menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စပါးပင်အာဟာရဓာတ်များချို့တဲ့ခြင်း နှင့် ကာကွယ်ကုသနည်းများ
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
🔹မိုးစပါးစိုက်ပျိုးထုတ်လုပ်မည့် တောင်သူဦးကြီးများအတွက် မိမိတို့စိုက်ပျိုးထားသောစပါးခင်းများတွင် သီးနှံပင်အတွက် အဓိကလိုအပ်သော N : P : K ဓာတ်များနှင့် အခြားအနည်းလိုအာဟာရဓာတ်များ ချို့တဲ့မှုကြောင့်ဖြစ်ပေါ်တတ်သော ပင်ပြလက္ခဏာများကို အလွယ်တကူမြင်တွေ့ပြီး ကာကွယ်ကုသ နိုင်မည့် နည်းလမ်းများကို သိရှိနိုင်ပါရန်ရေးသားတင်ပြအပ်ပါသည်။
၁။ နိုက်ထရိုဂျင်(N) ချို့တဲ့မှုလက္ခဏာ စပါးအရွက်များ ဝါပြီးခြောက်လာကာ တစ်ခင်းလုံး လိမ္မော်ရောင်ဖြစ်သည်အထိ ဖြစ်နိုင်သည်။ ဆာလ်ဖာချို့တဲ့မှုနှင့် လက္ခဏာချင်းဆင်သော်လည်း ကွဲပြားသည့်အချက်မှာ ဆာလ်ဖာချို့တဲ့ခြင်းကို အရွက်နုများ၌ စတင်တွေ့ရှိရခြင်းဖြစ်သည်။
နိုက်ထရိုဂျင်ချို့တဲ့မှုဖြစ်စေသော အခြေအနေ
စပါးသီးနှံတွင် အများဆုံးတွေ့ရလေ့ရှိသော အာဟာရဓါတ်ချို့တဲ့မှုဖြစ်သည်။ မြေဆွေးပါဝင်မှုနည်းပြီး သဲဆန်သော မြေချဉ်များတွင် အများဆုံးတွေ့ရသည်။ ဆား/ဆပ်ပြာပေါက်မြေနှင့် ရေဝပ်သော မြေများတွင်လည်းတွေ့နိုင်သည်။ ထိခိုက်မှုအနေဖြင့် အပင်ပု၍ ပင်ပွားနည်းကာ အစာချက်လုပ်နိုင်မှု လျော့ကျစေသောကြောင့် စပါးအထွက်နှုန်း လျော့နည်းစေပါသည်။
ကာကွယ် ကုသနည်း
ပုလဲမြေဩဇာကို အကြိမ်ကြိမ်ခွဲကျွေးပါ။ နွားချေး၊ မြေဆွေးများထည့်ပေးပါ။ မြေဆီလွှာပေါ်မူတည်၍ ပုလဲကို တစ်ဧကလျှင် တစ်အိတ်ခွဲမှ နှစ်အိတ်ထိ ထည့်ပေးပါ။
၂။ ဖော့စဖရပ်စ် (P) ချို့တဲ့မှုလက္ခဏာ
အပင်ပု၍ ထောင်မတ်နေသော အစိမ်းပုပ်ရောင် အရွက်ရင့်များကိုတွေ့ရမည်။ ပင်စည်သေး၍ ပင်ပွားနည်းကာ ကြီးထွားမှုကို ဟန့်တာစေသည်။ ဖော့စဖရပ်စ် ချို့တဲ့ပါက စိမ်းဝါရောင် အရွက်ရင့်များ တွေ့ရမည်။
ဖော့စဖရပ်စ် ချို့တဲ့မှုဖြစ်စေသော အခြေအနေ
ဖော့စဖရပ်စ် ချို့တဲ့မှုကို ချဉ်လွန်း၊ ငန်လွန်းသော မြေမျိုးတွင် တွေ့ရလေ့ရှိသည်။ ခဲကြပ်မြေများ တွင်လည်း ချို့တဲ့မှုကို တွေ့ရသည်။ ထိခိုက်နိုင်မှုမှာအရွက်၊ အနှံနှင့် တစ်နှံပါအောင်စေ့အရေအတွက်များ လျော့နည်းစေသည်။
