menu

သတိပြုရမည့် စိုက်ပျိုးရေးလောက၏ ကပ်ပါးမဲ့ရောဂါများ ။

အပင်ရောဂါဆိုသည်နှင့် စိုက်ပျိုးရေးသမားများ ဦးစွာအာရုံရောက်ကြသည်မှာ သီးနှံပင်ကို ကပ်ပါးပြု၍ ဖျက်ဆီးသော..

၁။ မှိုရောဂါ  
၂။ ဘက်တီးရီးယားရောဂါ  
၃။ ဗိုင်းရပ်ရောဂါ  
၄။ မိုက်ကိုပလပ်စမာရောဂါ  
၅။ နီမတုပ်ရောဂါ များဖြစ်ကြပါသည်။  

သို့ရာတွင် သက်ရှိကပ်ပါးများကြောင့် မဟုတ်ပဲ အပင်၌ သဘာဝမဟုတ်သော လက္ခဏာများဖြစ်ပေါ်ခြင်း၊ အပင်၏ ဇီဝကမ္မဖြစ်စဉ်များပြောင်းလဲခြင်းများကို ဖြစ်ပေါ်စေသည့် ကပ်ပါးမဲ့အပင်ရောဂါများ အကြောင်းကိုမူ သတိပြုထည့်သွင်း စဉ်းစားမိသူ နည်းတတ်ကြပါသည်။  

၎င်းကပ်ပါးမဲ့ ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းအချို့မှာ..  

၁။ အပူချိန်နည်းလွန်းခြင်း  
၂။ အပူချိန်များလွန်းခြင်း  
၃။ အလင်းရောင်အားနည်းခြင်း  
၄။ အလင်းရောင် အရည်အသွေးမပြည့်ဝခြင်း  
၅။ အလင်းရောင် ရရှိချိန်ကာလ နည်းခြင်း/များခြင်း (နေ့တာတိုခြင်း/ရှည်ခြင်း)  
၆။ မြေကိန်းရေ နည်းခြင်း/များခြင်း  
၇။ မြေပယောဂ၊ ရေပယောဂများရှိနေခြင်း  
၈။ အာဟာရဓာတ် ချို့တဲ့ခြင်း/လွန်ကဲခြင်း စသည်တို့ဖြစ်ကြပါသည်။  

အပင်များသည် အထက်ပါအခြေအနေများနှင့် ကြုံတွေ့ရပါက အပင်ပုခြင်း၊ ရှည်ခြင်း၊ အရောင်ပျက်ခြင်း၊ ညှိုးခြင်း၊ အပင်အင်္ဂါ အစိတ်အပိုင်းများတွင် ပုံမှန်မဟုတ်သော လက္ခဏာများဖြစ်ပေါ်ခြင်း၊ ဇီဝသံသရာတစ်ပတ် ပြည့်အောင်မလည်ပတ်နိုင်ခြင်း၊ နောက်ဆုံးသေသည်အထိ ဖြစ်ကြရပါသည်။ ၎င်းကပ်ပါးမဲ့ရောဂါ လက္ခဏာများသည် သက်ရှိကပ်ပါးများကြောင့် ဖြစ်ပေါ်သော ရောဂါလက္ခဏာများနှင့် ခွဲခြားရန် အလွန်ပင်ခက်ခဲပါသည်။  

ထို့ကြောင့် ကပ်ပါးရောဂါ၊ ကပ်ပါးမဲ့ရောဂါ စဉ်းစားခွဲခြားရာတွင် အထောက်အကူ ဖြစ်စေရန်အတွက်လည်းကောင်း၊ ကပ်ပါးမဲ့ရောဂါများ ဖြစ်ပေါ်မှုကို ရှောင်လွှဲနိုင်ရန်အတွက်လည်းကောင်း အောက်ပါ စိုက်ပျိုးရေးအလေ့အထကောင်း (GAP)များကို တောင်သူများမဖြစ်မနေ အတတ်နိုင်ဆုံး လိုက်နာဆောင်ရွက် ကြရမည်ဖြစ်ပါသည်။  

