရက်သာရှိပါတယ်။ တချို့မျိုးတွေဟာ အစေ့ငုပ် ချိန် ၁၀-၁၅ ရက် ရှိပါတယ်။ တချို့မျိုးတွေဟာ အစေ့ငုပ်ချိန် တစ်လကျော်ရှိတာတွေ့ရပါတယ်။ တချို့ မျိုးတွေကျတော့ အစေ့ငုပ်ချိန် ရက်၆၀ကျော်ရှိတာ တွေ့ရပါတယ်။  

☑️ယေဘုယျအားဖြင့် အထွက်ကောင်း သက်တမ်းစပါးမျိုးတွေဟာ အစေ့ငုပ်ချိန်ကာလနည်းတတ်ပြီး ဒေသရာသီစပါးမျိုးတွေဟာ အစေ့ငုပ်ချိန်ကာလများတတ်တာ တွေ့ရပါတယ်။ အစေ့ငုပ်ချိန်ကာလ အနည်းအများဖြစ်ပေါ်ခြင်းဟာ စပါးရောင်းဝယ်ကြတဲ့ ကုန်သည်ပွဲစားနဲ့ တောင်သူလယ်သမားကြီး တွေကို ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်သလဲ ဆန်းစစ်ကြည့်ဖို့လိုပါတယ်။  

☑️အစေ့ငုပ်ချိန်ကာလ နည်းလွန်းရင်စပါးရင့်မှည့်ပြီး စပါးမရိတ်သိမ်းမီ အပင်ပေါ်မှာတင်အညှောက်ပေါက် နိုင်ပါတယ်။ လယ်သမားကြီးများအတွက် ဆုံးရှုံးမှု အကြီးအကျယ်နဲ့ ကြုံတွေ့ခံစားရနိုင်ပါတယ်။ တစ်ဖန် အပင်ပေါ်မှာ အညှောက်မပေါက်မီ ရိတ်သိမ်းလိုက်နိုင်သော်လည်း ခြွေလှေ့နေလှန်းချိန်အစိုဓာတ် နည်းနည်းရတာနဲ့ အညှောက်ပေါက်တဲ့အတွက် ထပ်မံအဟောသိကံ ဖြစ်ရပြန်ပါတယ်။ စပါး ရောင်းဝယ် ဖောက်ကားကြမဲ့ ကုန်သည်ပွဲစားများအတွက်လည်း အစေ့ငုပ်ချိန်ကာလ နည်းတဲ့စပါးကို ဝယ်ပြီးရင် နေလှန်း၊ အခြောက်ခံ၊သိုလှောင်စဉ် အစိုဓာတ်မိပါက အညှောက်ပေါက်တဲ့အတွက် ဆုံးရှုံးမှုများမှာ ဖြစ်ပါတယ်။  

☑️တချို့ အစေ့ငုပ်ချိန်ကာလ ဝ-၃ ရက်သာရှိတဲ့ စပါးမျိုးဆိုရင် တစ်ခါတစ်ရံ ရာသီမဟုတ်တဲ့မိုးနဲ့ ရင့်မှည့် ချိန်တိုက်ဆိုင်သွားရင် စပါးပင်ပေါ်မှာပဲ အညှောက်ပေါက်တဲ့ဒုက္ခ မကြာခဏ ကြုံနေကြရပါတယ်။တချို့အစေ့ငုပ်ချိန် ၁၀-၁၅ ရက်၊ တစ်လရှိတဲ့စပါးမျိုးဆိုရင် ရင့်မှည့်ရိတ်သိမ်းပြီး စပါးသီးထပ်(နွေစပါး) စိုက်ပျိုးကြမဲ့ တောင်သူကြီးများအတွက် အဆင်ပြေနေပြန်ပါတယ်။ စပါးရောင်းဝယ် ဖောက်ကားကြမဲ့ ကုန်သည်ပွဲစားများလည်း ဝယ်ယူပြီး မိမိဆန်စက်၊ သိုလှောင်ရုံမှာ စနစ်တကျ အခြောက်လှန်းထားရင်း စိတ်ချရတဲ့အခြေအနေ ရရှိနိုင်ပါတယ်။  

☑️တချို့အစေ့ငုပ်ချိန် တစ်လကျော် နှစ်လခန့်ရှိတဲ့မျိုးတွေဟာ တောင်သူလယ် သမားကြီးများအတွက်ရော၊ ကုန်သည်ပွဲစားအတွက်ပါ စနစ်တကျ အခြောက်လှန်း၊ သန့်စင်သိုလှောင်မယ်ဆိုရင် စိုးရိမ်ပူပန်စရာမလိုဘဲ လှောင်ထားနိုင်ပါတယ်။တစ်ခါတစ်ရံ အစေ့ငုပ်ချိန် တစ်လ၊ တစ်လကျော်ရှိနေတဲ့ စပါးမျိုးများ၊ အစေ့ငုပ်ချိန် ရက် ၆၀ ကျော်ခန့်ရှိနေတဲ့ စပါးမျိုးများကို ရာသီဥတုအခြေအနေအရ အစေ့ငုပ်ချိန်ကာလ အထိ မစောင့်နိုင်တော့ဘဲ စိုက်ပျိုးရမဲ့ အခြေအနေပေါ်ပေါက်လာပါက အဆိုပါစပါးမျိုးများကိုအစေ့ငုပ် ချိန်ကာလတိုသွားအောင် နည်းပညာနဲ့ ချေဖျက်စီမံဖို့ လိုအပ်လာမှာဖြစ်ပါတယ်။  

☑️စပါးအစေ့ငုပ်ချိန်ကာလကို ချေဖျက်ပြီး ကာလတိုအောင်ဖန်တီးနိုင်တဲ့ နည်းလမ်းကတော့ ...  
၁။ မျိုးစေ့စိုထိုင်းဆ ၁၀ ရာခိုင်နှုန်း သာရှိစေရန် (၃-၅) ရက်ကြာ နေပူပူတွင်ကောင်းစွာလှန်းပေးခြင်း (သို့) အပူပေးအိုဗင်အတွင်း ၅၀-၅၀ ဒီဂရီစင်တီဂရိတ်တွင် တစ်ပတ်ကြာထားပေးပါ။  
၂။ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ရှိသော ရေနွေး ၅-၁၀ ဆ တွင် စိမ်ပေးခြင်း၊ ရေဆူအမှတ် ၁၀၀ ရှိသော ရေနွေးကိုအချိန် ၈-၁၀ မိနစ်ခန့် အအေးခံပါက လိုအပ်တဲ့ရေနွေးရနိုင်ပါတယ်။  

☑️အထက်ပါ နည်းလမ်းနှစ်ခုအနက် မိမိကြိုက်နှစ်သက်ရာ နည်းလမ်းတစ်ခုကိုရွေး၍ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း အကြံပြုရေးသားအပ်ပါသည်။  

အောင်ဆန်း(စိုက်ပျိုးရေး)  

မြန်မာတောင်သူကြီးများဂျာနယ်  

၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ (၁၄-၂၀)ရက်။