menu

သုံးစွဲရန်မမေ့သင့်သည့် ပိုတက်စီယမ် ဓာတ်မြေဩဇာ



 🌾🍉🌿🍇🍃🍎🎋🍒☘️🍍🍀🥭🍂

🔸 တောင်သူဦးကြီးများဓာတ်မြေဩဇာအမျိုးမျိုး အသုံးပြုရာတွင်အချိုးအစားမှန်ကန်မှုရှိရန်လိုအပ်သည်။ ဓာတ်မြေဩဇာအမျိုးအစားအလိုက် ထည့်ချိန်မှန်ကန်ဖို့လည်းလိုသည်။ ခွဲထည့်ရသည့်အခါရှိသကဲ့သို့ တစ်ကြိမ်တည်း နှင့်အပြီးထည့်လိုက်ရသည်လည်းရှိသည်။ ထို့ကြောင့်ဓာတ်မြေဩဇာများအကြောင်း သိရှိရန်၊ သုံးတတ်ရန် လိုပါသည်။

🔸 ဓာတ်မြေဩဇာများသည် သီးနှံပင်လိုအပ်သောအဓိကအာဟာရဓာတ်သုံးမျိုး (နိုက်ထရိုဂျင်၊ ဖော့စဖိတ် ၊ ပိုတက်စီယမ်) ကို အနည်းလိုအာဟာရ (၁၃)မျိုးမှလိုအပ်ချက်ကိုရော၍ ထည့်ပေးထားသည်။ ဥပမာ- အမိုးနီးယမ်းဆာလဖိတ် (နိုက်ထရိုဂျင်နှင့်ဆာလဖာဓာတ်) တွဲလျှက်ပါရှိပါသည်။ အချို့ ဓာတ်မြေဩဇာ များတွင် နိုက်ထရိုဂျင်ဓာတ် တစ်မျိုးတည်းသာပါရှိသည်။ ဥပမာ-( ယူရီးယား၊ ပုလဲဓာတ်မြေဩဇာ)တို့ဖြစ်သည်။

🔸 တောင်သူများသည် ချက်ချင်းတုံ့ပြန်မှုရှိသည့် အမျိုးအစားကိုကြိုက်ကြသည်။ နိုက်ထရိုဂျင်မြေဩဇာကို များများသုံးကြပြီး ဖော့စဖိတ်နှင့်ပိုတက်စီယမ် အသုံးလျော့နည်းလာသည်။ တစ်ချို့တောင်သူများသည် ဓာတ်မြေဩဇာဈေးနှုန်းကြီးမြင့်မှု၊ သုံးစွဲနည်းမသိမှုတို့ကြောင့် သီးနှံပင်လိုအပ်သော အဓိကအာဟာရဓာတ်သုံးမျိုးအနက် တစ်မျိုးသုံးမှု၊ နှစ်မျိုးသုံးမှု စသည်ဖြင့်ပြုလုပ်လာကြသည်။ ဤတွင် ပိုတက်စီယမ်(တောင်သူအခေါ် “ပိုတက်”) ဓာတ်မြေဩဇာကို အသုံးပြုမှုနည်းလာသည်။ တစ်ချို့မသုံးကြ တော့သည်အထိဖြစ်လာသည်။

🔸 သီးနှံပင်များစားသုံးရန်လိုအပ်သောအာဟာရဓာတ်(၁၆)မျိုးရှိသည်။ အဓိကသုံးမျိုးနှင့် အနည်းလို(၁၃)မျိုး ဖြစ်သည်။ ၎င်းဓာတ်များသည်အချင်းချင်းပေါင်းစပ်ခြင်းဖြင့်ဖြစ်စေ၊ ဓာတ်တစ်မျိုး၊ ဓာတ်နှစ်မျိုး၊ ဓာတ်သုံးမျိုးက တစ်ခြားဓာတ်မျိုးများကို ယူဆောင်၍အစာဖြစ်အောင်ပြုလုပ်ခြင်းဖြင့်ဖြစ်စေ၊ ဓာတ်ပြုခြင်းဖြင့်ဖြစ်စေ သီးပင်၊ စားပင်တို့၏ စားစရာအစာကိုချက်လုပ်ပေးကြသည်။ ဓာတ်တစ်မျိုးက ဓာတ်တစ်မျိုးကိုကူပို့ပေးနိုင်သည်။ ဆွဲခေါ်နိုင်သည်။ တွဲခေါ်နိုင်သည်။

