menu

ခရမ်းချဉ်ပင် နူထွတ်ခြင်း ။

ခရမ်းချဉ် မိုဇိတ်ဗိုင်းရပ် ရောဂါ။  
(Tomato Mosaic Virus Disease)

ရောဂါဖြစ်စေသော ဗိုင်းရပ်အမည်  
--------------------------------------  

ခရမ်းချဉ်မိုဇိတ်ရောဂါသည် ဆေးမိုဇိတ်ဗိုင်းရပ် Tobaco Mosaic Virus (TMV) ဝင်ရောက်ခြင်းကြောင့် ဖြစ်ရသည်။ ၎င်းရောဂါဖြစ်စေသည့် ဗိုင်းရပ်TMVသည် ဆေးပင်ရော ခရမ်းချဉ်ပင်ပါ စုပ်စားအင်းဆက်ပိုးဖြင့် တစ်ပင်မှတစ်ပင်သို့ ကူးစက်ပျံ့ပွားခြင်းမရှိဘဲ သစ်ရည်ဖြင့်သာ ကူးစက်ပျံ့ပွားခြင်းတွင် တူညီကြသည်။ အဓိက မတူကွဲပြားသည့်အချက်မှာ ၎င်းTMVသည် ဆေးပင်တွင် မျိုးစေ့မှပါဝင်ကူးစက်ခြင်းမရှိဘဲ ခရမ်းချဉ်ပင်တွင်မူ မျိုးစေ့မှပါဝင်ကူးစက်သော မျိုးစေ့ဆောင်ရောဂါ Seed Borne Disease ဖြစ်နေခြင်း ဖြစ်ပါသည်။  

ရောဂါပင်ပြလက္ခဏာ  
-------------------------  

ခရမ်းချဉ်မိုဇိတ်ရောဂါကို မြန်မာနိုင်ငံ ခရမ်းချဉ်စိုက်ပျိုးသောဒေသတိုင်း၌ အများအပြားဖြစ်ပွားကြောင်း တွေ့ရသည်။ မိုဇိတ်ရောဂါဝင်သော ခရမ်းချဉ်ပင်သည် ထိပ်ပိုင်းအရွက်ငယ်များ နူထွတ်ခြင်း /ရှုံ့တွန့်ခြင်း၊ အစိမ်းရင့်ရောင် ခုံးထနေသော ရွက်ဖတ်ဧရိယာများနှင့် အစိမ်းနုနှင့်အစိမ်းရင့်ရောင် ရောင်မညီကွက်ကြားလက္ခဏာများ ဖြစ်ပေါ်သည်။  

အပူချိန်မြင့်၍ အလင်းရောင်တောက်ပလွန်းပါက ရောင်မညီကွက်ကြား လက္ခဏာသည် ပိုမိုပြင်းထန်ထင်ရှားပြီး အပင်မှာမူ အနည်းငယ်သာပုသည်။ အပူချိန်နိမ့်သော အခြေအနေရှိသည့် ဆောင်းဥတုနှင့် အလင်းရောင်နည်းသော အခါများ၌မူ ရောင်မညီကွက်ကြားလက္ခဏာသည် မသိသာ မထင်ရှားဘဲ… အပင်ပုခြင်း၊ အရွက်များ ပြင်းထန်စွာ ရှုံ့တွန့်ပြီး သေးသွယ်သောအရွက်သဏ္ဍာန် Fern-leaf ဖြစ်ပေါ်ခြင်းတို့က ပိုမိုများပြားထင်ရှားသည်။  

အရွက်နှင့်ပင်စည်တို့တွင် တစ်သျှူးသေခြင်း နည်းပါးသည်။ အညိုရောင်အပြောက်များသာ ထင်ရှားသည်။ မိုဇိတ်ရောဂါ ပြင်းထန်လွန်းပါက ခရမ်းချဉ်ပင်သည် အမှည့်မညီဖြစ်ပြီး အထွက်လည်း လျော့နည်းလာသည်။ မိုဇိတ်ရောဂါသည် ခရမ်းချဉ်ပင်၏ အထွက်နှုန်းကို ၅၀%အထိ လျော့နည်းစေနိုင်သည်။  

လက္ခံပင်များ  
--------------  

TMV သည် Solanaceae တွင်ပါဝင်သော ဆေးပင်၊ ငရုတ်ပင်နှင့် ခရမ်းချဉ်ပင်အပြင် အခြားလက္ခံပင်စု အများအပြားတွင် သဘာဝအလျောက်ဖြစ်စေ၊ လူ/တိရစ္ဆာန်တို့၏ ပယောဂကြောင့်ဖြစ်စေ ဝင်ရောက်ခိုအောင်းနေနိုင်သည်။ TMV သည် ...

