menu

ရာသီကုန်ချိန်တွင် မိုးစပါးဈေးနှုန်းများ ပြန်တက်လာ .....


🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾 

✔️ဖျက်မိုးများကြောင့်ပေါ်ဦးပေါ်ဖျားမိုးစပါးများ အရည်အသွေးထိခိုက်ပြီးဈေးကျခဲ့သော်လည်း လက်ရှိမိုးစပါးရာသီကုန်ခါနီး ပေါ်သည့်စပါးများမှာအရည် အသွေးကောင်းသည့်အတွက် ဈေးများ ပြန်တက်လာကြောင်း ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်မှသိရသည်။ 

✔️လက်ရှိဈေးကွက်တွင်မိုးစပါးလက်ကျန်နည်းနေပြီး ဈေးနှုန်းမြင့်တက်နေကာ ဆန်ကြမ်းစပါး တင်း ၁၀၀ လျှင် ကျပ် ၆၀၀,၀၀၀ ဝန်းကျင်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း၊ စက်တင်ဘာလမိုးစပါးပေါ်ချိန်တွင် မိုးအဆက်မပြတ်ရွာသွန်းသောကြောင့် မိုးစပါးများပျက်စီးခဲ့ကာ စပါးတင်း ၁၀၀ လျှင် ကျပ် ၄၄၀,၀၀၀ မှ ကျပ် ၄၅၀,၀၀၀ သာရရှိခဲ့ကြောင်း၊ ယခုလပိုင်းတွင်ရာသီဥတုကောင်းမွန်ပြီး စပါးထွက်ရှိမှုတွင် ထိခိုက်မှု မရှိသော်လည်း စိုက်ပျိုးမှုနည်းပါးသောကြောင့်လက်ကျန် စပါးနည်းနေပြီး ဈေးကောင်းရရှိနေကြောင်း သိရသည်။  

✔️“နိုဝင်ဘာလပိုင်း ဒုတိယပတ်ကျော်လာတဲ့အချိန်မှာ နယ်တွေမှာကစပါးကုန်သလောက်ဖြစ်သွားပြီ။ ဒီနှစ်စပါးပေါ်ချိန်မှာမိုးဖျက်တာကြောင့် စပါးအစိုတွေပေါ်လာတဲ့အခါ နယ်မှာရှိတဲ့လှောင်သမား၊ စက်သမားတွေက စပါးတွေမသိမ်းတော့ တောင်သူတွေက ရသမျှစပါးတွေကို ရန်ကုန်ဈေးကွက်ကို ပို့လိုက်တော့ စက်တွေ ဂိုဒေါင်တွေက လွတ်နေပြီ။ အခုအချိန်မှာပြန်ဝယ်မယ်လုပ်တော့ ဈေးက ကျပ် ၆၀၀,၀၀၀ လောက်ဖြစ်နေပြီ”ဟု ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦး ကပြောသည်။  

✔️လက်ရှိစပါးပေါက်ဈေးသည် အစိုးရကသတ်မှတ်ထားသည့် စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းဈေးနှုန်း ကျပ် ၅၂၀,၀၀၀ ထက်ပိုမြင့်နေကြောင်းသိရသည်။ လက်ရှိတွင်ဆန်ကြမ်းအမျိုးအစားဖြစ်သည့် ရက် ၉၀ စပါးများမှာ တင်း ၁၀၀လျှင် ကျပ် ၅၆၀,၀၀၀ မှ ၅၈၀,၀၀၀ ကြားပေါက်ဈေးရှိနေပြီး ဆန်ချောမျိုး ဖြစ်သည့် တောင်ပြန်စပါးများမှာ ကျပ် ၈၀၀,၀၀၀ မှ ၈၂၀,၀၀၀ အထိဈေးရရှိနေကြောင်း ရန်ကုန်တိုင်း သန်လျင်မြို့နယ်မှ တောင်သူ ဦးအေးဌေး က ပြောသည်။“ဆန်သစ်၊ ဆန်ဟောင်း အလှည့်အပြောင်းကာလမှာ ဆန်ဟောင်းတွေက ဈေးကောင်းပိုရနေတဲ့ သဘောပါ။ နှစ်တိုင်းလဲ ဒီလိုမျိုးဈေးရပါတယ်။ ကုန်သည်တွေလည်းစပါးတွေဆင်းဝယ်နေကြပြီ။ တောင်သူတွေကတော့ ကျပ် ၉၀၀,၀၀၀ လောက်အထိရဖို့ စောင့်နေကြတယ်” ဟု ၎င်းက ပြောသည်။ 

✔️မြေပြင်ပေါက်ဈေးမှာ အစိုးရထုတ်ပြန်သည့် အခြေခံရည်ညွှန်း စပါးဈေးနှုန်းအောက် ကျဆင်းခဲ့ပါက ကျပ်ဘီလီယံ ၂၀ အသုံးပြုကာ ရန်ကုန်၊ ပဲခူး၊ဧရာဝတီ၊ ရခိုင်ပြည်နယ်တို့တွင် သတ်မှတ်ထားသည့် အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက စီစဉ်ထားသည်။ 

Sources : The Farmer Media