menu

သတိပြု နှိမ်နင်းရန် ဖျက်ပိုး”စိန်ကွက်ဖလံ”


 
🍃🐛🥦🐛🥬🍃🐛🥦🐛🥬

☑️ ဟင်းသီးဟင်းရွက်စိုက်ပျိုးရောင်းဝယ်မှုများကို တစ်နှစ်ပတ်လုံးဆောင်ရွက်နေကြပြီး အများဆုံးစိုက်ပျိုး သောဟင်းသီးဟင်းရွက်မှာ မျိုးရင်း (Cruciferae) ဝင်အပင်များဖြစ်ကြသော မုန်ညင်း၊မုန်လာ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ နိုကိုဥ၊ ခါကျက်ဥ(မုန်လာဥနီ)၊ မုန်လာဥဖြူ တို့ဖြစ်ကြသည်။ ထို့ကြောင့် မုန်ညင်း၊မုန်လာစိုက်ပျိုးမှုနှင့်မိတ်ဖက်ဖြစ်နေသော ဖျက်ပိုး ”စိန်ကွက်ဖလံ”အကြောင်း ရေးသားတင်ပြအပ်ပါသည်။

☑️ ဤဖျက်ပိုးသည်ရာသီဥတုပူပြင်းလျှင်ကျရောက်မှုများသည့်ဖျက်ပိုးအမျိုးအစားဖြစ်သည်။ ပိုးသတ်ဆေး ကိုခံနိုင်ရည်ရှိလာသောဖျက်ပိုးလည်းဖြစ်၍ ထိထိရောက်ရောက်ပိုးသတ်ဆေးသုံးမှရသည်။ မစို့မပို့၊ မထိမရောက်၊ နည်းစနစ်မမှန်ဘဲပိုးသတ်ဆေးသုံးလာကြလျှင် ဆေးအာနိသင်ကိုပို၍ ပို၍ခံနိုင်သော မျိုးဆက်သစ်ဖျက်ပိုးများ များလာမည်ဖြစ်သည်။

☑️ အရွက်များကိုခြစ်စားသောဖျက်ပိုးဖြစ်၍ အစိမ်းရောင်အရွက်ပေါ်တွင်အဖြူကွက်များတွေ့ရလျှင် စိန်ကွက်ဖလံကျနိုင်ပြီဖြစ်သည်။ဥ ဘဝမှာပင် ဥ ပြန်အုနိုင်သည်။ အကောင်ကြီးဖြစ်သည်အထိရက် (၃၀)ခန့်သာရှိ၍ စိုက်ခင်းတွင်နှစ်ကြိမ်၊သုံးကြိမ်ကြုံရနိုင်သည်။ ဥ ဘဝတစ်ပတ်၊ ဖျက်စီးသည့် လောက်ကောင်ဘဝ နှစ်ပတ်-သုံးပတ်၊ ရုပ်ဖုံးဘဝ(၁၀)ရက်သာကြာသည်။ ဥများသည်သေးငယ်၍ အဖြူရောင်ဖြစ်ပြီး အရွက်၏ အောက်မျက်နှာပြင်တွင်လူမမြင်ရအောင်အုချသည်။

☑️ ဥမှပေါက်သည့်လောက်ကောင်များသည် အရွက်အောက်မှအရွက်ပေါ်ထိ ထိုးဖောက်၍သွားကြပြီး အရွက်တွင်အပေါက်များဖြစ်ကျန်ခဲ့သည်။အပင်တစ်ဝိုက်တွင်ပိုးကောင်ပါးစပ်ကထုတ်သည့်ချည်မျှင်များ နှင့်ပိုးချေးများတွေ့ရသည်။ ရုပ်ဖုံးမှာလည်းချည်မျှင်များထွေးလုံးရစ်ပတ်ထားသည်။ အတောင်ပံပါသော အကောင်ကြီးသည် မီးခိုးရောင်ရှိပြီးအတောင်ကိုစု၍နားနေချိန်တွင် ရှေ့အတောင်အောက်နား၌ စိန်ကွက် သွေးထားသည့်ပုံစံရှိနေ၍ ”စိန်ကွက်ဖလံ”ဟုခေါ်ကြသည်။ တစ်နှစ်လျှင်သားဆက်(၁၅)ဆက်ထိ ပွားများ နိုင်သည်။

☑️ ကာကွယ်နှိမ်နင်းရာတွင် ...

- ပိုး၏ခန္ဓာကိုယ်သည်ပျော့ပျောင်းသဖြင့် မီးခိုးမှိုင်းတိုက်၊ မီးခိုးအူပေးမှုပြုလုပ်ပါ။
- စိုက်ခင်းအတွင်း ပေါင်း မြက်၊ အမှိုက်ရှင်းပါ။
- N: P: K မြေဩဇာသုံးမျိုးကိုမျှမျှတတသုံးပေးပါ။ နိုက်ထရိုဂျင်အချိုးအစားမပိုပါနှင့်။ ပိုတက်စီယမ် မဖြစ်မနေကျွေးပါ။
- ညထွက်ဖလံမျိုးဖြစ်၍မီးရောင်ထောင်ချောက်ထွန်း၍ နှိမ်နင်းပါ။
- ပိုးကျရောက်မှုတွေ့သည်နှင့် ဓာတုပိုးသတ်ဆေး (အီမာလန်ဒါ၊ ရယ်ဒီ၊ နိုက်ဝမ်း၊ ရော့ကက် ဆေးတစ်မျိုးမျိုး) သုံး၍နှိမ်နင်းပေးပါ။

☑️ ဂေါ်ဖီထုပ်တွင်အရွက်အထပ်ထပ်ဖုံးထားသလို၊ ပန်းဂေါ်ဖီတွင်အပွင့်များစုပြုံနေ၍ ပိုးကျရောက်မှု ပိုများသည်။ ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီစိုက်ခင်းများတွင်ပိုးသတ်ဆေးအများဆုံးသုံးကြ၊ ဖျန်းကြရသည်။ ပိုးသတ်ဆေးဓာတ်ကြွင်းမကျန်ရန်ခူးဆွတ်ခါနီး ဓာတုပိုးသတ်ဆေးမဖျန်းသင့်ကြပါ။ တစ်ပင်တွင် ပိုးနှစ်ကောင်တွေ့လျှင် ထိသေ စားသေ၊ ပင်လုံးပြန့်ဓာတုပိုးသတ်ဆေးတစ်မျိုးမျိုးအသုံးပြုပေး ရပါမည်။

☑️ ဆေးဖျန်းလျှင်အရွက်၏အောက်ခြေ၊ပိုးဥ၊ပိုးကောင်ရှိသောနေရာကိုဖျန်းကြရမည်။ ပျိုးခင်းနှင့် စိုက်ပျိုးပြီးခါစအစောပိုင်းကာလများတွင်ဓာတုဆေးများသုံးလျှင်ဓာတ်ကြွင်းပါဝင်မှုနည်းနိုင်သည်။ ထို့ကြောင့် ဖျက်ပိုး ”စိန်ကွက်ဖလံ”ကို ဆိုးရွားစွာကျရောက်ဖျက်စီးမှု မတိုင်မီကပင် ကြိုတင်သတိပြု ကာကွယ်နှိမ်နင်းသင့်ပါကြောင်းတိုက်တွန်းအကြံပြုအပ်ပါသည်။

Sources : ကိုရဲ (စိုက်ပျိုးရေး)

🔰စစ်မှန် ပြည့်ဝ ဝိစာရ🔰