menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စပါးပေါင်းမြက် ကာကွယ်နှိမ်နင်းခြင်း
▪️စပါးခင်းတွင်ပေါင်းပင်ရှိပါက စပါးအထွက်ကိုထိခိုက်စေတာ စပါးစိုက်ပျိုးသူတိုင်း သိပြီးဖြစ်ပါမည်။ စပါးစိုက်ခင်းတွေမှာ ဘယ်လိုပေါင်းအမျိုးအစားတွေ ပေါက်ရောက်သည်။ မည်သို့ကာကွယ်နှိမ်နင်းမည် ကို စပါးမစိုက်မီကပင် ကြိုတင်သိရှိလုပ်ကိုင်ဆောင်ရွက်ဖို့ လိုမည်ဖြစ်ပါသည်။ စပါးစိုက်ခင်းတွေမှာ ပေါက်ရောက်လေ့ရှိတာက ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုးကွဲပြားသော်လည်း ပေါင်းအမျိုးအစားအုပ် စုအနေဖြင့်ကြည့်လျှင် သုံးမျိုးသာဖြစ်ပါသည်။
၎င်းတို့မှာ-
၁။ မြက် (Grass)အုပ်စု၊
၂။ မုန်ညင်း (Sedge)အုပ်စုနှင့်
၃။ ရွက်ပြား(Broad leaf) အုပ်စုဟူ၍ ဖြစ်ပါသည်။
▪️ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်းနည်းလမ်းများ စပါးသီးနှံ ပေါင်းမြက်ကာကွယ်နှိမ်နင်းရာတွင် ၁။ သွယ်ဝိုက်သောနည်း (Indirect method)နှင့်
၂။ တိုက်ရိုက်နည်း(Direct method)ဟူသည့် နည်းလမ်းနှစ်သွယ်ဖြင့် ဆောင်ရွက်ရန်ဖြစ်ပါသည်။
၁။ သွယ်ဝိုက်သောနည်း (Indirect method)
လယ်ယာလုပ်ငန်းများကို စနစ်တကျပီပြင်စွာဆောင်ရွက်ခြင်းသည် ပေါင်းမြက်ကို သွယ်ဝိုက်သောနည်း (Indirect method)ဖြင့် ကာကွယ်ခြင်းဖြစ်ပါသည်။
နည်းလမ်းများမှာ-
(က) မြေပြုပြင်ခြင်း (Land preparation)
(ခ) ကြိုတင်ပေါင်းမြက်ကင်းစေသော နည်းလမ်းများကို ဆောင်ရွက်ခြင်း (Preventive weed control)
(ဂ) သီးနှံပင်ကို ပေါင်းပင်နှင့် ယှဉ်ပြိုင်ကြီးထွားစေခြင်း (Crop competition)
(ဃ) စနစ်တကျ ရေထိန်းသိမ်းခြင်း(Water management)
(င) သီးနှံအလှည့်ကျစိုက်ပျိုးခြင်း(Crop rotation)တို့ဖြစ်ပါသည်။ သွယ်ဝိုက်သောနည်း (Indirect method)ဖြင့်ပေါင်းမြက်ကာကွယ်သည့် နည်းလမ်းများသည် ပေါင်းမြက်ပေါက်ရောက်မှု၊ နှိမ်နင်းရမှုနှင့် ပေါင်းမြက်ကြောင့်ဆုံးရှုံးမှုတို့ကို သက်သာစေမည် ဖြစ်ပါသည်။
▪️
ကြိုတင်ပေါင်းမြက်ကင်းစေသောနည်းလမ်းများ (Preventive weed control) ဤနည်းသည် သွယ်ဝိုက်သောနည်းဖြင့် ပေါင်းမြက်ကာကွယ်ခြင်း လုပ်ငန်းများအနက် အရေးပါသည့်နည်းလမ်းတစ်ခု ဖြစ်ပါသည်။
နည်းလမ်းများမှာ-
(၁) ပေါင်းစေ့ကင်းသော မျိုးစေ့ကိုအသုံးပြုခြင်း (Use clean seeds)
(၂) ပျိုးခင်း၌ ပေါင်းမြက်ကင်းစင်စေခြင်း (Keep seed-bed weed-free)
(၃) ကန်သင်းနှင့် ရေသွင်းမြောင်းများကို သန့်ရှင်းအောင်ထားရှိခြင်း (Keep leaves and irrigationcanal clean)