ကာကွယ် ကုသနည်း
တီစူပါ မြေဩဇာကို မြေပြင်စဉ်တွင် ထည့်ပေးပါသည်။ တီစူပါကို နိုက်ထရိုဂျင်ကဲ့သို့ ချို့တဲ့လက္ခဏာပြမှ ကုစားခြင်းထက် မြေဆီလွှာတွင် ကြိုတင်ထည့်ပေးပါ။ (P) သည် မြေဆီလွှာအတွင်း နှစ်ပေါင်းများစွာ ရှိနေပြီး သီးနှံများကို အာဟာရဖြည့်ပေးသည်။ ချို့တဲ့သည့်လက္ခဏာပြမှ (P) ထည့်လျှင် လက်ရှိသီးနှံ အတွက်အချိန်မမီနိုင်ပါ။
၃။ ပိုတက်ဆီယမ် (K) ချို့တဲ့မှုလက္ခဏာ
အရွက်ရင့်များ၏ အရွက်ထိပ်နှင့်အနားများတွင် အညိုရောင်အစင်းများ စတွေ့ရပြီး နောက်ပိုင်းတွင် အရွက်ပေါ်၌ အမဲစက်များဖြစ်လာကာ တစ်ပင်လုံးဝါသွားသည်။ K ဓာတ်ချို့တဲ့မှုလက္ခဏာကို ပန်းပွင့်ပြီး နောက်ပိုင်းမှသာ တွေ့ရလေ့ရှိသည်။
ပိုတက်ဆီယမ် ချို့တဲ့မှုဖြစ်စေသော အခြေအနေ
နိုက်ထရိုဂျင်တစ်မျိုးတည်းကိုသာ သုံးစွဲသည့်မြေတွင် (K) ချို့တဲ့မှုတွေ့ရလေ့ရှိသည်။ ကြဲခင်းများတွင် လည်း စိုက်ခင်းထက် (K) ချို့တဲ့သည်ကို တွေ့ရသည်။ သဲဆန်သောမြေတွင် ပိုမိုချို့တဲ့နိုင်သည်။ ထိခိုက်မှုအနေဖြင့် အပင်ပု၍ အမြစ်များသန်မာမှုမရှိသောကြောင့် အာဟာရစုပ်ယူမှုကို ဟန့်တားသည်။ အပင်ယိုင်လဲမှုနှင့် ပိုးမွှားရောဂါဒါဏ်ကို ပိုခံရသည်။ ဝတ်မှုန်ရှင်သန်နိုင်မှုကို ထိခိုက်စေပြီး စပါးအဖျင်း များစေသည်။
ကာကွယ် ကုသနည်း
ဓါတ်ဆား (ပိုတက်ရှ်) မြေဩဇာ ကျွေးပါ။ ကောက်ရိုးပြန်ထည့်ပါ။ စပ်မျိုးစပါးစိုက်လျှင် (K) ပိုထည့်ပါ။
၄။ ဆာလ်ဖာ (S) ချို့တဲ့မှုလက္ခဏာ
(N)ချို့တဲ့မှုလက္ခဏာနှင့် ဆင်တူသော်လည်း ချို့တဲ့မှုကိုအရွက်နုများတွင် စတွေ့ရသည်။ အရွက်ဝါပုံမှာ (N) ချို့တဲ့မှုထက်ပိုဖျော့သည်။
ဆာလ်ဖာ ချို့တဲ့မှုဖြစ်စေသော အခြေအနေ
မြန်မာနိုင်ငံလယ်မြေများတွင် တွေ့ရလေ့ရှိသည့် ချို့တဲ့မှုဖြစ်သည်။ သဲဆန်၍ မြေဆွေးပါဝင်မှုနည်းသော မြေမျိုးတွင်ပိုမိုတွေ့ရှိနိုင်သည်။ ထိခိုက်နိုင်မှုမှာစပါးပင်ကြီးထွားဆဲအစောပိုင်းတွင်ချို့တဲ့ပါကအထွက်နှုန်း ကိုများစွာ ထိခိုက်နိုင်ပါသည်။ ချို့တဲ့မှုပြင်းထန်ပါက ပင်ပွားနည်းပြီး နှံစတိုကာ အောင်စေ့ရာခိုင်နှုန်း လျော့နည်းစေ၍ ရင့်မှည့်ချိန်နောက်ကျနိုင်သည်။
