menu

“ဇီဝပိုတက် မြေဩဇာအရည် ပြုလုပ်သုံးစွဲခြင်း”


🌾🌿🌱🌿🌾🌱🌾🌿🌱🌿🌾

⏩သီးနှံပင်များ ရှင်သန်ကြီးထွား မျိုးဆက်ပွားနိုင်ရန်အတွက် လိုအပ်တဲ့ အာဟာရဓာတ်(၁၆)မျိုးအနက် နိုက်ထရိုဂျင်ဓာတ်၊ ဖော့စ်ဖရပ်ဓာတ်၊ ပိုတက်စီယမ်စသည့် အဓိကဓာတ်ကြီး(၃)မျိုးတွင် ပိုတက်စီယမ် ဓာတ်သည် သီးနှံပင်များအတွက် နိုက်ထရိုဂျင်ဓာတ်၊ ဖော့စ်ဖရပ်ဓာတ်တို့နှင့် တန်းတူအရေးပါသော ဓာတ်တစ်ခုဖြစ်ပါတယ်။ ပိုတက်စီယမ်ဓာတ်ဟာ သီးနှံပင်အမြစ်မှစုပ်ယူရရှိသော အာဟာရဓာတ်များကို အရွက်မှ နေရောင်ခြည်အကူအညီနဲ့ အစာချက်လုပ်ပြီး ပရိုတင်းဖွဲ့စည်းမှု၊ ကာဗိုဟိုက်ဒရိတ် ရရှိအောင် အစာချက်လုပ်မှုအတွက်အဓိကအခန်းကဏ္ဍက တည်ရှိပါသည်။

⏩အပင်ကြီးထွားရှင်သန်ရေးအတွက် လိုအပ်တဲ့ စွမ်းအင်ရရှိရေး၊ ကာဗိုဟိုက်ဒရိတ်ကိုဖြိုခွဲပေးရာမှာ တာဝန်ယူပါတယ်။ အပင်အတွင်း သံဓာတ်ကဲ့သို့ Heavy metals များတစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းပေးခြင်း လုပ်ဆောင်တဲ့အတွက် သံဓာတ်အဆိပ်သင့်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ သီးနှံရင့်မှည့်မှုညီစေပြီး အသီးအနှံ၏ အရောင်အသွေးနဲ့ အနံ့အရသာ ချိုမွှေးအရည်ရွှမ်းစေတဲ့သတ္တိကို ပေးပါတယ်။ အပင် ပင်စည်ရဲ့ဆဲလ်များ တောင့်တင်းခိုင်မာမှု ရှိစေတဲ့အတွက် ရောဂါဖြစ်စေမှု၊ ပိုးမွှားကျရောက်ဖျက်ဆီးစေမှုကို တားဆီးပေးနိုင်ပါတယ်။ ပင်စည်တောင့်တင်းခိုင်မာသဖြင့် အပင်ယိုင်လဲမှုကို ကာကွယ်ပေးနိုင်ပါတယ်။

⏩သီးနှံများ အသီးအနှံပြည့်ဖြိုးအောင်မြင်မှု၊ အရောင်အသွေး တောက်ပလှပမှု၊ အသီးအပွင့် ဝတ်မှုံကူးအောင်မြင်မှုကို ဖြစ်ပေါ်စေပါတယ်။ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုဖြစ်ပါက ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိစေပါတယ်။ အပင်အင်္ဂါအစိတ်အပိုင်းတွင်းရှိ အင်ဇိုင်းအမျိုး၆၀ရဲ့ လုပ်ငန်းတာဝန်ကို ကူညီဆောင်ရွက်ပေးပါတယ်။ သီးနှံများရဲ့ အရွက်အောက်မျက်နှာပြင်မှာရှိတဲ့ စအိုမာတာအပေါက်များရဲ့ ပိတ်ခြင်း၊ ဖွင့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးပါတယ်။ ပိုတက်စီယမ်ဓာတ်ဟာ အရွက်မှ ချက်လုပ်ပြီးသော အစာများကို ပင်စည်၊ အမြစ်၊ အပွင့်၊ အသီး၊ အနှံများသို့ ပို့ဆောင်ပေးရာတွင် အဓိကသယ်ဆောင်ပေးသူအဖြစ် တာဝန်ယူပြီး အမြစ်များမှ စုတ်ယူရရှိသော အစာအာဟာရများကိုလည်း အစာချက်လုပ်ရန်အရွက်သို့ ပို့ဆောင်ပေးတဲ့ တာဝန်ကိုလည်း အဓိကထမ်းဆောင်ပေးပါတယ်။