  • ငရုတ်ကောင်းပင် (Pepper)
  • သရက်ထည်ပန်းပင် (Phlox spp)
  • နှဲပန်း/ကဇွန်းပန်းပင် (Petunia spp) 
  • ဗဒိုင်းခတ္တာပင် (Datura stramonium)
  • ဇီးဖြူပင် (Horse mettle/Goose berry) စသည်တို့ိတွင် သဘာဝအခြေအနေ၌ ကျရောက်နိုင်သည်။ 
TMV၏ဂုဏ်သတ္တိ 
-------------------- 

 TMV ကိုချုပ်ငြိမ်းစေသော အပူချိန်မှာ ၉၃ ဒီဂရီစင်တီဂရိတ်တွင် ၁၀ မိနစ်ဖြစ်သည်။ ပျော့အားအမှတ်မှာ ၁း၁သန်း ဖြစ်ပြီး သက်မဲ့တွင်းသက်တမ်းမှာ လပိုင်းမှ နှစ်အပိုင်းအခြားအထိဖြစ်သည်။  

ကူးစက်ပျံ့နှံ့ပုံ 
--------------- 

  •  TMV သည် သက်မဲ့တွင်းအခြေအနေတွင် ကြာရှည်ခံနိုင်သော (လပိုင်းမှ နှစ်ပေါင်းများစွာ) ဗိုင်းရပ်ဖြစ်ခြင်းကြောင့် မြေကြီးထဲရှိ အပင်အကြွင်းအကျန်များမှတဆင့် တစ်ရာသီမှတစ်ရာသီသို့ ထိရောက်စွာ ကူးစက်ပျံ့နှံ့နိုင်သည်။ ဥပမာ.. ဆေး၊ ငရုတ်စိုက်ပျိုးဘူးသောမြေတွင် နောက်တစ်ရာသီ၌ ခရမ်းချဉ်စိုက်ပျိုးခြင်းဖြင့်လည်းကောင်း၊ ခရမ်းချဉ်ပြီးခရမ်းချဉ် ထပ်မံစိုက်ပျိုးခြင်းဖြင့်လည်းကောင်း မြေကြီးထဲရှိ အပင်အကြွင်းအကျန်များမှ TMV ကိန်းအောင်း၍ ကူးစက်ပျံ့နှံ့သည်။ 

  • TMV သည် ဆေးပင်တွင် မျိုးစေ့မှပါဝင်ကူးစက်ခြင်း မပြုနိုင်သော်လည်း ခရမ်းချဉ်ပင်တွင် မျိုးစေ့၏အခွံမျက်နှာပြင်ပေါ်မှ ထိရောက်စွာ ပါဝင်ကူးစက်ပျံ့နှံ့နိုင်သော မျိုးစေ့ဆောင်ဗိုင်းရပ် Seed Borne Virus ဖြစ်သည်။ ၎င်းဗိုင်းရပ်သည် သန္ဓေလောင်း Embryo ထဲတွင်မတည်ဘဲ အစေ့ခွံနှင့်အစေ့တွင်းစာ Seed Coat & Endosperm တွင် ကြာရှည်စွာ တည်နေနိုင်ပြီး ၎င်းမှတဆင့် ကူးစက်ပျံ့နှံ့၍ ရောဂါဖြစ်စေနိုင်သည်။ 

  •  TMV သည် ပင်ရည်ဖြင့် လွယ်ကူစွာကူးစက်ပျံ့နှံ့နိုင်သဖြင့် သဘာဝအခြေအနေတွင် လေပြင်းတိုက်ခတ်၍လည်းကောင်း၊ မိုဇိတ်ရောဂါဖြစ်နေသော ခရမ်းချဉ်ပင်နှင့် ရောဂါကင်းသောခရမ်းချဉ်ပင်တို့ ထိစပ်မိရုံဖြင့်လည်းကောင်း လွယ်ကူစွာ ရောဂါကူးစက်နိုင်သည်။ 

  •  ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ခေါင်ညွန့်နှိမ်ခြင်း၊ ဘေးတက်ဖဲ့ခြင်း၊ အပင်ချည်ခြင်း၊ အရွက်ခြွေခြင်း၊ အသီးခူးခြင်း၊ ဖျက်ပိုးများကို ကောက်ယူဖယ်ရှားခြင်း၊ ပေါင်းသင်မြေဆွခြင်း စသည်တို့ပြုလုပ်ရာတွင် တစ်ပင်မှတစ်ပင်သို့ ရောဂါကူးစက် ဖြစ်ပွားသည်။ မိုဇိတ်ရောဂါ ဖြစ်ပွားနေသော ခရမ်းချဉ်ပင်တစ်ပင်ကို ကိုင်တွယ်ထိစပ်မိသော အလုပ်သမားတစ်ယောက်၏လက်သည် ရောဂါကင်းသော ခရမ်းချဉ်ပင် အနည်းဆုံး (၈-၁၀)ပင်အထိ ကူးစက်ပျံ့နှံ့နိုင်သည်။ 

