menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
တစ်နှစ်ပတ်လုံး ထွက်ရှိသည့်ငရုတ်သီးနှင့် ဈေးကွက်။
🌶🌶တစ်နှစ်ပတ်လုံးထွက်ရှိသည့်ငရုတ်သီးနှင့် ဈေးကွက်🌶🌶
-----------------------------------------------------------
🔸မြန်မာနိုင်ငံ၏ ငရုတ်စိုက်ပျိုးထုတ်လုပ်မှုသည် နေရာဒေသအနှံ့တွင် တစ်နှစ်ပတ်လုံးထွက်ရှိနေသည်ဟု ဆိုရပါမည်။ ဒေသအလိုက် ငရုတ်သီးပေါ်ချိန် ကွာခြားသကဲ့သို့ ဈေးကွက်အတက်၊ အကျကလည်း ဟန်ကျလိုက်၊ မကျလိုက်နှင့် ငရုတ်သီးထွက်ရှိချိန်ကာလလိုက် ဖြစ်ပေါ်နေသည်။ ကြက်သွန်၊ ခရမ်းချဉ်၊ ငရုတ်သည် ဈေးကွက်မတည်ငြိမ်သေးသော ဟင်းသီးဟင်းရွက်သီးနှံများ ဖြစ်ကြသည်။ မြန်မာနိုင်ငံကထွက်ရှိသော ငရုတ်ကို ပြည်ပနိုင်ငံများက ဝယ်ယူလျက်ရှိရာ ဗီယက်နမ်နိုင်ငံမှာလည်း ဈေးကွက်ကြီးမားလာသည်။
🔸ငရုတ်အမျိုးအစား အဓိကခွဲခြားရာတွင် အရသာအနေဖြင့် အချိုမျိုး၊ အစပ်မျိုးနှစ်မျိုးရှိသည်။ အချို့ကလည်း ငရုတ်ဆိုတာစပ်မှကြိုက်သည်။ ဆန့်ကျင်ဘက်အားဖြင့်ချိုသောငရုတ်ကိုလည်း စားချင်ကြသေးသည်။ ငရုတ်သီးစပ်သည်မှာ Capsicum ဓာတ်ကြောင့် ဖြစ်သည်။ ငရုတ်မျိုးကို မူတည်ခွဲခြားလိုက်လျှင်မိုးပေါ်ထောင်မတ်သီးသော မိုးမျှော်ငရုတ်ရှိသကဲ့သို့ အပင်မှ အောက်ငိုက်သီးသော ငရုတ်မျိုးရှိကြသည်။ တစ်ဖန်ငရုတ်သီး၏ပုံသဏ္ဌာန်ကိုမူတည်ပြီး ခွဲခြားမည်ဆိုပါကငရုတ်သီးအရှည်၊ ငရုတ်သီးအပု၊ ငရုတ်သီးအပွ လုံးဝိုင်းပုံရှိသည်။ အချို့ ငရုတ်သီးမှာလုံးဝိုင်း၍ သေးငယ်လွန်းလှသည်။ အချို့ငရုတ်သီးမှာ အရွယ်ကြီး၍ အသီးပွင့်သည်။
🔸ငရုတ်သီးအရောင် ခွဲခြားကြည့်ပါက အဖြူရောင်၊ ဆင်စွယ်ရောင်၊ အဝါနုရောင်၊ အဝါရင့်ရောင်၊ အစိမ်းရောင်ရှိကြသကဲ့သို့ မှည့်လျှင် နီရဲသောအရောင်၊ ဝါဝါလွင်လွင်ရှိသော အရောင်နှင့် ယခုအခါ ခရမ်းရောင်၊အနက်ရောင် ငရုတ်သီးအထိ မျိုးလိုက်၍အမျိုးမျိုးရှိကြပါသည်။စိုက်ပျိုးရာမှာလည်း မြေငန်၊ မြေညံ့မှလွဲ၍ မြေမရွေးဟု