🔸 ပိုတက်စီယမ်ဟုခေါ်သောပြာဓာတ်သည် အပင်ဆဲလ်များကြီးထွားဖွံ့ဖြိုးရန်၊ အမြစ်အားကောင်းရန်၊ ရေဓာတ်စုပ်ယူရန်နှင့် အရွက်များရေငွေ့ပျံရန်၊ အပင်အစိတ် အပိုင်းများ၏ ရုပ်အဖွဲ့အစည်း နှင့် ဇီဝကမ္မဖြစ်စဉ်များပြည့်စုံစွာလည်ပတ်နိုင်ရန်၊ အရွက်မှချက်လုပ်သော အစာနှင့် အပင်အတွက်လိုအပ်သော အာဟာရဓာတ်များကို အပင်၏အစိတ်အပိုင်း များသို့ လျှင်မြန်စွာပို့ဆောင် ပေးခြင်းဖြင့် အထွက်နှုန်းနှင့် သီးနှံ၏ အရည်အသွေးမြင့်မားရန် စသည့် အစွမ်းသတ္တိရှိသည့်အရေးကြီး ဓာတ်ဖြစ်သည်။အပင်သန်စွမ်း၊ ကျန်းမာကြံ့ခိုင်သဖြင့် ဖျက်ပိုး နှင့် အပင်ရောဂါ ဒဏ်ခံနိုင်ရည်ရှိစေသည်။ရာသီဥတုဒဏ်လည်းခံနိုင်ရည်ရှိသည်။ စပါးပင်များယိုင်လဲခြင်းမရှိရန်လည်း တားဆီးပေးနိုင်သည်။

🔸 ကစီဓာတ်များသော သီးနှံများ (ကာဗိုဟိုက်ဒရိတ်၊ ကော် နှင့် သကြား) တွင်ပိုတက်စီယမ် ဓာတ်မြေဩဇာကို လုံလောက်အောင်ထည့် ကြွေးရသည်။ ပိုတက်စီယမ်ဓာတ်သည် အသားဓာတ်(ပရိုတင်း) ထုတ်လုပ်ရာတွင် လည်းလိုအပ်သည်။ ကစီဓာတ် နှင့် အသားဓာတ် ထုတ်လုပ်မှုအချိုးမကိုက်ညီလျှင် အပင်ရောဂါဝင်မည်။ ပိုးကျမည်။ ရင့်မှည့်မှုနောက်ကျမည်။ ပိုတက်စီယမ်ဓာတ်ချို့တဲ့မှုသည်အပင်အရွက် အောက်ပိုင်းများ၌ လက္ခဏာပြသည်။ ရွက်နားတွန့်မည်။ အရွက်အရောင်မစိမ်းပဲ မွဲပြာပြာဖြစ်မည်။ အရွက်ကြွေမည်။ ရွက်နားတစ်ဝိုက်ညိုရောင်သန်း လာသည်။

🔸 ပိုတက်စီယမ်ဓာတ်သည် နိုက်ထရိုဂျင်ဓာတ်၊ ဖော့စဖိတ်ဓာတ်တို့ထက် တစ်ကြိမ်ထည့်လျှင်ကြာကြာခံသည်။ ရေစား၊ လေစားခံရမှုနည်းသည်။ အညာဒေသယာမြေများတွင် ပိုတက်စီယမ် ဓာတ်မြေဩဇာကို သီးနှံမစိုက်ခင် မြေမြှုပ်ပြင်ဆင်ထည့်ပေးကြသည်။ သို့သော်ထည့်သောပမာဏမများစေရပါ။ သီးနှံအလိုက်ထည့်ပေးရမည့် အချိုးအဆမှန်ကန်ရန်လေ့လာ ဂရုပြုရမည်။ သဲဆန်သောမြေများတွင်လည်း ပိုတက်စီယမ် ချို့တဲ့သဖြင့်မဖြစ်မနေ အသုံးပြုရပါမည်။

🔸 သို့ဖြစ်ရာ ပိုတက်စီယမ်ဓာတ်မြေဩဇာ၏ သီးနှံပင်များအတွက် အကျိုးပြုပုံ၊ အကျိုးရှိပုံများကို သိရှိပြီး နည်းစနစ်မှန်မှန် အချိုးအစားမှန်မှန်ဖြင့် အသုံးပြုနိုင်ကြပါရန် ရေးသားအပ်ပါသည်။

🔰စစ်မှန် ပြည့်ဝ ဝိစာရ🔰

Source စိုက်ပျိုး‌ရေးရာအကြံပြုချက်များ