ကာကွယ် ကုသနည်း
အမိုနီယမ်ဆာလ်ဖိတ်နှင့် စူပါဖော့စဖိတ်ဓါတ်မြေဩဇာကို ပျိုးဘောင်တွင်ကျွေးပါ။ ကောက်ရိုးပြန်ထည့် ပါ။ ကောက်ရိုးမီးရှို့လျှင်ပါဝင်သော (S) အားလုံးဆုံးရှုံးသွားသည်။ နွေထယ်ရေးခံပါ။ ကျောက်မှုန့် (Gypsum) ထည့်ပေးပါ။
၅။ သွပ် (Zn) ချို့တဲ့မှုလက္ခဏာ
စပါးရွေ့စိုက်ပြီး ၂-၄ ပတ်အတွင်း အရွက်နုများ၏ မျက်နှာပြင်တွင် အညိုရောင် အစက်များတွေ့ရသည်။ စပါးရွက်များသေး၍ ချွန်နေပြီး ကြီးထွားမှုရပ်တန့်သွားသည်။ ချို့တဲ့မှုမပြင်းထန်လျှင် ၄-၆ ပတ်အတွင်း အလိုလိုပြန်ကောင်းနိုင်သည်။
သွပ်ဓာတ် ချို့တဲ့မှုဖြစ်စေသော အခြေအနေ
လယ်မြေအများစုတွင် တွေ့ရလေ့ရှိသည့် အနည်းလိုအာဟာရဓါတ်ချို့တဲ့မှုဖြစ်သည်။ ချဉ်လွန်းသောမြေ၊ ဆား/ဆပ်ပြာပေါက်မြေနှင့် သဲဆန်သောမြေတွင် ပိုမိုချို့တဲ့နိုင်သည်။ သွပ်ဓာတ်ချို့တဲ့ပါက ပင်ပွားနည်း ပြီး ကြီးထွားမှုကို ရပ်တန့်စေနိုင်သောကြောင့် ရင့်မှည့်ချိန်နောက်ကျစေသည်။ စပါးအဖျင်းပိုမိုဖြစ်စေ သည်။
၆။ မဂ္ဂနီဆီယမ် (Mg) ချို့တဲ့မှုလက္ခဏာ
စပါးပင်သည် လှိုင်းတွန့်ပုံ ရှည်လျားသေ အရွက်များရှိတတ်သည်။ အရွက်ရင့်များ၏ အရွက်ကြောများ ကြားတွင် လိမ္မော်ဝါရောင်အကွက်များ စတင်တွေ့ရှိနိုင်သည်။
မဂ္ဂနီဆီယမ် ချို့တဲ့မှုဖြစ်စေသော အခြေအနေ
မိုးကောင်းသောက်လယ်မြေများတွင် ချို့တဲ့မှုတွေ့ရလေ့ရှိသည်။ သဲဆန်သောမြေချဉ်များတွင် ပိုမို တွေ့ရသည်။ ထိခိုက်နိုင်မှုမှာ အစေ့ ၁၀၀၀ အလေးချိန်ကိုလျော့ကျစေပြီး ဆန်အရည်အသွေးကျဆင်း စေသည်။ သံဆိပ်သင့်မှုကိုလည်း ပိုမိုပြင်းထန်စေသည်။
ကာကွယ် ကုသနည်း
ဆားခါး (MgSO4) မြေဩဇာနှင့်အတူ နွားချေးကိုလည်းထည့်ပေးပါ။ (Mg) ရွက်ဖျန်းဆေးရည်ဖျန်းနိုင် ပါသည်။ မြေဆီလွှာထိန်းသိမ်းမှု ဆောင်ရွက်ပါ။ ကောက်ရိုးနှင့်ပြာများပြန်ထည့်ပါ။
၇။ သံဓါတ် (Fe) အဆိပ်သင့်မှုလက္ခဏာ
စပါးရွေ့စိုက်ပြီး ၁-၂ ပတ်အကြာတွင် အရွက်ရင့်များ၏ ရွက်ထိပ်မှစ၍ အညိုရောင်အစက်များတွေ့ရကာ တဖြည်းဖြည်းနှင့် အရွက်များနီညိုရောင်ပြောင်းပြီး သေသွားနိုင်သည်။ အမြစ်များမှာ အညိုရောင်မှ အမည်းရောင်အထိရှိတတ်ပြီး အချို့အမြစ်များသေနေတတ်သည်။ စပါးပင်ငယ်စဉ်တွင် သံဆိပ်သင့်ဒါဏ် ခံနိုင်ရည်မဲ့သည်။
