menu

စပါးပင်၏ သက်တမ်းအလိုက် ပွါးစည်းကြီးထွားပုံ။

စပါးစေ့ အညှောက်ထွက်သည်မှ သီးပွင့်ရင့်မှည့်သည်အထိ ဇီဝကမ္မသဘောအရ စပါးပင်၏ သက်တမ်းတစ်လျှောက်တွင် အဆင့်(၃)ဆင့်ဖြင့် ပွါးစီးကြီးထွားပါသည်။ ယင်းတို့မှာ..
 
(၁) အပင်ပွါးစီး ကြီးထွားမှုအဆင့် (Vegetative Phase)  
(၂) အနှံသန္ဓေ ကြီးထွားမှုအဆင့် (Reproductive Phase)  
(၃) သီးပွင့် ရင့်မှည့်မှုအဆင့် (Ripening Phase)  

(၁) အပင်ပွါးစီး ကြီးထွားမှုအဆင့်  
(Vegetative Phase)  
------------------------------------  
အပင်ပွါးစီး ကြီးထွားမှုအဆင့်သည် စပါးအညှောက်ပေါက်သည့်နေ့မှ အနှံသန္ဓေတည်စအထိ ဖြစ်သည်။ စပါးပင်၏ သက်တမ်းတိုခြင်းနှင့် သက်တမ်းရှည်ခြင်းသည် အပင်ပွါးစီး ကြီးထွားမှုအဆင့်၏ သက်တမ်းတိုခြင်းနှင့် ရှည်ခြင်းပေါ်တွင် တည်နေပါသည်။ အထူးသဖြင့် အပင်ပွါးစီး ကြီးထွားမှုအဆင့်ကို (၂)ပိုင်းခွဲခြားထားသည့် အခြေခံအပင်ကြီးထွားမှုအဆင့်နှင့် အလင်းရောင်တုန့်ပြန်မှုအဆင့်၏ သက်တမ်းတိုခြင်း၊ သက်တမ်းရှည်ခြင်းပေါ်တွင် မူတည်နေပါသည်။ ဒေသစပါး(ရာသီစပါး)များ သက်တမ်းရှည်ရခြင်းမှာ နေ့တာတိုသောရက်များသို့ မရောက်မချင်း အနှံသန္ဓေလောင်း(မှို့)မတည်သဖြင့် ဒေသ/ရာသီစပါးမျိုးများသည် သက်တမ်းရှည်ရပါသည်။ အပင်ပွါးစီး ကြီးထွားမှုအဆင့်တွင် အောက်ပါ တိုးတက်မှုများ ဖြစ်ပေါ်ပါသည်။  

(က) အစေ့မှ အညှောက်ပေါက်ကာ အပင်ကြီးထွား ပွါးစီးလာခြင်း။  

(ခ) ရွှေ့ပြောင်းစိုက်ခြင်း၊ အမြစ်စွဲခြင်း၊ အပင်လှန်ခြင်း။  

(ဂ) အပင်ပွါးများခြင်း၊ အရွက်ပွါးစီးခြင်း၊ အပင်ရပ် မြင့်မားလာခြင်း။  

(ဃ) အနှံသန္ဓေ စတည်ခြင်း။  

ဤအဆင့်သည် အနည်းဆုံး(၂၅)ရက်မှ (၆၅)ရက်အထိ သာမန်အားဖြင့် ကြာမြင့်တတ်ပါသည်။  

(၂) အနှံသန္ဓေ ကြီးထွားမှုအဆင့်  
(Reproductive Phase)  
-----------------------------------  
ဤအဆင့်သည် အနှံသန္ဓေစတင်တည်သည့်နေ့မှ အနှံထွက်သည့်နေ့အထိ ဖြစ်ပါသည်။ စပါးမျိုးအားလုံးအဖို့ ဤအဆင့်တွင် သက်တမ်းကွာခြင်းမှုများ ယေဘူယျအားဖြင့် မရှိပါ။ ဤအဆင့်တွင် အောက်ပါတိုးတက်မှုများ ဖြစ်ပေါ်ပါသည်။  

(က) ဒေသ/ရာသီစပါးမျိုးများတွင် အဆစ်တက်ခြင်း(ရှည်လာခြင်း)၊ ပင်စည်သည် မူလကပြားရာမှ စတင်လုံးလာခြင်းတို့သည် အနှံသန္ဓေစတင်မတည်မီကပင် ဖြစ်ပေါ်တတ်ပြီး သက်တမ်းစပါးမျိုးများသည် အနှံသန္ဓေတည်စတွင် ပင်စည်စ၍ လုံးလာတတ်ပါသည်။  

(ခ) အနှံသန္ဓေလောင်း စတည်ခြင်း (စပါးနှံ၏အောက်ခြေအဆစ် စ၍တည်ခြင်း)  

(ဂ) အနှံခက်များ တည်ဆောက်ခြင်း (အမျှင်နုကလေးများအဖြစ် စတင်မြင်ရသည် - မှို့ကပ်ခြင်း)  