  • အလားတူပင် ခရမ်းချဉ်စိုက်ပျိုးရာတွင် အသုံးပြုသော လယ်ယာသုံးကရိယာ (ထွန်၊ ထယ်၊ ဓါး၊ ပေါက်ပြား)၊ အလုပ်သမားတို့၏ဖိနပ်များမှလည်း ကူးစက်ပျံ့နှံ့နိုင်သည်။  

  • TMV သည် ဆေးရွက်ခြောက်ထဲတွင် နှစ်ပေါင်း(၅၀)ကျော်အထိ ရောဂါဖြစ်စေနိုင်စွမ်းအားကို ထိန်းသိမ်း၍တည်နေနိုင်သဖြင့် စိုက်ခင်းအတွင်း ကွမ်းစားခြင်း/ကွမ်းတံတွေးထွေးခြင်း၊ စီးကရက်/ဆေးပေါ့လိပ်/ဆေးတံသောက်သုံး လွှင့်ပစ်ခြင်း စသည်တို့မှလည်း ကူးစက်ပျံ့ပွားနိုင်သည်။ 

  • ထို့ပြင် ခရမ်းချဉ်ကို ဆေး၊ ငရုတ်စသည့် Solanaceae မျိုးရင်းဝင်သီးနှံများနှင့် သီးရော၊ သီးညှပ်၊ သီးထပ်စိုက်ပျိုးခြင်း၊ လက္ခံစုဝင် ပေါင်းပင်များကို မနှိမ်နင်းခြင်းတို့ကြောင့်လည်း ရောဂါကူးစက် ဖြစ်ပွားနိုင်သည်။
အဓိကအားဖြင့် TMV သည် ပျိုးခင်းကတည်းက ပါဝင်ကူးစက်သည်ကများသည်။ ယခင်နှစ်က ပျိုးထောင်သော ပျိုးဘောင်နေရာများတွင် ထပ်မံပျိုးထောင်ခြင်းဖြင့် မြေကြီးမှလည်းကောင်း၊ အနီးတဝိုက်ရှိ TMV ခိုအောင်းနေသော ပေါင်းပင်များမှလည်းကောင်း ကူးစက်ခြင်းဖြစ်သည်။ သို့သော် ပျိုးပင်များတွင် ရောဂါလက္ခဏာပြမှုနည်းခြင်းကြောင့် မိုဇိတ်ရောဂါပါသော ပျိုးပင်များကို နှုတ်ယူပြောင်းရွှေ့စိုက်မိခြင်းဖြင့် ရောဂါကူးစက်ရာ မူလဇစ်မြစ် ဖြစ်လာသည်။ အထူးသဖြင့် နောက်ကျ၍ နှုတ်ယူပြောင်းရွှေ့စိုက်ပျိုးသော ပျိုးပင်များတွင် မိုဇိတ်ရောဂါ ပိုမိုပါဝင် ကူးစက်လေ့ရှိသည်။  

ကာကွယ်နှိမ်နင်းနည်း 
------------------------ 

  •  ခရမ်းချဉ်မိုဇိတ်ဗိုင်းရပ်ရောဂါသည် TMVပါဝင်သော ခရမ်းချဉ်မျိုးစေ့မှ ကူးစက်နိုင်ခြင်းကြောင့် ၎င်းရောဂါကင်းသော ခရမ်းချဉ်ပင်မှမျိုးစေ့များကိုသာ မျိုးယူစိုက်ပျိုးခြင်း (သို့မဟုတ်) TMVကင်းစင်ကြောင်း အာမခံချက်ရှိသည့် မျိုးစေ့များကိုသာ ဝယ်ယူစိုက်ပျိုးခြင်း ပြုလုပ်သင့်ပါသည်။ 

  • ရောဂါကင်းသော မျိုးစေ့များ မရရှိနိုင်ပါက (သို့မဟုတ်) မျိုးစေ့များတွင် ရောဂါမကင်းဟု သံသယရှိပါက စိုက်ပျိုးမည့်မျိုးစေ့များကို ၂% ဟိုက်ဒရိုကလိုရစ်အက်စစ် ပျော်ရည်တွင် ၂၀မိနစ်ကြာအောင်စိမ်၍ မျိုးစေ့ကိုထုတ်ယူပြီး တဖန်၎င်းကို ရေဖြင့်စင်ကြယ်အောင်ဆေးကြော၊ ပြန်လည်အခြောက်ခံခြင်းဖြင့် TMVကင်းစင်သော မျိုးစေ့ကို ရရှိနိုင်ပါသည်။ သို့ရာတွင် ဤသို့အက်စစ်ဖြင့် မျိုးစေ့ကိုကုသသောနည်းသည် အချို့သော ခရမ်းချဉ်မျိုးပြား၌ အညှောက်ပေါက်နှုန်းကို ထိခိုက်စေသဖြင့် အသုံးပြုရန်မသင့်ဟုလည်း ဆိုကြပါသည်။  