သံဓါတ် အဆိပ်သင့်မှုဖြစ်စေသော အခြေအနေ
စပါးပင်မှ (Fe) ကိုအလွန်ကျွံစုပ်ယူလိုက်၍ သံဆိပ်သင့်ကာ အရွက်များ ကြေးနီရောင်သို့ပြောင်းသွားပြီး ကြီးထွားမှုရပ်သွားသောကြောင့် “နီတို”ဖြစ်သည်ဟုခေါ်ကြသည်။ လေဝင်လေထွက်ညံ့သောမြေများတွင် ပိုမိုအဆိပ်သင့်စေသည်။ ထိခိုက်နိုင်မှုအနေဖြင့် သံဆိပ်သင့်လျှင် အာဟာရဓါတ်စုပ်ယူမှုကို ဟန့်တား သောကြောင့် အာဟာရဓါတ်ချို့တဲ့/မညီမျှမှုဖြစ်စေသည်။
ကာကွယ် ကုသနည်း
ရေသွင်းပြီး ၁၀-၂၀ ရက်ကြာမှ ရွေ့စိုက်ပါ။ နွေထယ်ရေးခံပေးပါ။ မြေချဉ်တွင် ထုံးထည့်ပါ။ (K, P နှင့် Mg) ကို လုံလောက်စွာကျွေးပါ။
၈။ ဆားငန်ဒဏ်သင့်ခြင်းနှင့် အဆိပ်သင့်မှုလက္ခဏာ
စပါးပင်၏ အရွက်ထိပ်များမှစ၍ ဖြူပြီးခြောက်သွေ့လာသည်။ အပင်ပု၍ ပင်ပွားလည်းနည်းသွားသည်။ ကွင်းထဲတွင် စပါးပင်များ အကွက်လိုက်သေနေတတ်သည်။
အဆိပ်သင့်မှုဖြစ်စေသော အခြေအနေ
မြေဆီလွှာပျော်ရည်တွင် ရေဖျော်ဆားပမာဏ လွန်ကဲစွာပါရှိနေခြင်းကြောင့် အဆိပ်သင့်စေခြင်း ဖြစ်သည်။ ပင်လယ်ကန်းရိုးတန်းများနှင့် မိုးနည်းရေရှားဒေသတို့တွင် တွေ့ရလေ့ရှိသည်။ စပါးသည် အညှောင့်စပေါက်စအချိန်တွင် ဆားငန်ဒဏ်ကိုခံနိုင်ရည်ရှိပြီး အရွက် ၁-၂ ရွက်ထွက်ချိန်တွင် ဆားငန်ဒဏ်ကို ခံနိုင်ရည်မဲ့သွားသည်။ တဖန်ပင်ပွားချိန်တွင် ခံနိုင်ရည်ပြန်ရှိလာပြီး ပန်းပွင့်ချိန်တွင် လုံးဝခံနိုင်ရည်မဲ့သွားသည်။ ထိခိုက်နိုင်မှုအနေဖြင့် ရေစုပ်ယူနိုင်မှုလျော့သွားခြင်း၊ အဆိပ်သင့်စေသော ဆိုဒီယမ်နှင့်ကလိုရင်းကို အလွန်အကျွံစုပ်ယူခြင်းနှင့် (K)နှင့် (Ca) စုပ်ယူမှု လျော့သွားစေခြင်းစသည့် ဆိုကျိုးများဖြစ်စေသည်။ အဖျင်းများပြီး အထွက်နှုန်းထိခိုက်စေသည်။
ကာကွယ် ကုသနည်း
မစိုက်မီ ၂-၄ ပတ်ခန့် ရေကြိုသွင်းပါ။ ရေသွင်း/ထုတ်ပြုလုပ်ပါ။ စပါးပြီး ပဲစိုက်ပါ။ (K) ရွက်ဖျန်းမြေဩဇာ ကို ပင်ပွားချိန်နှင့် မှို့ကပ်ချိန်တို့တွင်ဖျန်းပေးပါ။ ကောက်ရိုး၊ နွားချေးထည့်ပေးပါ။
Source : စိုက်ပျိုးရေးဦးစီးဌာန