ပြောနိုင်ပါလိမ့်မည်။ အကောင်းဆုံးမြေမှာ သဲနုန်းမြေဖြစ်သည်။ရာသီဥတုမှာ ပူနွေးမှုကြိုက်သည်။ မိုးရေချိန်မှာ မိုးများရေဝပ်လျှင် မကြိုက်။ မိုးရေချိန်လက်မ ၃၀ မှ လက်မ ၅၀ ဆိုလျှင် ငရုတ်ပင်စိုက်ပျိုး၍ ဖြစ်ထွန်းသည်။ ငရုတ်စိုက်ပျိုးသောဒေသ အများစုသည် ပူပြင်းသောအညာနှင့် မြေလတ်ဒေသဖြစ်ကြသော်လည်း အလွန်ပူပြင်းသော အချိန်ကာလများတွင် အပွင့်၊ အသီး ဖြစ်ထွန်းမှုနည်းပါးသည်။ အကောင်းဆုံးအပူချိန်မှာ ၂၀ ဒီဂရီစင်တီရိတ်နှင့် ၃၀ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး၁၅ ဒီဂရီစင်တီဂရိတ်ထက် နိမ့်လျှင်ဖြစ်စေ၊၃၂ ဒီဂရီစင်တီဂရိတ်ထက် များလျှင်ဖြစ်စေ အပင်မသန်၊ အသီးထွက်နည်းသည်။
🔸ထို့ကြောင့်လည်း အညာနှင့် မြေလတ်ဒေသတွင် နွေ၊ မိုး၊ ဆောင်း၊ မိုးကြို၊ နွေကြို၊ဆောင်းနှောင်း စိုက်ပျိုးနိုင်ကြသော်လည်းမိုးများသော မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် မိုးရာသီမစိုက်ပျိုးကြဘဲ ဆောင်းရာသီမှာ စိုက်ပျိုးကြသည်။ဒေသအလိုက် ငရုတ်စိုက်ပျိုးချိန်မှာမိုးကြိုငရုတ်ကို ဖေဖော်ဝါရီလ၊ မတ်လ ပျိုးထောင်၍ ဧပြီလ၊ မေလ စိုက်ကြပြီး ဇူလိုင်လ၊သြဂုတ်လ ခူးကြသည်။ မိုးရာသီငရုတ်ကိုဧပြီလ၊ မေလ ပျိုးထောင်ပြီး ဇွန်လ၊ ဇူလိုင်လစိုက်ပျိုး၍ စက်တင်ဘာလ ခူးဆွတ်ကြသည်။ ဆောင်းငရုတ်ကို အောက်တိုဘာလပျိုးထောင်၍ နိုဝင်ဘာလ၊ ဒီဇင်ဘာလ စိုက်ပျိုးပြီး ဖေဖော်ဝါရီလ၊ မတ်လ ခူးဆွတ်ကြသည်။ငရုတ်ကို ပျိုးထောင်စိုက်ပျိုးကြသလိုပျိုးပင်ဝယ်၍လည်း စိုက်ပျိုးကြသည်။
🔸တစ်ခါတစ်ရံ ငရုတ်ဈေးကလည်း ကောင်းမည်။ ငရုတ်စိုက်ပျိုးသူကလည်း များပြီဆိုလျှင် ငရုတ်မျိုးစေ့ဈေးကြီးပေးဝယ်ရပြီး လိုသလောက်ဝယ်မရခြင်းမျိုး ရှိသည်။ ငရုတ်မျိုးများစွာ၊ မျိုးကောင်းမျိုးသန့်များစွာ ပြည်ပမျိုးများ ရှိကြသည်။ ရွှေငရုတ်၊ မိသားစု၊ သာမို၊ မောင်းတိန်း၊ ထိုင်ဝမ်၊ တောင်သုံးလုံးစသည်ဖြင့် အမည်မှည့်ခေါ်ကြသည်။ ငရုတ်စိုက်ပျိုးမှုများပြားသော အချို့တိုင်းဒေသကြီးများတွင် ငရုတ်စိုက်ပျိုးဧက သောင်းဂဏန်းရှိ၍ အထွက်ပိဿာချိန် သိန်းရာကျော်ရှိကြသည်။ စိုက်ပျိုးမှုနည်းသည်၊ များသည်မှာ ဝယ်လိုအားဈေးကွက်ပေါ် မူတည်နေပါသည်။