⏩သီးနှံပင်မှာ ပိုတက်စီယမ်ဓာတ် ချို့တဲ့ပြီဆိုရင်တော့ ဦးစွာပထမ အပင်ရှင်သန်ကြီးထွားဖွံ့ဖြိုးမှု တန့်သွားပါတယ်။ အရွက်ဟောင်းများမှာ အစိမ်းရင့်ရောင်မှ ဝါညိုရောင်၊ အညိုရင့်ရောင်သေနာကွက် များ ရွက်ထိပ်ဖျားမှစတင်ကာ ရွက်နှုတ်ခမ်းသားတစ်လျှောက် ဆက်လက်ဖြစ်ပေါ်ပါတယ်။ အဝါရောင်အစင်းများ အရွက်ကြောနဲ့ အပြိုင်ဖြစ်ပေါ်ပြီး အရွက်များ လိပ်သွားပါတယ်။ အပင်ပုစေတယ်။ အပင်ညှိုးတယ်။ အပင်ယိုင်လဲစေတယ်။ ရင့်မှည့်မှုစောပြီးအမြစ်များ ရောဂါကျစေပါတယ်။ 

⏩အပူချိန်မြင့်ခြင်း၊ စိုထိုင်းဆနိမ့်ခြင်း ဒဏ်မခံနိုင်ဘဲအရွက်များ ညှိုးခြင်း၊ လိပ်ခြင်း၊ အရွက်အိုမင်း ရင့်ရော်လွယ်ခြင်း ဖြစ်စေပါတယ်။ အဖိုဝတ်ဆံမြုံခြင်း၊ ဝတ်မှုန်ကူးမှုညံ့စေခြင်း၊ အစေ့အဆန်မတည် သန္ဓေမအောင်ဘဲအဖျင်းများစေပါတယ်။ ချက်လုပ်ပြီးတဲ့အစာများ မရွှေ့ပြောင်းနိုင်တဲ့အတွက် အပင်ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။ သံဓာတ်အဆိပ်သင့်ခံရခြင်းနဲ့ တခြားဓာတ်များ အဆိပ်သင့်မှု ခံနိုင်ရည်လျော့နည်းစေပါတယ်။ 

⏩ပိုတက်စီယမ်ဓာတ်ဟာ မြေဆီလွှာထဲမှာ အတော်အတန်ချို့တဲ့မှု မဖြစ်ပေါ်တတ်သော်လည်း အပင်မှာ ပိုတက်စီယမ်ချို့တဲ့မှုလက္ခဏာ ကြုံတွေ့ရတတ်ပါတယ်။ အကြောင်းမှာ မြေကြီးထဲမှာ ထုံး၊ မဂ္ဂနီစီယမ်၊ တခြားဓာတ်စင်များ လိုသည်ထက်ပိုများနေပါက ၎င်းဓာတ်များက ပိုတက်စီယမ်ဓာတ်ကို အပင်က မစုပ်ယူနိုင်အောင် ချုပ်ထိန်းခံထားရသောကြောင့် ဖြစ်ပါတယ်။ ဤအခြေအနေမျိုးများမှာ ပိုတက်စီယမ်မြေသြဇာကို မြေဆီလွှာအတွင်း ထည့်ပေးခြင်းထက် အရွက်မှစ၍ ဖျန်းပေးခြင်းက ပိုမိုထိရောက်နိုင်ပါတယ်။

⏩ထို့ကြောင့် တောင်သူလယ်သမား လုပ်ရလည်းလွယ်၊ ကုန်ကျစရိတ်လည်း သက်သာ၊ ဓာတ်ကြွင်း အာနိသင်လည်း ကင်းလွတ်တဲ့ဇီဝပိုတက်စီယမ်မြေသြဇာအရည် ပြုလုပ်သုံးစွဲနည်းလေး မျှဝေပေးလိုက် ချင်ပါတယ်။

