menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
တောင်သူလယ်သမားကြီးများအတွက် မတ်လ သိမှတ်စရာများ
✴️တောင်သူလယ်သမားကြီးများအတွက် မတ်လ သိမှတ်စရာများ✴️
🔸ဒေသတစ်နေရာနှင့်တစ်နေရာ စိုက်ချိန်မတူညီလေတော့ နွေစပါးမစိုက်ပျိုးရသေးသည့်ဒေသများအတွက် နှိုးဆော်လိုသည်။ စိုက်ပြီးသည့်စိုက်ခင်းများအတွက်လည်း ပြောစရာများရှိသည်။ ဆည်ရေ၊ သွင်းရေကိုသာအားကိုးစိုက်ပျိုးရသည့် မိုးကြိုယာသီးနှံများဖြစ်သော နှမ်းလျင်နှင့် ချည်မျှင်ရှည်ဝါ၊ ထို့နောက် မြေတွင်းအစိုဓာတ်ကို အဓိကအားကိုးစိုက်ပျိုးသည့် ကြံသီးနှံနှင့်ပတ်သက်၍လည်း အသိပညာပေး ရေးသားလိုတာများရှိပါသည်။
နွေစပါးသီးနှံ.....
🔸မတ်လအတွင်း စိုက်ပျိုးမည့် နွေစပါးစိုက်ခင်းများအတွက် ဦးစွာပြောလိုသည်။ အသုံးပြုသည့်စပါးမျိုးသည် သက်လျင်မျိုးဖြစ်သင့်သည်။ စိုက်ပျိုးမည့်ဒေသ၊ ရေမြေနှင့်ကိုက်ညီသည့်မျိုးဖြစ်ရမည်။ ပြောနေကျဆိုသော်လည်း စိုက်သင့်သည့်အချိန်၏နောက်ဆုံးလဖြစ်သော်လည်းသက်လတ်မျိုးကို စိုက်လိုက်မှာစိုး၍ ထပ်ကာထပ်ကာရေးနေရခြင်းဖြစ်ပါသည်။ဖုံးတုန်းလုံးတုန်းအချိန်၊ အနှံထွက်ပန်းပွင့်ချိန်တို့တွင် အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်အထက်ရှိသည့်ကာလနှင့် မတိုက်ဆိုင်ရန် လိုသည်။ ကျွန်တော်ခရီးသွားလာရင်း နွေရာသီအလွန်ပူပြင်းသည့် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်နေသောအချိန်တွင် အနှံထွက်နေသည့်စပါးခင်းများကို မြင်တွေ့ဖူးသည်။ မဖြစ်သင့်ပါ။ ထိုအချိန်မတိုင်မီ အနှံထွက်၊ ပန်းပွင့်ပြီးဖြစ်သင့်သည်။ စပါးအဖျင်းများရခြင်း၊ အထွက်ညံ့ရခြင်းမှာ ပန်းပွင့်ချိန်တွင် အပူချိန်မြင့်လွန်းခြင်းသည်အကြောင်းရင်းတစ်ချက် ဖြစ်နိုင်ကြောင်း အသိပေးလိုပါသည်။
🔸မြေသြဇာကျွေးပေးခြင်းသည် သီးနှံတိုင်းအတွက် အထွက်တိုးရန် ဆောင်ရွက်သင့်သည့် အလေ့အကျင့်ကောင်းတစ်ခုဖြစ်သည်။ စပါးမစိုက်မီလယ်မြေတွင် နွားချေးမြေေဆွးထည့်ပေးသင့်သည်။ ကွန်ပေါင်းဓာတ်မြေသြဇာ (သို့မဟုတ်) ထောက်ခံထားသည့် ပုလဲ၊ တီစူပါ၊ ပိုတက်ရှ် စသည့်ဓာတ်မြေသြဇာများကို စနစ်တကျမြေခံထည့်ခြင်း၊ အပင်ပေါက်ပြီး နှစ်ပတ်အတွင်း