🔸ထို့ကြောင့် ငရုတ်သီးဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေကြသော အသင်းအဖွဲ့များရှိပြီး စံချိန်မီ၊ အရည်အသွေးကောင်းသည့် လုံခြုံစိတ်ချရသော အထူးသဖြင့် မှိုရောဂါ (အဖရာတော့ဆင် - ဘီဝမ်း) ကင်းသည့် ငရုတ်သီးများရရှိရန် ဂျီအေပီ (စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း) နည်းပညာပေး ဆောင်ရွက်နေကြရသည်။မှိုဆိပ်ပါဝင်မှုသည် မြေပဲနှင့် ငရုတ်သီးတွင် အများဆုံး ပါဝင်မှုရှိနေသဖြင့် စိုက်ပျိုးသောစနစ်၊ စိုက်ပျိုးသော မြေမျိုးပြုစုမှုတွင် အဓိကဖြစ်သည်။ မှိုဆိပ်သည်စိုက်ခင်းမှစ၍ ပါဝင်နိုင်ပါသည်။ အရည်အသွေးပြည့်မီလျှင် ပြည်ပဝယ်လိုအားဈေးကွက် ရှိလာပါမည်။
🔸ငရုတ်သီးအစိုနှင့် ငရုတ်သီးအခြောက်ဈေးကွက်၌ ငရုတ်သီးခြောက်တွင် မှိုဆိပ်များစွာ ပါဝင်နေကြသည်။ အဖရာတော့ဆင်သည် ပြောင်း၊ငရုတ်ကောင်း၊ နနွင်း၊ ပဲ၊ နေကြာတို့တွင်လည်း ပါရှိနိုင်သော်လည်း မြေပဲနှင့် ငရုတ်တွင် အများဆုံးပါရှိသည်ဟု သိရသည်။မှိုဆိပ်ပါဝင်မှုမှာ အပူချိန်နှင့် စိုထိုင်းဆအပေါ် မူတည်နေသည်။ မြေ၊ မျိုး၊ ပိုး၊သိုလှောင်မှုစနစ်တို့ကြောင့်လည်း ပါနိုင်သည်။ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်တွင်ဖရာတော့ဆင်ပါဝင်မှု ၂၀ ppb ထက်များလျှင် အန္တရာယ်ရှိသည်ဟု ကျန်းမာရေးရှုထောင့်က သတ်မှတ်သည်။ မှိုဆိပ်ကင်းသော ငရုတ်သီးဖြစ်ရန် စိုက်ပျိုးသူတောင်သူများက ဂျီအေပီစိုက်ပျိုးမှုအလေ့အကျင့် ဆောင်ရွက်ကြရပါမည်။ ဤသည်မှာ ပထမဆုံးဂရုပြုရမည့်လုပ်ငန်း ဖြစ်ပါသည်။