(၄) လယ်ယာသုံးကိရိယာနှင့် စက်များကို သန့်ရှင်းအောင်ထားရှိခြင်း (Keep tools and machineryclean)
(၅) လယ်မြေပတ်ဝန်းကျင်သို့ ကျွဲ၊ နွား တိရစ္ဆာန်များလာရောက်မှုမရှိစေခြင်း(Keep livestock out offield)
(၆) ပေါင်းပင်မှ မျိုးစေ့များကျရောက်ပျံ့နှံ့မှုကို ကာကွယ်ခြင်း (Prevent weeds from seeding)
(၇) ပေါင်းပင်များ၏ ပင်ပိုင်းမျိုးပွားမှုကို ကာကွယ်ခြင်း (Prevent vegetative reproduction)တို့ဖြစ်ပါသည်။ ဖော်ပြပါ လယ်ယာလုပ်ငန်းများကိုစနစ်တကျပီပြင်စွာ ဆောင်ရွက်ခြင်းသည် ပေါင်းကင်းစင်စေမှုကို များစွာအထောက်အကူပြုစေမည် ဖြစ်ပါသည်။
▪️သီးနှံပင်ကို ပေါင်းပင်နှင့် ယှဉ်ပြိုင်ကြီးထွားစေခြင်း (Crop competition) ဤနည်းသည် သွယ်ဝိုက်သောနည်းဖြင့် ပေါင်းမြက်ကာကွယ်ခြင်း လုပ်ငန်းများအနက် အရေးပါသည့် နည်းလမ်းတစ်ခုဖြစ်သည်။ စပါးပင်ကို ပေါင်းပင်နှင့် ယှဉ်ပြိုင်ကြီးထွားစေခြင်းသည် စပါးစိုက်နည်းစနစ်၊ အသုံးပြုသည့်စပါးမျိုး၊ ကောက်ပင်အစိပ်အကျဲ၊ ဓာတ်မြေသြဇာကျွေးခြင်း စသည်တို့ပေါ်တွင် မူတည်နေပါသည်။စပါးစိုက်နည်းစနစ် (Method of planting) အရမှာ ပျိုးထောင်ကောက်စိုက်စပါးခင်း (Transplanted rice)သည် အစေ့တိုက်ရိုက်စိုက်စပါးခင်း (Direct seeded rice) ထက် ပေါင်းပင်ကို ပို၍ယှဉ်ပြိုင်ကြီးထွားနိုင်ပါသည်။စပါးမျိုး (Rice variety)အရမှာ ဒေသစပါးမျိုးများ (Traditional varieties)သည် စပါးမျိုးသစ်များ (Modern varieties) ထက် ပေါင်းပင်ကိုပို၍ယှဉ်ပြိုင်ကြီးထွားနိုင်ပါသည်။ ကောက်ပင်အစိပ်အကျဲ (Plant density)အရမှာ ကောက်ကွက်စိပ်စိပ်စိုက်ခြင်းသည် ပေါင်းပင်ကို ပို၍ယှဉ်ပြိုင်ကြီးထွားနိုင်ပါသည်။ ဓာတ်မြေသြဇာကျွေးခြင်း (Fertilizer application)အရမှာ ပေါင်းပင်များသည်စပါးပင်ထက် အာဟာရကိုပို၍ စုပ်ယူနိုင်ပါသည်။ စပါးပင်ကို ပေါင်းပင်နှင့် ယှဉ်ပြိုင်ကြီးထွားစေခြင်းသည် ပေါင်းကင်းစင်စေမှုအတွက် များစွာအထောက်အကူပြုကြောင်း အသိပေးလိုပါသည်။
၂။ တိုက်ရိုက်နည်းဖြင့် ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း
သွယ်ဝိုက်သောနည်းဖြင့် ကာကွယ်ခြင်းမဟုတ်ဘဲ စပါးခင်းတွင် ပေါက်ရောက်လာသော ပေါင်းမြက်များကို တိုက်ရိုက်နှိမ်နင်းခြင်းနည်းလမ်း ဖြစ်ပါသည်။
နည်းလမ်းများမှာ-
(၁) လူလုပ်အားဖြင့်နှိမ်နင်းခြင်း(Manual weeding)
(၂) ကိရိယာကိုအသုံးပြု၍ နှိမ်နင်းခြင်း (Mechanical weeding)
(၃) ပေါင်းသတ်ဆေးဖျန်း နှိမ်နင်းခြင်း (weeding with Herbicides) တို့ဖြစ်ပါသည်။