(ဃ) အနှံသန္ဓေ စတည်ခြင်း။  

(င) အနှံထွက်၍ ပန်းပွင့်ခြင်း၊ အပင်အရပ်မြင့်မှု ရပ်ဆိုင်းခြင်း တို့ဖြစ်ပေါ်ပါသည်။  

ဤအဆင့်သည် သက်တမ်းအားဖြင့် (၃၀)ရက်မှ (၃၅)ရက်အထိ ကြာတတ်ပါသည်။  

(၃) သီးပွင့် ရင့်မှည့်မှုအဆင့်  
(Ripening Phase)  
-------------------------------  
ဤအဆင့်သည် အနှံထွက်သည်မှ အဆန်ပြည့် ရင့်မှည့်သည်အထိ ဖြစ်သည်။ ဤအဆင့်တွင် စပါးနှံသည် အောက်ခြေအဆစ်များ ရှည်လာသဖြင့်လည်းကောင်း၊ စပါးနှံကြီးထွားမှုအရလည်းကောင်း စပါးရွက်ဖုံးထဲမှအနှံသည် တဖြည်းဖြည်းအပေါ်သို့ တိုးထွက်လာပါသည်။ အနှံထွက်ချိန် အအေးမိပါက အချို့စပါးမျိုးများသည် အပင်ကြီးထွားမှုနှေးကွေးပြီး အနှံတစ်ခုလုံးမထွက်နိုင်ဘဲ တစ်လစ်ထွက်လျက် ရှိတတ်ပါသည်။ ဤအဆင့်တွင် အောက်ပါတိုးတက်မှုများ ဖြစ်ပေါ်ပါသည်။  

(က) အနှံများထွက်ခြင်း (ခေါင်နှံ ပထမဆုံးထွက်ပြီး ဘေးသားတက်များမှ အနှံများဆက်၍ ထွက်ပါသည်)  

(ခ) ပန်းများပွင့်ခြင်း (အနှံ၏ထိပ်ဆုံးမှ အနှံရင်းသို့ တဖြည်းဖြည်း ပန်းများပွင့်ပါသည်။ ၇ ရက်မှ ၁၀ ရက်ခန့် ကြာပါသည်။ ပန်းပွင့်ပြီး အဖိုဝတ်မှုန်နှင့် အမဝတ်ဆံတို့ ကူးယှက်ပါသည်။)  

(ဂ) စပါးစေ့၏အခွံများအတွင်း ဖိုမကူးယှက်ပြီးနောက် သကြားရည်ကြည်များ စတင်တည်ပါသည်။ ထို့နောက် နို့ရည်အရောင်ပြောင်းပြီး နို့ရည်ခဲခြင်း၊ ဆန်သားကြည်ခြင်း(ရင့်မှည့်ခြင်း)တို့ ဖြစ်ပေါ်ပါသည်။  

ဤအဆင့်သည် သက်တမ်း (၂၅)ရက်မှ (၃၀)ရက်အထိ ကြာပါသည်။  

အနှံသန္ဓေတည်မည့်ရက် (သို့) မှို့ကပ်မည့်ရက်ကို ခန့်မှန်းတွက်ချက်ခြင်း  
----------------------------------------------  
စပါးမျိုးအားလုံးတွင် အနှံသန္ဓေကြီးထားမှုအဆင့် (၃၅)ရက်နှင့် သီးပွင့်ရင့်မှည့်မှုအဆင့် (၃၀)ရက်၊ နှစ်ခုပေါင်း (၆၅)ရက်သည် ကွဲပြားမှုမရှိဘဲ တူညီကြသဖြင့်…  

သက်တမ်းစပါး  

ကြဲခင်းတွင် စပါးစေ့အညှောက်ပေါက်သည်မှ စတင်ရေတွက်လျှင်..  
မှို့ကပ်မည့်ရက်= စပါးမျိုး၏သက်ရက် - ၆၅ ရက်  

ပျိုးထောင်စိုက်ခင်းတွင် ပြောင်းရွှေ့စိုက်သည့်ရက်မှ စတင်ရေတွက်လျှင်..  
မှို့ကပ်မည့်ရက်= စပါးမျိုး၏သက်ရက် - ( ၆၅ ရက် + ပျိုးသက်ရက်)  

ဒေသ/ရာသီစပါး  

ရာသီစပါးမျိုးများမှာကား မည်သည့်အချိန်တွင် စိုက်ပျိုးသည်ဖြစ်စေ နေ့တာတို၊ ညတာရှည်သည့် ရာသီရောက်မှသာ မှို့ကပ်ကြမည်ဖြစ်ရာ စပါးပင်သက်ရက်(၁၅၀)ရက်ထက် မကျော်အောင်၊ မလျော့အောင် ချိန်ဆစိုက်ပျိုးတတ်ကြရန် အရေးကြီးပါသည်။ ယေဘူယျအားဖြင့် ရာသီစပါးမျိုးများသည် စက်တင်ဘာလကုန်နှင့် အောက်တိုဘာ(၁၅)ရက်အတွင်း မှို့ကပ်ကြပြီး နိုဝင်ဘာလ တတိယပတ်တွင် ပန်းပွင့်ကြမည်ဖြစ်ရာ ရှိသင့်သည့်သက်ရက်ထက် နည်းခြင်း၊ များခြင်းများကြောင့် အထွက်နှုန်းမလျော့ကျစေရန် ဇူလိုင်လ(၁၅)ရက်ထက် မစောအောင်၊ နောက်မကျအောင် ချိန်ဆပျိုးထောင်ကြရန်နှင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးကြရမည် ဖြစ်ပါသည်။ ။  

Than Win Agri  
Source း MAS(Pamphlet)  
Photo : Google