🔸ငရုတ်သီးခူးဆွတ်ပြီးလျှင် ခြောက်သွေ့အောင် နေလှန်းရမည်။ မြေကြီးပေါ်တွင် အခင်းအကာမပါဘဲ နေလှန်းမှု၊ အခြောက်ခံစက်ဖြင့် အချိန်တိုတိုအတွင်း အခြောက်မခံနိုင်မှု၊ ပတ်ဝန်းကျင် စိုထိုင်းဆနည်းအောင် ပြုလုပ်မပေးနိုင်မှု၊ ခြောက်သွေ့သောအပူချိန် မရရှိမှု၊ နေလှန်းချိန်ကြာမြင့်မှုတို့ကြောင့် မှိုအဆိပ်ဖြစ်ကြရသည်ဟု သုံးသပ်ကြသည်။ ငရုတ်သီး၏ ဈေးကွက်အားသာချက်မှာ အစိုဈေးမကောင်းလျှင် အသီးကို အပင်မှာထား၍ အမှည့်ခံခူးပြီး အခြောက်ခံရောင်းချနိုင်သည်။ မကွေးတိုင်းဒေသကြီးတွင် ငရုတ်သီးစောစောပေါ်လျှင် ဈေးကောင်းရတတ်သည်။ ဆင်ဖြူကျွန်း၊ စလင်းနှင့် မင်းဘူးဒေသတို့တွင် အောက်တိုဘာလပေါ်ထွက်လာသော ငရုတ်သီးက ဈေးပိုမိုရတတ်သည်။ ငရုတ်သီးခြောက် ဈေးမကောင်းသေးလျှင် ငရုတ်သီးမှုန့်အဖြစ် ပြုလုပ်ရောင်းချကြသေးသည်။
🔸မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်၊ ပျော်ဘွယ်၊ရမည်းသင်း၊ တပ်ကုန်းဒေသတို့တွင် မိုးမျှော်၊ မိုးထောင်ငရုတ်စိုက်ပျိုးမှုများသည်မှာ ဈေးကွက်ရှိ၍ဖြစ်သည်။ ပြည်ပဈေးကွက်တွင် မလေးရှား၊ ထိုင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ကလည်း ငရုတ်ဝယ်ယူမှုရှိသည်။ နိုဝင်ဘာလ၊ ဒီဇင်ဘာလစိုက်သည့်ငရုတ်များ သင်္ကြန်ကာလပြီးလျှင် ဆောင်းငရုတ်ဈေးကွက်မှ ငရုတ်စိုများ ရောင်းချကြသည်။ ငရုတ်စိုဝယ်ဈေးရှိလာ၍ အအေးခန်းများ တည်ဆောက်သိုလှောင်ကြသည်။ ငရုတ်ခြောက်ဈေးကွက် ရှိလာလျှင် အခြောက်ခံစက်များ ထားရှိလာကြသည်။ ဈေးကွက်တွင် ငရုတ်စို၊ ငရုတ်ခြောက်၊ ငရုတ်ပွ၊ ထိပ်စ စသည်ဖြင့် ရှိလာကြရာ ငရုတ်စိုက်ပျိုးသူများ ခူးဆွတ်၊ အခြောက်ခံ၊ ကုန်ချောထုတ်လုပ် စသည့် နေ့စဉ်ဝင်ငွေရ အလုပ်အကိုင် အခွင့်အလမ်းများစွာလည်း အဆိုပါဒေသများတွင် ရှိလာကြတော့သည်။
🔸ငရုတ်စိုက်ခင်း တစ်ဧကခူးဆွတ်သူ ၁၂ ဦးဖြင့် ငါးရက်တစ်ကြိမ် ခူးကြသည်။ တစ်ခါတစ်ရံ မကြုံစဖူး ထူးထူးခြားခြား ဈေးကွက်များလည်း ရှိလာကြသေးသည်။ ငရုတ်သီးဈေးကောင်းလျှင် စစ်ကိုင်းတိုင်းဒေသကြီးထဲမှ သခွားမွှေးစိုက်ခင်းများတွင် ငရုတ်သီးညှပ်ထည့်ပြီး စိုက်ကြသေးသည်။ ချောင်းဦး၊ မုံရွာ၊ ဘုတလင်ဒေသတို့၌ ဆောင်းရာသီစိုက် သခွားခင်းထဲ၌ ငရုတ်ပင်သီးညှပ်စိုက်ကြလေ့ ရှိသည်။ ဒေသငရုတ်မျိုး၊ ပြည်ပငရုတ်မျိုးစုံ စိုက်ပျိုးကြသည်။ နှစ်ပတ်တစ်ကြိမ် ငရုတ်သီးအစိုခူးယူကြသည်။ အမှည့်သီးကို တစ်လကြာထားပြီးမှ ခူးဆွတ်ကြသည်။
