menu

စပါးနီတိုပြဿနာ အဖြေရှာ ။


စပါးတွင် သံဆိပ်သင့်ခြင်း ။ 
(သို့မဟုတ်) 
နီတိုပြဿနာ အဖြေရှာ ။  
( Solving iron toxicity problem in paddy field ) 
________________________________________

Kyaw Soe(Soil Scientist)  

မိုးကောင်းလယ်မြေ၊ ရေသောက်လယ်မြေများတွင် စပါးစိုက်တောင်သူအများစုသည် ယခင်နှစ်များစွာကတည်းက ကျင့်သုံးလာခဲ့သော ရေလှောင်စနစ်အား တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်လျက်ပင်ရှိပါသည်။  

မိုးကောင်းသောက်ဒေသတွင် မိုးရေရရှိရန် မသေချာသဖြင့် စပါးအောင်ရေရသည်အထိ ရေလှောင်ထားခြင်း၊ ဆည်ရေသောက်ဒေသတွင် ရေသွင်းရေထုတ်ရန် အခက်အခဲရှိသော အကွက်များတွင် ရေကိုထိန်းသိမ်းလှောင်ထားခြင်းများ ပြုလုပ်သည့်အခါတွင် အနည်းလိုအာဟာရဓာတ်ဖြစ်သော သံဓာတ်ပျော်ဝင်စုစည်းလာပြီး တောင်သူအခေါ် “ နီတို “ ဖြစ်လာတတ်သည်။ တောင်သူများသည် မိမိကွင်းထဲရှိ စပါးပင်များ ပု၍တိုလာခြင်း၊ အရွက်များတွင် နီညိုရောင် သံချေးရောင်များ တွေ့မြင်ရခြင်းကြောင့် “ နီတို “ ဟုခေါ်ဝေါ်သတ်မှတ်ခြင်း ဖြစ်ပါသည်။  

ထိုသို့ဖြစ်လာချိန်တွင် အပင်မဖြစ်ခြင်းမှ အပင်ဖြစ်လာရန် ပုလဲ(ယူရီးယား) မြေသြဇာပက်ရမည်ဟု ယူဆပြီး ပုလဲပက်ကြဲရာတွင် အပင်မှာကောင်းမလာဘဲ ပိုမိုဆိုးလာသည်ကိုသာ တွေ့ရမည် ဖြစ်ပါသည်။ တောင်သူများသိသော “ နီတို “ မှာ အပင်ရောဂါမဟုတ်ပါ။ ထို့အတူ ပိုးမွှားကျရောက် ဖျက်ဆီးခြင်းကြောင့်လည်း မဟုတ်ပါ။ အမှန်မှာ စပါးပင်မှ သံဓာတ်(အနည်းလိုအာဟာရဓာတ်)ကို များပြားစွာ စုပ်ယူရာမှ ဖြစ်ပေါ်လာသော သံဓာတ်အဆိပ်သင့်ခြင်းပင် ဖြစ်ပါသည်။  

လယ်မြေကိုရေမသွင်းသေးလျှင် ရေမလှောင်သေးလျှင် စိုက်ကွက်တွင် လေ( O2 ) ရှိနေ၍ သံဓာတ်(Fe)သည် Fe+++ ဖဲရစ်ပုံစံ (အခဲ) အဖြစ်ရှိနေပြီး ၎င်းသည်ရေတွင် မပျော်ဝင်ပါ။ သို့သော် ရေလှောင်ကာလ ကြာရှည်လာပါက စိုက်ကွက်ရှိမြေထဲတွင် လေမရှိတော့ပဲ အောက်ဆီဂျင်ဓာတ် ကုန်ခမ်းသွားသဖြင့် သံဓာတ်သည် ဖဲရစ်ပုံစံမှ ဖဲရပ် Fe++ ပုံစံသို့ ပြောင်းသွားပြီး ရေတွင်အလွယ်တကူ ပျော်ဝင်နိုင်သောပုံစံ (အမှုံ) ဖြစ်သွားပါသည်။ သံမှုံငယ်များသည် စပါးပင်အမြစ်မှ ပင်စည်အတွင်းသို့ ရေကြောစည်း(Xylem) မှတဆင့် စုပ်ယူဝင်ရောက်သွားပါသည်။ လိုအပ်သည်ထက် များလာသောအခါ အရွက်တွင် သံချေးရောင်၊ နီဝါရောင် ပေါက်လာပါသည်။ စပါးပင်စည်သည် အခေါင်းဖြစ်သဖြင့် လေကောင်းစွာဝင်ရောက်လာသောအခါ သံမှုံများသည် လေ(O2)နှင့်ထိတွေ့ကာ ခဲသွားပါသည်။ ဖဲရပ် Fe++ ပုံစံမှ ဖဲရစ် Fe+++ ပုံစံသို့ ပြန်ပြောင်းသွားပါသည်။ ၎င်းအခဲငယ်များသည် ပင်စည်အတွက် ရေနှင့် အာဟာရဓာတ်တို့ဝင်ရာ ပို့ဆောင်ပေးရာ လမ်းကြောင်းတွင် ပိတ်ဆို့သွားသဖြင့် အမြစ်မှစုပ်ယူသော အာဟာရများသည် အပင်အစာချက်လုပ်ရာ အရွက်များသို့ မရောက်ရှိတော့ပါ။ ထို့ကြောင့် အပင်သည်မဖြစ်ထွန်းတော့ဘဲ ကြီးထွားမှုရပ်တန့်သွားပါသည်။ စပါးပင်ပုတိုသွားပါသည်။ ထိုအချိန်တွင် အပင်ကြီးထွားရန် ပုလဲ(ယူရီးယား) ဓာတ်မြေသြဇာ ထည့်သော်လည်း အစာရေစာသွားရာ လမ်းကြောင်းပိတ်ဆို့နေသဖြင့် ထည့်သမျှ လေလွင့်ဆုံးရှုံးရမည်သာဖြစ်သည်။  