▪️လူလုပ်အားဖြင့်နှိမ်နင်းခြင်း (Manual weeding) စပါးခင်းတွင် ပေါက်ရောက်လာသော ပေါင်းမြက်များကို တိုက်ရိုက်နည်းဖြင့် နှိမ်နင်းသည့်နည်းလမ်းတစ်ခု ဖြစ်ပါသည်။ နည်းလမ်းများမှာ - - ပေါင်းမြက်များကို လက်ဖြင့်နုတ်ခြင်း - ခြေဖြင့်နင်းခြေခြင်း - ယာစပါး၊ ကုန်းမြင့်စပါး၊ အခြောက်စိုက်စပါးခင်းများတွင် လယ်ယာသုံးပစ္စည်း (ပေါက်ပြား၊ တူးရွင်း) တို့ကို အသုံးပြု၍ နှိမ်နင်းခြင်းတို့ ဖြစ်ပါသည်။
▪️ကိရိယာကို အသုံးပြု၍နှိမ်နင်းခြင်း (Mechanical weeding) စပါးခင်းတွင် ပေါက်ရောက်လာသော ပေါင်းမြက်များကို တိုက်ရိုက်နည်း ဖြင့် နှိမ်နင်းသည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။ နည်းလမ်းများမှာ - - စပါးစိုက်တန်းကြား၌ ပေါက်ရောက်သော ပေါင်းမြက်များကို ပေါင်းလိုက်ကိရိယာ (Rotary weeder)အသုံးပြု၍ ရှေ့တိုးနောက်ဆုတ် တွန်းခြင်းဖြင့် နှိမ်နင်းခြင်း - အတန်းလိုက်စိုက်ပျိုးသောယာစပါး၊ ကုန်းမြင့်စပါး၊ အခြောက်စိုက်စပါးခင်းများတွင် ဘီးမြင့်ပေါင်းလိုက်ကိရိယာ (High Wheel) စသည်အသုံးပြု၍ နှိမ်နင်းခြင်းတို့ ဖြစ်ပါသည်။
▪️ပေါင်းသတ်ဆေးဖျန်း နှိမ်နင်းခြင်း (Weeding with Herbicides) စပါးခင်းတွင် ပေါက်ရောက်လာသောပေါင်းမြက်များကို တိုက်ရိုက်နည်းဖြင့် နှိမ်နင်းသည့်နည်းလမ်းတစ်ခု ဖြစ်သည်။ နည်းလမ်းများမှာ - - စပါးမစိုက်မီစိုက်ခင်း၌ Pre-plant ပေါက်ရောက်နေသော ပေါင်းမြက်များကိုဆေးဖျန်းနှိမ်နင်းခြင်း - စပါးခင်း၌ စပါးစိုက်ပြီးပေါင်းမြက်ပင်များ မပေါက်ရောက်မီ (Pre-emergence)ကြိုတင်၍ ဆေးဖျန်းနှိမ်နင်းခြင်း - စပါးစိုက်ပြီး ပေါင်းမြက်ပင်များပေါက်ရောက်လာချိန်၌ Post-emergence သော်လည်းကောင်း၊ ပေါင်းမြက်ပင်များ သေစေရန်(သို့မဟုတ်) ကြီးထွားဖွံ့ဖြိုးမှုကိုဟန့်တားရန် ဓာတုဆေးအသုံးပြု၍ နှိမ်နင်းခြင်းတို့ ဖြစ်ပါသည်။
▪️ဘက်စုံပေါင်းမြက်ကာကွယ်နှိမ်နင်းနည်းစနစ် (Integrated Wed Management) ပေါင်းပင်များကိုနှိမ်နင်းရာတွင် နှိမ်နင်းနည်းတစ်မျိုးတည်း ဆောင်ရွက်ခြင်းဖြင့် ထိရောက်သည့်ကာကွယ်မှုကို ပေးနိုင်မည်မဟုတ်ပါ။ စပါးစိုက်ပျိုးရန် မြေပြုပြင်သည်မှစ၍ စပါးအပင်ပွားမှုကာလ ကုန်ဆုံသည့်အချိန်အထိ တိုက်ရိုက်နည်းကိုပဲအားမကိုးဘဲ သွယ်ဝိုက်သောနည်းကိုပါ ပြည့်စုံအောင် လုပ်ကိုင်ခြင်းဖြင့် ပေါင်းမြက်ကြောင့် စပါးအထွက်လျော့နည်းမှု မဖြစ်စေရေး အသိပေးရေးသားလိုက်ရပါသည်။
- မောင်ဖူးဝေ(တောင်တွင်းကြီး)
- မြန်မာတောင်သူကြီးများဂျာနယ် - ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ (၁၃)ရက်။