🔸ငရုတ်သီးစိမ်းဈေးကွက်သည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ၊ချောင်းဦး၊ မြောင်၊ ဘုတလင်ဒေသတို့က များပြား၍ ငရုတ်သီးခြောက်ဈေးကွက်သည်မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်း၊ ကူမဲ၊ကျောက်ဆည်ဒေသတို့က ပိုများသည်။ပျဉ်းမနား၊ တပ်ကုန်းဒေသတွင် စပါးရိတ်သိမ်းပြီးချိန် ဆောင်းရာသီ ပြာသိုလငရုတ်သီးစိုက်ပျိုးမှုတွင် မိုးမျှော်ငရုတ်၊ကုလားအော်ငရုတ် စိုက်ပျိုးမှုများပြီး သင်္ကြန်မတိုင်ခင် တန်ခူးလမှစ၍ ၁၀ ရက်တစ်ကြိမ် အသီးစိမ်းခူးဆွတ် ရောင်းချကြလေ့ရှိသည်။ တစ်ခါတစ်ရံ မိုးစပါးစိုက်ခါနီးဝါဆိုလအထိလည်း ငရုတ်စိုက်ပျိုးကြသည်ဟု သိရှိရသည်။ အောက်တိုဘာလမှာလည်းတပ်ကုန်းငရုတ်စိမ်း ပေါ်ထွက်သည်။ သခွားမွှေး၊ ဖရဲစိုက်ပျိုးမှုမှာလည်း ဈေးကွက်ကကောင်း၊ မကောင်း ပြောင်းလဲနေသကဲ့သို့ပျက်စီးမှုကလည်း ရာသီဥတုမှီတည်ရသေးသဖြင့် အစိုနှင့်အခြောက်ဈေးကွက် နှစ်မျိုးရှိသည်။ ငရုတ်ကို စိုက်ပျိုးမှုများလာခြင်း လည်း တွေ့ရှိရသည်။
🔸ငရုတ်သီး၏ ပြည်ပဈေးကွက်သည် ကလေး၊ တမူးမှ အိန္ဒိယသို့တစ်လမ်း၊ မင်းဘူး၊ တောင်ကုတ်မှ ရခိုင်ပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်သို့တစ်လမ်း၊ မန္တလေး၊ မူဆယ်မှ တရုတ်သို့တစ်လမ်း ရှိသည်ဟု ဈေးကွက်ထံမှ သိရှိရသည်။ ရာသီဥတုမှန်ကန်ပြီး နေပူပြင်းမှုမရှိ၊မိုးလည်းကောင်းလျှင် ဆောင်းစိုက်ငရုတ်များ ဖြစ်ထွန်းအောင်မြင်မှုရှိသည်။ မန္တလေးတိုင်းဒေသကြီး၊ သာစည်၊ မိတ္ထီလာတစ်ဝိုက်တွင် ဆောင်းငရုတ်ကို တန်ဆောင်မုန်းပျိုးထောင်၍ ပြာသိုလ၊တပို့တွဲလစိုက်ပျိုးပြီး ကဆုန်၊ နယုန်လ အသီးအပွင့်ဖြိုင်ဖြိုင်ပွင့်သီး၍ ဝါဆို၊ ဝါခေါင်၊ တော်သလင်းတွင် အသီးမှည့်ခူး ရောင်းချသည့်ဈေးကွက်ရှိပါသည်။ ဆောင်းငရုတ်ရောင်းချငွေသည်မိုးစပါးစိုက်ရန် ရင်းနှီးငွေရရှိကြသည်။ငရုတ်စိုက်ပျိုးချိန် ပူပြင်းမှုများလျှင်အပင်ဖြစ်ထွန်းမှုနှေးသည်။ အပွင့်၊ အသီးကင်း ကြွေကျမှုများသည်။