  • TMVသည် ဇီးဖြူပင်၊ နွားလျှာပင်စသော ပေါင်းပင်များစွာတွင် ခိုအောင်းကူးစက်နိုင်ခြင်းကြောင့် ပေါင်းပင်များကို နိုင်အောင်နှိမ်နင်းသုတ်သင်ခြင်းဖြင့် ခရမ်းချဉ်မိုဇိတ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်နိုင်သည်။ 

  • ခရမ်းချဉ်မိုဇိတ်ရောဂါသည် ပျိုုးခင်းကတည်းက ပါလာနိုင်သောကြောင့် ရောဂါကင်းသောပျိုးပင်များကို အတတ်နိုင်ဆုံးရွေးချယ်၍ အစောဆုံး ပြောင်းရွှေ့စိုက်ပျိုးရပါမည်။  

  • TMVသည် ပျိုးပင်ပြောင်းရွှေ့စိုက်ခြင်း၊ ခေါင်ညွန့်နှိမ်ခြင်း၊ ဘေးတက်ဖဲ့ခြင်း၊ အရွက်ခြွေခြင်း၊ အပင်ပြုပြင်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ ပိုးကောင်များကောက်ယူဖျက်ဆီးခြင်း၊ ပေါင်းသင် မြေဆွ ကြားလိုက်ခြင်းပြုလုပ်သည့် အလုပ်သမားများနှင့် ပစ္စည်းကရိယာများမှ ကူးစက်နိုင်ခြင်းကြောင့် ဤသို့ပြုလုပ်စဉ်နှင့် မပြုလုပ်မီ အလုပ်သမားများ၏လက်များနှင့် ပစ္စည်းကရိယာများကို 3%Trisodium orthophosphate (3%TSOP) ဖြင့်ဆေးကြော၍ တဖန်ဆပ်ပြာဖြင့် စင်ကြယ်အောင် ထပ်မံဆေးကြောရမည်။ 

  •  အကောင်းဆုံးနှင့် အန္တရာယ်အကင်းဆုံး အပင်ပြုစုနည်းမှာ အလုပ်သမားများကို TMVကင်းသော ခရမ်းချဉ်ပင်များကို ဦးစွာရွေးချယ်ဆောင်ရွက်စေပြီးမှ နောက်ဆုံးတွင် TMVမကင်းသော ရောဂါဖြစ်နေသည့် အပင်များကို ဆောင်ရွက်ရန် ညွှန်ကြားခြင်း ဖြစ်ပါသည်။  

  • TMVသည် ဆေးရွက်ခြောက်၊ ဆေးရိုးခြောက်တို့တွင် နှစ်ပေါင်းများစွာတည်နေပြီးမှပင် ကူးစက်ပျံ့နှံ့နိုင်သောကြောင့် အလုပ်သမားများအား ခရမ်းချဉ်ခင်းထဲတွင် ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းစသည်တို့ မပြုလုပ်အောင် တားမြစ်ရမည်။ 

  • TMV ခိုအောင်းကူးစက်ဝင်ရောက်နိုင်သော Solanaceae မျိုးရင်းဝင် ဆေး၊ ငရုတ်စသည့်သီးနှံများနှင့် သီးရော၊ သီးညှပ်၊ သီးထပ်စိုက်ခြင်းကို ရှောင်ကျဉ်ရမည်။ 

  •  သဘာဝမြေသြဇာ လုံလောက်အောင် ဖြည့်ဆည်းခြင်း၊ အချိုးသင့်တော်မျှတသည့် ကွန်ပေါင်းဓာတ်မြေသြဇာများ ကျွေးပေးခြင်း၊ ဟော်မုန်းအားဆေးများအသုံးပြုခြင်းဖြင့် ခရမ်းချဉ်ပင် ဖွံ့ဖြိုးသန်မာစေပြီး ရောဂါကိုလွှမ်းမိုးနိုင်အောင် Plant Vigor ဖန်တီးပေးနိုင်သည်။ 

  •  Green House/Glass House များဖြင့် စနစ်တကျစိုက်ပျိုးနိုင်သူများအတွက် မိုဇိတ်ရောဂါဖြစ်ပွားနေသော ခရမ်းချဉ်ပင်များကို (၃၅-၄၀)ဒီဂရီစင်တီဂရိတ်အကြားတွင် (၁၅)ရက်ခန့်ထားပေးသော အပူပေးနည်းဖြင့် အပင်တွင်းရှိ TMVများပျောက်ကွယ်သွားအောင် ဆောင်ရွက်နိုင်ကြပါသည်။    ။ 

 Than Win Agri