menu

"အိန္ဒိယနိုင်ငံ ပဲတင်သွင်းခွင့် နှင့် ပြည်တွင်းပဲတီစိမ်းစျေးကွက် အခြေအနေ"


🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿

⏹မြန်မာနိုင်ငံမှ ပဲတီစိမ်းများလွတ်လပ်စွာတင်သွင်းခွင့်ကို ပယ်ဖျက်ကာ ကန့်သတ်တင်သွင်းရန် အိန္ဒိယနိုင်ငံအစိုးရက ပြင်ဆင်သတ်မှတ်လိုက်သော်လည်း ပြည်တွင်းပဲတီစိမ်းစျေးကွက်ကို ထိခိုက်ရန် အကြောင်းမရှိ ဟုသိရသည်။ အိန္ဒိယနိုင်ငံ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန သည် ဖေဖော်ဝါရီလ (၁၁) ရက်တွင် ပဲတီစိမ်းကို ကန့်သတ်တင်သွင်းခွင့်ပြုသည့် ကုန်စည်အဖြစ် မူဝါဒပြင်ဆင်သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

⏹အိန္ဒိယနိုင်ငံက ပဲတီစိမ်းအပေါ် တင်သွင်းခွင့်ကန့်သတ်လိုက်သော်လည်း ဝယ်လိုအားများသည့် ကုန်စည်ဖြစ်သောကြောင့် ဈေးကွက်ကျဆင်းရန်မရှိ ဟု စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးမျိုးသူက သုံးသပ်သည်။ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလကုန်ပိုင်းတွင် ပဲတီစိမ်းအများဆုံးထွက်ရှိပြီး တရုတ်နိုင်ငံသို့လည်း ပယ်လယ်ရေကြောင်းမှတစ်ဆင့် ပုံမှန်တင်ပို့မှုရှိနေခြင်း၊ အခြားနိုင်ငံများ၏ ဝယ်လိုအားရှိနေခြင်း တို့ကြောင့် ပြည်တွင်းဈေးကွက်ကို ထိခိုက်မှုရှိမည်မဟုတ်ကြောင်း ၎င်းက သုံးသပ်သည်။

⏹“အိန္ဒိယနိုင်ငံက ကန့်သတ်တယ်ဆိုပေမယ့် မတ်လကုန်ထိ တင်ပို့ခွင့်ရထားပြီးသားပါ။ လက်ရှိ ဘဏ္ဍာနှစ်နဲ့ ဖြတ်တာပေါ့။ လာမယ့်ဘဏ္ဍာနှစ်နဲ့ ဆက်သွားမှာပါ။ မြန်မာနိုင်ငံမှာလည်း ပဲတီစိမ်းက တစ်နှစ်လုံးထွက်နေတာဆိုတော့ လည်ပတ်သွားမှာပါ။ လက်ရှိတင်ပို့မှုအခြေအနေအရ တရုတ်နိုင်ငံကို အများဆုံးတင်ပို့နေတာဖြစ်လို့ သိပ်စိုးရိမ်စရာမရှိပါဘူး။ လက်ရှိမှာ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလအထိ မြန်မာနိုင်ငံကနေ ပဲတီစိမ်းတန်ချိန် ၅၀,၀၀၀ ကျော်လောက်ပဲ ထွက်သေးတာပါ။ ဒီအထဲမှ တန်ချိန် ၂၀,၀၀၀ ကျော်က တရုတ်ကို ပို့တာပါ။ စင်ကာပူနိုင်ငံကို တန်ချိန် ၁၄,၀၀၀ လောက် တင်ပို့ပါတယ်။ စင်ကာပူနိုင်ငံကိုတင်ပို့မှုက တစ်ဆင့်တင်ပို့မှုတော့ ဖြစ်နိုင်ပါတယ်။ အိန္ဒိယနိုင်ငံကို တိုက်ရိုက်တင်ပို့မှုကတော့ တန် ၁,၀၀၀ လောက်ပဲ ရှိပါတယ်။ ဒါကြောင့် ပဲတီစိမ်းက ပုံမှန်ကုန်သွယ်မှု လမ်းကြောင်းသွားနေတာဖြစ်လို့ ရပ်သွားစရာမရှိပါဘူး။ ပြည်တွင်းစျေးကွက်ကို ထိခိုက်နိုင်စရာမရှိပါဘူး။ လက်ရှိမှာ ပြည်တွင်းဒေသအလိုက် ကုန်စည်ဒိုင်တွေမှာ ပဲတီစိမ်းစျေး ကျဆင်းနေတာမရှိပါဘူး။ နယ်စပ်ကသာ မသွားတာ ပင်လယ်ရေကြောင်းကနေ တရုတ်နိုင်ငံကို တင်ပို့နေပါတယ်။ လက်ရှိမှာ ပဲတီစိမ်းထွက်ရှိမှုရဲ့ ၄၀ ရာခိုင်နှုန်းလောက် တင်ပို့နေပါတယ်” ဟု ၎င်းက ပြောသည်။

⏹တချိန်တည်းမှာပင် ပြည်တွင်းပဲတီစိမ်းဈေးနှုန်းကျဆင်းမှု မရှိစေရန် စီးပွား/ကူးသန်းဝန်ကြီးဌာနက ဖေဖော်ဝါရီ (၁၄) ရက်တွင် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး အိန္ဒိယအစိုးရနှင့်ချိတ်ဆက်ကာ ယခင်ကဲ့သို့ လွတ်လပ်စွာတင်ပို့ခွင့်ရရှိရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းညှိနှိုင်း အစည်းအဝေးတွင် EU အပါအဝင် ဈေးနှုန်းပိုမိုရရှိနိုင်မည့် အခြားဈေးကွက်များသို့ တိုးချဲ့တင်ပို့နိုင်ရေး စီမံဆောင်ရွက်သွားရန်ကိုလည်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာပွင့်ဆန်းက တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။

⏹လက်ရှိတွင် ဖေဖော်ဝါရီ (၁၁) ရက်နောက်ပိုင်း အိန္ဒိယဈေးကွက်ကို တင်ပို့ရောင်းချရန် စီစဉ်ထားသည့် ပဲတီစိမ်းများမှာ ဆိပ်ကမ်းသို့ရောက်ရှိနေပြီးဖြစ်ကာ အဆိုပါ ကြေညာချက်ကြောင့် တင်ပို့မှုတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း ပဲကုန်သည်အချို့က ပြောကြားသည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဖေဖော်ဝါရီလ (၄) ရက်အထိ ပဲတီစိမ်း ၁၄၇,၃၂၆ တန်ကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခဲ့ပြီး အိန္ဒိယဈေးကွက်သို့ ၁၈,၈၄၂ တန် (၁၂ ရာခိုင်နှုန်းခန့်) တင်ပို့ထားကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။

⏹ယခင်က မြန်မာနိုင်ငံအောက်ပိုင်း ခရမ်း-သုံးခွမှ ပဲတီစိမ်းရွှေဝါစျေးကွက်သည် မန္တလေးမြို့မှတဆင့် နယ်စပ်ကုန်သွယ်မှုဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ရာ လက်ရှိ နယ်စပ်ကုန်သွယ်မှုမူဝါဒ အပြောင်းအလဲများကြောင့် ပဲတီစိမ်းစျေးကွက်မှာ ရန်ကုန်စျေးပဲစျေးကွက်သို့ ပြောင်းရွှေ့ပြီး တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တစ်ဆင့်တင်ပို့လျက်ရှိသည်။

⏹သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (The Farmer Media)