ထည့်ပေးခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။မတ်လမတိုင်မီက စိုက်ခဲ့ပြီး အပင်ဖြစ်ထွန်းနေသော နွေစပါးခင်းများအတွက်နှိုးဆော်အသိပေးရလျှင် ပေါင်းမြက်ကင်းစင်စေရေးသည် အဓိကအချက်ဖြစ်သည်။ပေါင်းမြက်ကြောင့် စပါးအထွက်လျော့နည်းနိုင်တာ အများအသိဖြစ်ပါသည်။စပါးပင်သက် တစ်လကျော်သည့်စိုက်ခင်းများတွင် လက်ပေါင်းလိုက်ခြင်းသည် အသင့်တော်ဆုံးနည်းစနစ်ဖြစ်သည်။
🔸အတန်းလိုက်စိုက်ခင်းများတွင်မူ တမန်းနှိုးကြားပေါင်းလိုက်ကိရိယာကို သုံးနိုင်ပါသည်။စပါးပင်ကြီးထွားနေပြီဆိုလျှင် ပေါင်းသတ်ဆေးသုံးစွဲရန် အချိန်လွန်နေလောက်ပြီ။ ပေါင်းသတ်ဆေးက အများအားဖြင့်စိုက်ပြီးခါစနှင့် ပေါင်းမြက်ပင် အပင်ပေါက်ခါစ အရွက်နှစ်ရွက်၊ သုံးရွက်ထွက်ချိန်မှာသုံးခြင်းသည် အကောင်းဆုံးဖြစ်သည်။ထို့ကြောင့် လက်ပေါင်းကိုသာအားကိုးရပါတော့မည်။မည်သည့်ကာလအထိ ပေါင်းပင်များရှိမနေသင့်သည်ကို အထူးပြောစရာမလိုပါ။ယေဘုယျအားဖြင့် စပါးပင်သက်တမ်း၏ပထမသုံးပုံတစ်ပုံကာလအတွင်း ပေါင်းမြက်ပင်များ စပါးခင်းအတွင်းရှိမနေသင့်ကြောင်း စိုက်ပျိုးရေးသမားတိုင်း သိပြီးဖြစ်ပါမည်။ လက်ဆင့်ကမ်းရန်ဖြစ်ပါသည်။
🔸ဓာတ်မြေသြဇာသုံးစွဲရေးနှင့် ပတ်သက်၍ ထောက်ခံနှုန်းအတိုင်း မြေခံဓာတ်မြေသြဇာများ ထည့်သွင်းခဲ့ပြီးဖြစ်မည်ဟုယူဆသည်။ မြေခံထည့်ပြီးရုံဖြင့် မလုံလောက်ပါ။ အပင်ထွက်ပေါ်လာမှ ပက်ဖျန်းရမည့် ပုလဲမြေသြဇာကိုလည်း သတ်မှတ်ချိန်အလိုက် ကျွေးပေးရန်လိုသည်။ ပိုတက်ရှ်မြေသြဇာတွဲဖက်သင့်သည့် စိုက်ခင်းများတွင် တွဲဖက်ရန် လိုပါသည်။ကျွေးပေးသင့်သည့်အချိန်များကို သိထားသမျှ ဖော်ပြရလျှင် တိုက်ရိုက်မျိုးစေ့ချစပါးခင်းများတွင် မျိုးစေ့ချပြီး ၂၃ ရက်မှ ၂၇ရက်တွင် နိုက်ထရိုဂျင်မြေသြဇာကို ကျွေးပေးဖို့လိုသည်။ အပင်ပွားအားကောင်းစေဖို့ဖြစ်သည်။ အပင်ပွားမှ အနှံများမည်။ အနှံများမှ စပါးအထွက်ကောင်းပါမည်။
မိုးကြိုနှမ်းလျင်သီးနှံ.....