၎င်းတို့မှာ..  
၁။ ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက် ထွန်ယက်ခြင်း  
၂။ မြေမှန်၊ မျိုးမှန်၊ ရာသီမှန် စိုက်ပျိုးခြင်း  
၃။ အပင်ပြုစုမှု မှန်ကန်ခြင်း  
၄။ အာဟာရ ပြည့်စုံမျှတစွာ ဖြည့်ဆည်းပေးခြင်း စသည်တို့ ဖြစ်ကြပါသည်။  

အထက်ပါ လုပ်ငန်းများ စနစ်တကျ ပြည့်ဝစွာလိုက်နာ ဆောင်ရွက်ခဲ့ကြမှသာ အပင်များ၌ သဘာဝမဟုတ်သည့် လက္ခဏာများဖြစ်ပေါ်လာချိန်တွင် ကပ်ပါးမဲ့ရောဂါဖြစ်ကြောင်းကို ချန်လှပ်၍ စဉ်းစားဆုံးဖြတ်နိုင်ကြမည် ဖြစ်ပါသည်။

အကယ်၍ အခြေအနေအရပ်ရပ်ကြောင့် အထက်ပါလုပ်ငန်းများ ပြည့်ဝစွာလိုက်နာဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ပါကလည်း အပင်များမူမမှန်သည့် လက္ခဏာများပြလာသည့်အချိန်တွင် သက်ရှိကပ်ပါးရောဂါဖြစ်သည်ဟု အဆောတလျဉ် အလွယ်တကူ ဆုံးဖြတ်ချက်မချသင့်ပဲ ကပ်ပါးမဲ့ရောဂါဖြစ်ကြောင်းများကို ထည့်သွင်းစဉ်စားရန် မမေ့သင့်ပါကြောင်း အကြံပြုအပ်ပါသည်။

ထို့ပြင် တောင်သူအများစုသည် N,P,K,Ca,S ကဲ့သို့သော အဓိကအများလို အာဟာရဓာတ်များကို ဖြည့်ဆည်းရန်မမေ့လျော့ခြင်း၊ ၎င်းဓာတ်များ ချို့တဲ့/လွန်ကဲသည့်လက္ခဏာများကို ရင်းနှီးကျွမ်းဝင်ပြီးဖြစ်ခြင်း ရှိကြသော်လည်း အနည်းလိုအာဟာရဓာတ်များကိုမူ သုံးစွဲရန်ဂရုပြုမှုနည်းခြင်း၊ ၎င်းဓာတ်များ ချို့တဲ့/လွန်ကဲခြင်းကြောင့် ဖြစ်ပေါ်သည့်လက္ခဏာများကို ခွဲခြားနိုင်မှုနည်းခြင်းများ ရှိနေဆဲဖြစ်ပါသည်။  

ထို့အပြင် အနည်းလိုအာဟာရဓာတ်များ ချို့တဲ့ခြင်း၊ လွန်ကဲ၍အဆိပ်အတောက် ဖြစ်ခြင်းကြောင့် ဖြစ်ပေါ်သော လက္ခဏာများသည် သက်ရှိကပ်ပါးရောဂါကြောင့် ဖြစ်ပေါ်သောလက္ခဏာများနှင့် ခွဲခြားရန် အလွန်ခက်ခဲပါသည်။  

သို့ပါသောကြောင့် သက်ရှိကပ်ပါးရောဂါဖြစ်သည်ဟု ဆုံးဖြတ်၍ ရောဂါသတ်ဆေးဖျန်းတော့မည် ဆိုပါလျှင် အနည်းလိုအာဟာရဓာတ်များ ပြည့်စုံစွာပါဝင်သည့် “ ဝိစာရကွန်ဘီ “ ကဲ့သို့သောဆေးကို မဖြစ်မနေ တစ်ပါတည်း ထည့်သွင်းပက်ဖျန်းရန် မမေ့သင့်ပါကြောင်း အကြံပြုလိုက်ရပါသည်။ ။  

Than Win Agri
Photo : Google