🔸မိတ္ထီလာဒေသတွင် မိုးကြိုငရုတ်စိုက်ပျိုးမှုကို တပို့တွဲ၊တပေါင်း စိုက်ပျိုးကြပြီး ငရုတ်သီးခြောက်ဈေးကောင်းရချိန် ခူးဆွတ်ရောင်းချကြသည်။ ရမည်းသင်းဒေသတွင် နွေရာသီ ရေသွင်း၍ ကဆုန်လ ငရုတ်စိုက်မှုရှိပါသေးသည်။ ရေကို ရေတွင်းတူး၍ ရယူကြသည်။ ရာသီဥတု မိုးမမှန်လျှင်၊ နေပူပြင်းလျှင် ပျပိုးကျမှုများ၍ ဖျက်ပိုးအပြင် ကိုင်းဖျားခြောက်ရောဂါများလည်း ကျတတ်သည်ကို အညာဒေသ၊ ညောင်ဦးမြို့နယ်ထဲ၌ ကြုံကြရတတ်သည်။ ရေသွင်းရန်ကလည်း ခက်ခဲ၊ ရေတွင်းတူးလည်း ကုန်ကျစရိတ်များသဖြင့် အပင်ဖြစ်၊ အသီးထွက်နည်းပြီး အရှုံးပေါ်ရသော စိုက်ခင်းများလည်း ရှိပါသေးသည်။ အဆိုပါဒေသများသည် မိုးရွာမှ ငရုတ်စိုက်ပျိုးကြရသဖြင့် ဝါခေါင်၊ တော်သလင်းလ စိုက်ကြသည်။
🔸မြစ်ရေတင်ရှိသော ဒေသများဖြစ်သည့် လက်ပန်ခြေပေါ်၊ ငါ့သရောက်၊ ကျောက်ဂူဒေသတို့၌ စက်ရေတွင်းများဖြင့် ရေရရှိလျှင် ငရုတ်စိုက်ပျိုးနိုင်ကြသည်။ မိုးရေမျှော်ကိုး စိုက်ကြရလျှင် ကန်ဆင်းမိုးနှင့် ကြယ်လွဲမိုး မိုးနှစ်မိုးကြားကာလရွာသော ဒေသအခေါ် ကြားမိုးရွာချိန် ချိန်ကိုက်၍ ပျိုးရစိုက်ကြရသည်။ စိုက်ခင်းမြေလည်း ရေနူး၊ မိုးနပ်မှ စိုက်ကြလေ့ရှိသည်။ ရေတင်၊ ရေသွင်း၊ ရေစုပ်စက်ဖြင့် စိုက်ရပါက စရိတ်ကြီးသည်။ တစ်ဧကကို ၁၀ နာရီကြာခန့် ရေသွင်းနိုင်မှ စိုက်ခင်းမြေ ရေနူးသောမြေမျိုး ဖြစ်ကြသည်။ စိုက်ပျိုးပြီးလျှင်လည်း ကြားကာလတွင် ရေနှစ်ကြိမ်၊ သုံးကြိမ် ပန်းပွင့်၊ သီးကင်းတည်ချိန် ထပ်မံရေသွင်းရသေးသဖြင့် ရေဖိုးစရိတ်များသည် အပင်လှန်ချိန်နှင့် ပန်းပွင့်ချိန် ရေပေးနိုင်လျှင် အထွက်ကောင်းသည်။ အထွက်နှုန်းကလည်း မှန်းသလောက်မထွက်လျှင်၊ ဈေးကွက်ကလည်း မကောင်းလျှင် ရှုံးပြီ။ ဈေးကောင်းရလျှင် မမြတ်သော်လည်း အရင်းကျေနိုင်သေးသည်။