🔸ရေသွင်းစိုက်မည့် နှမ်းလျင်သီးနှံနှင့်ပတ်သက်၍ အရေးကြီးသည့်အချက်နှစ်ချက်ကို ပြောလိုသည်။ ရေသွင်းရာတွင် စိုက်မည့်လယ်ကွက်ထဲ နေရာအနှံ့ရေရောက်ဖို့အရေးကြီးသည်။ အများအားဖြင့် ထယ်ရေးပြုပြင်တာကို အလေးထားသူနည်းသည်။ထွန်ရေးမကောင်းလို့မဖြစ်ပါ။မြေမျက်နှာပြင်မညီညာလို့မဖြစ်ပါ။ စပါးရိုးပြတ်လယ်မြေမှာ စတင်ရေသွင်းပြီး ချက်ချင်းထယ်ရေးပြင်လို့မရပါ။ နေလှန်းထားရသေးသည်။ ဘယ်နှရက်ကြာမှ ထယ်ရေးပြင်ရမှာလဲ၊ ထိုအချက်သည် အရေးကြီးသည်။ လယ်မြေ၏မြေဆီလွှာအမျိုးအစား၊ နေ့အပူချိန်၊လေတိုက်နှုန်း စသည်တို့အပေါ် မူတည်ပြီးလယ်သမားအတွေ့အကြုံအရ ထယ်ရေးစတင်ရမှာဖြစ်သည်။ ရေသွင်းနှမ်းမှာ ထယ်ရေးပြုပြင်မှုကို အထူးဂရုစိုက်ချိန်ဆလုပ်ကိုင်ရန် လိုသည်ဟုသာ ပြောလိုပါသည်။
🔸ရေသွင်းနှမ်းအတွက် ဒုတိယအချက်ပြောလိုသည်က နှမ်းမှုန်းတာ၊ သားခွဲတာဖြစ်သည်။ နှမ်းစေ့က သေးသေး၊ ကြဲပက်စိုက်တာဖြစ်ဖြစ်၊ အတန်းလိုက်နို့ဆီဘူးနှင့်မျိုးစေ့ချတာပဲဖြစ်ဖြစ် ဘယ်လိုစိုက်စိုက်မြေပေါ်ကျသည့်မျိုးစေ့များကတော့ အစုလိုက် အပုံလိုက်ဖြစ်နိုင်သည်။ ဒါ့ကြောင့်စုပုံအပင်ပေါက်သည့်နေရာ များလာမှာ သေချာသည်။ တစ်ပင်နှင့်တစ်ပင် ထပ်လို့၊ ညပ်လို့၊ ကုန်းလို့၊ ကွလို့၊ ရုန်းကန်လုယက်ထနေသည်ကို မြင်တွေ့ရမည်ဖြစ်ပါသည်။သားမခွဲလို့မဖြစ်၊ တစ်ပင်ချင်းသားမခွဲနိုင်လျှင် ထွန်ဖြင့် မှုန်းရတော့သည်။လက်နှင့်သားခွဲလျှင် သန်မာသောအပင်ကိုချန်၊ မသန်မာသောအပင်တွေကို နုတ်ပယ်ပစ်ရမည်။ အတန်းလိုက်စိုက်လျှင်တော့တစ်ပင်နှင့်တစ်ပင် လေးလက်မသာထားပြီးကျန်တာတွေ နုတ်ပစ်လိုက်နိုင်သည်။ ကြဲပက်စိုက်ခင်းမှာတော့ ထွန်ဖြင့် တစ်စပ် (သို့မဟုတ်) နှစ်စပ်လို့သာ ပြောနိုင်ပါသည်။
🔸သားခွဲရမည့် အချိန်သည်လည်း အရေးကြီးသည်။ နောက်ကျလျှင် အပင်လှီမည်။ ကြီးထွားသန်စွမ်းမှုနှေးပြီး အသီးနည်းမည်။ နှမ်းပင်အရွက်ထွက်မှုအရ ပြောရလျှင်မူမှန်အရွက် ခြောက်ရွက်ထွက်ချိန်တွင် သားခွဲရန်ဖြစ်သည်။ အပင်သက်တမ်းအရပြောရလျှင်မူ အပင်နှစ်ပတ်သားခန့်တွင် သားခွဲရန်ဖြစ်ပါသည်။နှမ်းပင် ဘယ်လောက်ကျန်အောင် သားခွဲရမည်လဲ။ ချန်သင့်သည့်အပင်နှင့်ပတ်သက်၍ နှမ်းသုတေသနပညာရှင်များ၏ ထောက်ခံချက်ကို ပြောလိုသည်။ တစ်ဧကတွင် ရိတ်သိမ်းအပင်တစ်သိန်းရှိပြီး တစ်ပင်တွင် အောင်သီး ၃၀ သီးပါက တစ်ဧက အထွက်တင်း ၂၀ ရရှိနိုင်သည်ဟု သိရသည်။ မှုန်းပြီး ကျန်ရှိသည့်အပင်ကို မှန်းဆနိုင်ဖို့ အသိပေးရခြင်းဖြစ်ပါသည်။
မိုးကြိုချည်မျှင်ရှည်ဝါသီးနှံ.....