⏩ဆေးရွက်ကြီးပင်စည်အရိုး တစ်ကီလိုဂရမ်ကို ဓားနဲ့ နုပ်နုပ်စဉ်းပါ။ ရရှိလာတဲ့ဆေးရွက်ကြီးပင်စည်အရိုး အပိုင်းအစများကို ဖွဲနု နို့ဆီတစ်ဘူးနဲ့ သမအောင် ရောမွှေပါ။ ရောမွှေရရှိသော ပစ္စည်းကိုမြေအိုးတစ်လုံး ထဲသို့ထည့်ပါ။ ၎င်းအပေါ်က အီးအမ် ၁၀၀စီစီကို လောင်းထည့်၍ တုတ်ချောင်းဖြင့်သမအောင်မွှေပေးပါ။ အိုးထဲသို့ ရေတစ်ဂါလန်မျှထည့်၍ မွှေပေးပါ။ အိုးအဝကိုပိတ်ပါးစဖြင့်ဖုံး၍ ကြိုးဖြင့် ကျပ်ကျပ်ပတ်စည်း ပေးထားပါ။ 

⏩အေး၍ခြောက်သွေ့သောနေရာတွင်ထားပါ။ နေရောင်ဖြင့် တိုက်ရိုက်မထိတွေ့စေရပါ။ ခုနစ်ရက် တစ်ပတ်ပြည့်တဲ့အခါ ပိတ်ပါးစကိုဖွင့်၍ တုတ်ဖြင့်သမအောင်မွှေပေးပါ။ ပိတ်စပြန်ဖုံးပြီး ခုနစ်ရက် ထပ်မံထားပါ။ (၁၄ ရက်) နှစ်ပတ်ပြည့်ပါက အသုံးပြုနိုင်ပါတယ်။

⏩အသုံးပြုပုံကတော့ ဆေးရွက်ကြီးအရည် ၇၀၀ စီစီကို ရေလီတာ ၂၀ နဲ့ ရောစပ်၍ ပက်ဖျန်းနိုင်ပါတယ်။ ပက်ဖျန်းရာမှာအပင်အရွက်အောက်မျက်နှာပြင်ထိအောင်ဖျန်းနိုင်ပါက ပိုမိုထိရောက်နိုင်ပါတယ်။ အသုံးပြုနိုင်တဲ့ သီးနှံများကတော့ စပါးသီးနှံမှာ ပင်ပွားစုံချိန်၊ မှို့ကပ်ချိန်၊ အနှံစုံချိန်သုံးကြိမ်ဖျန်းပေးရန် လိုအပ်ပါတယ်။ တခြားနှံစားသီးနှံများလည်း အသုံးပြုနိုင်ပါတယ်။ သစ်သီးဝလံ (သရက်၊ ကျွဲကော၊ မာလကာ၊ ထောလပတ်၊ ပန်းသီး၊ လိမ္မော်၊သစ်တော်) စတဲ့သီးနှံများကို အပွင့်ဖူးပေါ်စတစ်ကြိမ်၊ ပန်းဖြိုင်ဖြိုင်ပွင့်ပြီးစတစ်ကြိမ်နှစ်ကြိမ်ဖျန်းပေးဖို့ လိုပါတယ်။ ဟင်းသီးဟင်းရွက်၊ ငရုတ်၊ အာလူး၊ ကြက်သွန်၊ ခရမ်းချဉ်၊ မုန်လာထုပ်၊ ပန်းမုန်လာများမှာအပင်ကြီးထွားအဆင့်မှာ တစ်ကြိမ်၊ ပွင့်ဖူးထိုးစ တစ်ကြိမ် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တစ်ကြိမ် သုံးကြိမ်ဖျန်းပေးဖို့လိုအပ်ပါကြောင်း မျှဝေလိုက်ရပါတယ်။

Sources : အောင်ဆန်း(စိုက်ပျိုးရေး)