🔸ငရုတ်ပျိုးခင်းတွင် ခါးရိရောဂါ၊ ပင်ညှိုးရောဂါ ကျတတ်သည်။ စိုက်ခင်းတွင် ကိုင်းဖျားခြောက်ရောဂါ၊ သီးပုပ်၊ အမြစ်ပုပ်ရောဂါ၊ သီးလုံးဖောက်ပိုး၊ ပျပိုး၊ သီးထိုးယင် ကျတတ်သည်။ ငရုတ်ပင်တွင်ကျသောသရစ်ပိုးမှာ ငရုတ်နှင့် ကြက်သွန်နီသီးညှပ်စိုက်လျှင်၊ ပြောင်းစိုက်ပျိုးပြီး ငရုတ်ထပ်မံစိုက်လျှင် ကျလေ့ရှိသည်။ငရုတ်ခူးမည်ဆိုပါက အသီးအရွယ်ပုံမှန်ရောက်ရှိချိန်၊ အစိမ်းခူးက အစိမ်းရောင်ရင့်ချိန်၊ အခြောက်ခံမည်ဆိုပါက အနီရောင်မှည့်ချိန် ခူးရသည်။ များသောအားဖြင့် ငါးရက်တစ်ကြိမ် ခူးလေ့ရှိသည်။ ငရုတ်သီးအခြောက်ခံရာတွင် ရေနွေးပူဖြင့် ရေနွေးဖြော အခြောက်ခံခြင်း၊ ကျပ်စင်တင်၍ အခြောက်ခံခြင်းမှာ မှိုပါဝင်မှုကင်းရန်ထက်ငရုတ်သီ းခြောက်အရောင်လှအောင် ပြုလုပ်ခြင်းဖြစ်သည်။ ရေနွေးအပူချိန်ကိုလည်း ၅၀ဒီဂရီစင်တီဂရိတ်ရှိရပြီး သုံးမိနစ်မှ ငါးမိနစ်ခန့် ရေပူစိမ်ပြီးမှာ သုံးရက် နေလှန်းအခြောက်ခံလျှင် ငရုတ်သီးခြောက်အရောင်လှ၍ ကြာရှည်ထားခံသည်။
🔸များသောအားဖြင့် အခွံပွသောငရုတ်မျိုး၊ အတောင့်ကြီးသော ငရုတ်မျိုး၊ ငရုတ်ချိုမျိုးများကို ရေနွေးဖြော၊ အခြောက်ခံတတ်ကြပြီး အခွံပါး၊ အတောင့်သေးငရုတ်မျိုးကို နေလှန်းအခြောက်ခံကြလေ့ ရှိသည်။တစ်ဧက ငရုတ်သီးခြောက်ပိဿာ၂၀၀ ကျော်ထွက်ရှိပြီး အစိုမှာ အခြောက်ထက် လေးဆပိုထွက်သည်။ မျိုးစေ့အဖြစ်ထားလိုလျှင် ရင့်မှည့်မှ ခူးကြရပြီး အသီးစိုမှ မျိုးစေ့ထုတ်ယူ၍ အရိပ်ထဲတွင် အခြောက်ခံရသည်။ မျိုးစေ့ငရုတ်ယူလျှင် နေပူလှန်းပြီးအခြောက်မခံသင့်ပါ။ယခုအခါ စနစ်တကျစိုက်ပျိုးလျှင် တစ်ဧက ငရုတ်သီးအစိုပိဿာ ၂၀၀၀၊ ပိဿာ ၃၀၀၀၊ ငရုတ်သီးခြောက်ပိဿာ၄၀၀၊ ပိဿာ ၆၀၀ ထွက်ရှိသော ငရုတ်သီးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးလျက်ရှိနေကြပါသည်။ -
ဆွေရည်
- မြန်မာတောင်သူကြီးများဂျာနယ်။