🔸မိုးကြိုချည်မျှင်ရှည်ဝါ စိုက်ပျိုးရေးဆက်လက်အသိပေးပါမည်။ လယ်မြေတွင်စပါးအပြီးစိုက်ပျိုးပါက ထယ်ရေးပြုပြင်မှုကို အလေးထားရန်လိုသည်။ စပါးထယ်ရေးထက် အနည်းဆုံးတစ်လက်မပို၍နက်အောင် ထယ်ထိုးသင့်သည်။ အကြောင်းမှာစပါးစိုက်မြေတွေမှာ ထယ်ရေးအောက်ခြေမာကြောလွှာဆိုတာ ရှိနေတတ်သည်။ ဝါပင်အမြစ်ကြီးထွားမှုကို ထိခိုက်စေတတ်သည့်အဆိုပါမာကြောလွှာကို ခွဲပေးလိုက်သည့်သဘောဖြစ်ပါသည်။ထယ်ရေးပြုပြင်ပြီးသည်နှင့် အမြန်စိုက်ပါ။ စိုက်ချိန်နောက်ကျမှုမဖြစ်စေလိုပါ။ မတ်လလယ်အတွင်း အပြီးစိုက်သင့်ကြောင်း အကြံပြုလိုပါသည်။
🔸ချည်မျှင်ရှည်ဝါမျိုးသည် သွေးသစ်လောင်းထားသည့် မျိုးသန့်မျိုးစေ့ဖြစ်သင့်သည်ဟု ယေဘုယျပြောလိုသည်။ သို့သော်အပင်ပေါက်စမ်းရပါမည်။ မစိုက်မီ ၁၅ ရက်အလိုက ဆောင်ရွက်သင့်သည်။ ဝါစေ့ ၁၀၀လျှင်အနည်းဆုံး အစေ့ ၇၀ အပင်ပေါက်သောမျိုးဖြစ်ရပါမည်။ စိုက်ပြီး မျိုးညံ့သဖြင့်အပင်ပေါက်မစုံဘဲ ကျင်းလပ်များဖြစ်ပေါ်ကာ ဝါထွက်လျော့နည်းမှာ စိုး၍ဖြစ်သည်။ပိုးမွှားရောဂါများ ချည်မျှင်ရှည်ဝါကိုအလွန်ကြိုက်သည်။ ကြိုတင်ကာကွယ်သင့်သည်။ မျိုးစေ့ကို သင့်တော်ရာ လူးနယ်ဆေးများဖြင့် လူးနယ်ပြီးမှ စိုက်ပျိုးသင့်ပါသည်။
ကြံသီးနှံ.....
🔸ကြံသီးနှံဆိုင်ရာ အသိပေးလိုသည်များရှိပါသည်။ နိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် စိုက်ပျိုးခြင်းသည်ကြီးထွားချိန်အကြိုက်ရာသီဥတုနှင့် ကြုံတွေ့ရသဖြင့် ကြံအထွက်ကောင်းသည်ဟု သိထားသည်။ ထို့ကြောင့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် စိုက်ပျိုးခဲ့သည့် ကြံသီးနှံစိုက်ခင်းများတွင် ကြံပင်သက်တမ်း ရက်၉၀၊ ရက် ၁၀၀ ရှိနေလောက်ပြီ။နွေရာသီကာလကို ဖြတ်သန်းကြရတော့မည်။ မူလစိုက်ပျိုးစဉ်က အစိုဓာတ်မိမိ၊ တန်းစိုက်ကျင်းနက်နက် စိုက်ပျိုးခဲ့သော်လည်း မြေအမျိုးအစားဖွဲ့စည်းပုံအရ မြေအစိုဓာတ်လိုအပ်မှုတွေ ရှိလာနိုင်သည်ကို သတိမူသင့်ပါသည်။ကြံသီးနှံပညာရှင်များ၏ ထောက်ခံချက်အရ ကြံပင်သက်တမ်း ရက် ၉၀ မှ ၁၂၀အတွင်း မြေအစိုဓာတ်ကောင်းနေအောင်ရေပေးသွင်းသင့်သည်ဟု သိရသည်။ ရေပေးသွင်းစဉ် ယူရီးယားဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာတို့ကိုပါ ထည့်ပေးနိုင်သည်။
🔸 ကြံခင်းအတွင်း ရေဝပ်မနေစေရန် ဂရုစိုက်ရမည်။ ရေထုတ်မြောင်း၊ စိမ့်မြောင်း၊ ပတ်မြောင်းများ ထားပေးရပါမည်။ ကြံပင်သက်တမ်း ရက် ၁၂၀ တွင် တစ်ပါတည်း ဘောင်လုံးပေးနိုင်ပါသည်။ကြံပင်သည် အပင်မြင့်သောအမျိုးအစားဖြစ်သော်လည်း ပထမပိုင်းကာလတွင် ပေါင်းမြက်ပင်များ ရှိမနေရန် သတိပြုရပါမည်။ လိုအပ်သလို ပေါင်းမြက်နှိမ်နင်းရပါမည်။ ပေါင်းမြက်နှိမ်နင်းခြင်းလုပ်ငန်းကို မျိုးပိုင်းချပြီး လေးလသားအတွင်း ကင်းစင်အောင် ဆောင်ရွက်သင့်ကြောင်း အသိပေးအပ်ပါသည်။
- မောင်ဖူးဝေ (တောင်တွင်းကြီး)
- မြန်မာတောင်သူကြီးများဂျာနယ်