menu

"ရော်ဘာခြံများပြန်လည်ဖွင့်ချိန် ပြည်တွင်းရော်ဘာစျေး မြင့်တက်နေ"


🌳🌳🌳🌳🌳🌳🌳🌳🌳🌳

✔လက်ရှိဒေါ်လာစျေး မြင့်တက်နေခြင်းကြောင့် ပြည်တွင်းရော်ဘာစျေးမြင့်တက်နေကြောင်းသိရသည်။ ပြီးခဲ့သည့်နှစ်က ရော်ဘာရာသီတွင် ရော်ဘာတစ်ပေါင်လျှင် ၇၅၀ ခန့်သာရှိခဲ့ပြီး ယခု ရော်ဘာ တစ်ပေါင်လျှင် တစ်ထောင်အထက်တွင် ရှိနေကြောင်းသိရသည်။ 

✔“ရော်ဘာ က အခုမှမိုးပြတ်တာဆိုတော့ အခုမှသေသေချာချာ စတင်ရမှာပါ။ ဒေါ်လာစျေး တက်နေတော့ ပြည်တွင်းရော်ဘာစျေးက တစ်ထောင်အထက်မှာရှိနေတယ်။ ခြံစတင်ဖွင့်လှစ်ချိန်မှာ ခြံလုပ်သမားရှားပါတဲ့ အခက်ခဲတွေရှိတယ်။ ပြည်ပ နိုင်ငံတကာစျေးကတက်ရင်လဲနည်းနည်း ကျရင်လဲ နည်းနည်းပါ” ဟု မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။

✔လက်ရှိ နိုင်ငံတကာပေါက်စျေး တစ်တန်လျှင် ဒေါ်လာ ၁,၉၀၀ မှ ၁,၉၂၀ ဝန်းကျင်တွင်ရှိနေပြီး အများဆုံး ပင်လယ်ရေကြောင်းမှတင်ပို့လျက်ရှိကြောင်းသိရသည်။ “ ပင်လယ်ရေကြောင်းက သွားတဲ့အခါမှာ ကွန်တိန်နာစောင့်ဆိုင်းရတာကြာတယ်။ ကွန်တိန်နာရရှိမူအရမ်းခက်ခဲတယ်။ နောက်ပိုင်း ဘဏ်အခက်ခဲ ကြောင့် လုပ်ငန်းကြန့်ကြာတာတွေရှိနေတယ်” ဟု ၎င်းကဆက်လက်ပြောသည်။ လက်ရှိ ပြည်ပတွင် ရပ်နားထားသည့် ရော်ဘာအဓိကထား သုံးစွဲနေသည့် ကားတာယာစက်ရုံများနှင့် ဖိနပ်ထုတ်လုပ်ငန်းများ ပြန်လည်စတင်နိုင်မှသာ ရော်ဘာတင်ပို့မှုမြင့်တက်နိုင်မည်ဖြစ်ကြောင်း သုံးသပ်ကြသည်။

✔ပြည်တွင်းမှ တရားမဝင်မှောင်ခိုဖြင့် ထိုင်းနိုင်ငံဘက်သို့ တင်ပို့နေခြင်းများလည်း ရှိနေသောကြောင့် တင်ပို့မှုပမာဏအား အတိအကျခန့်မန်းရခက်ခဲကြောင်း ပျမ်းမျှအနေဖြင့်ယခုနှစ်တွင် တန်ချိန်နှစ်သိန်းခွဲ ခန့် တင်ပို့နိုင်တော့မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။ မြန်မာ့ရော်ဘာ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်း ခန့်မှာ တရုတ်နိုင်ငံသို့အဓိက တင်ပို့လျက်ရှိကာ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများသို့လည်း တင်ပို့မှုများရှိကြောင်းလည်း သိရပြီးပုံမှန်နှစ်များတွင် ပြည်ပနိုင်ငံများသို့ ရော်ဘာတန်ချိန် နှစ်သိန်းခန့် တင်ပို့နေကြောင်းသိရသည်။

✔ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်သည့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးမှုများရှိသည်။

✔ရော်ဘာသီးနှံဈေးကွက်သတင်းများကို ရော်ဘာစိုက်တောင်သူများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Credit to : အက္ခရာ(AMIA)