အဓိက ကုစားရန်လိုအပ်ချက်မှာ စိုက်ကွက်တွင်းမှ ရေကိုထုတ်ပေးခြင်းဖြင့် စိုက်ကွက်တွင်လေရရှိစေကာ ဆက်လက်ပြီး ဝင်ရောက်နိုင်သည့်သံမှုံများ Fe++ ကို အခဲ Fe+++ ပြန်ဖြစ်စေပါသည်။  

မိုးကောင်းသောက်ဒေသနှင့် ရေထုတ်ရန်မလွယ်ကူသောဒေသမှ တောင်သူများကို ရေထုတ်ရန်အကြံပြုပါက လက်ခံနိုင်မည်၊ လိုက်လံဆောင်ရွက်နိုင်မည် မဟုတ်ပါ။ သို့သော် ၎င်းတို့အတွက်လည်း အဖြေရှိပါသည်။ ပိုတက်မြေသြဇာ(K) သည် အမြစ်၏လေထုတ်စွမ်းအား (Oxidising Power)ကို မြှင့်တင်ပေးနိုင်သဖြင့် အမြစ်ဝန်းကျင်တွင် ရောက်လာသည့်သံမှုံ Fe++ များသည် လေ(O2) နှင့်ပေါင်းကာ အခဲပုံစံ Fe+++ ဖြစ်သွားမည်ဖြစ်ရာ စပါးပင်အတွင်းသို့ ဆက်လက်၍ မဝင်နိုင်တော့ပါ။  

အဆိပ်သင့်မှုမှာ အချဉ်ဓာတ်လွန်ကဲသောမြေများ၊ ရေဝပ်မြေများတွင် ဖြစ်ပေါ်မှုများသဖြင့် ပိုတက်(K) ဓာတ်ပါသော မြေသြဇာများအပြင် ဂျစ်ပဆန်နှင့် ကယ်လ်စီယမ်(Ca)ပါသော ဓာတ်မြေသြဇာများ ထည့်ပေးခြင်းဖြင့်လည်း အဆိပ်သင့်မှုကို ပြေပျောက်စေနိုင်ပါသည်။ ရေသွင်းရေထုတ်လွယ်ကူသော အကွက်များတွင်မူ ရေထုတ်ခြင်းဖြင့် သံအဆိပ်သင့်မှု လွတ်ကင်းမည်ဖြစ်ပြီး ရေထုတ်ပြီး တစ်ပတ်မှ ၁၀ ရက်အကြာ မြေဖန့်ပါက ရေပြန်သွင်းပြီး လိုအပ်မည့်အာဟာရများ ပြန်ဖြည့်တင်းပေးနိုင်ကြောင်း ဖော်ပြပါသည်။

တောင်သူများအနေဖြင့် “ နီတို “ ကို အပင်ရောဂါထင်ပြီး နီတိုရောဂါဆေးအနေဖြင့်၎င်း၊ ပိုးများကျရောက် ဖျက်ဆီးခံရသည်အထင်ဖြင့် နီတိုပိုးသတ်ဆေးအနေဖြင့်၄င်း စျေးကွက်တွင် မရှာကြစေရန်.. လွဲမှားစွာရောင်းချခြင်းနှင့် ဝယ်ယူသုံးစွဲခြင်း စသည်တို့မှ ကင်းဝေးစေလိုပါသည်။ ။  

 Kyaw Soe (Soil Scientist)

Uploader : Than Win Agri