menu

ဧရာမတ်ပဲ စျေးကွက်အခြေအနေ


🍀☘️🍀☘️🍀☘️🍀☘️🍀☘️🍀

✔ ဧရာဝတီတိုင်းဒေသကြီးအတွင်း မတ်ပဲအသစ်များစျေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်လာချိန်တွင် အဖွင့်စျေးကောင်းခဲ့သောမတ်ပဲဈေးနှုန်းမှာ ယခုရက်ပိုင်းအတွင်း အနည်းငယ်စျေးပြန်ကျလျှက်ရှိသည်။ ယခင်သုံးသပ်ခဲ့သည့်အတိုင်း မြန်မာငွေကြေးဈေးနှုန်းအတက်အကျပေါ်မူတည်၍ မတ်ပဲသစ် အဖွင့်ဈေးကောင်းခဲ့သည်ဟုဆိုနိုင်ပြီး မတ်ပဲသစ်လှိုင်လှိုင်ပေါ်ချိန်တွင်ဖြစ်လေ့ရှိသည့် အခြေအနေ အတိုင်း ယခုရက်ပိုင်းအတွင်းမတ်ပဲဈေးအနည်းငယ်ပြန်အေးနေခြင်းဖြစ်သည်။

✔ ယခင်သီတင်းပတ်ကာလအတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် မတ်ပဲတစ်တင်းလျှင်ကျပ် ၄၅,၄၀၀၊ (၂၅) ရက်နေ့တွင် ကျပ် ၄၅,၀၀၀၊ (၂၆) ရက်နေ့တွင် ကျပ် ၄၃,၃၀၀၊ (၂၇) ရက်နေ့တွင် ကျပ် ၄၂,၅၀၀၊ (၂၈) ရက်နေ့တွင် ကျပ် ၄၂,၂၀၀၊ (၂၉) ရက်နေ့တွင် ကျပ် ၄၂,၉၀၀၊ (၃၀) ရက်နေ့နှင့် (၃၁) ရက်နေ့တွင် ကျပ် ၄၂,၀၀၀ အသီးသီးဖြစ်ပါသည်။

✔ ယခင်သီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းဈေးကွက်တွင် မတ်ပဲဈေးနှုန်း တစ်ကွမ်တယ် လျှင် ၁၀၀ ရူပီးခန့်ဈေးကျဆင်းခဲ့ပြီး ပဲခွဲစက်များ၏ဝယ်လိုအားလည်းကျဆင်းနေခဲ့သည်။ ထို့အပြင် ယခုနှစ် မြန်မာမတ်ပဲအထွက်နှုန်းတိုးမည်ဟု အိန္ဒိယနိုင်ငံဘက်ကခန့်မှန်းထားပြီး မတ်ပဲတင်သွင်းခွင့်ကာလကို တိုးမြှင့်သတ်မှတ်ထားခြင်း၊ အိန္ဒိယသို့မြန်မာမတ်ပဲအဝင်ပုံမှန်ရှိနေခြင်း၊ အခြားဒေသများမှပြည်တွင်း မတ်ပဲများဈေးကွက်အတွင်း ဝင်ရောက်လာခြင်းတို့ကြောင့်လည်း မတ်ပဲဈေးကျဆင်းရခြင်းဖြစ်သည်။

✔ အိန္ဒိယနိုင်ငံတွင် မိုးစိုက်ပဲဧရိယာများ ရာသီဥတုဖောက်ပြန်မှုကြောင့်ပျက်စီးခဲ့ရပြီး အထွက်နှုန်းနှင့် အရည်အသွေးကျဆင်းကာ ဆောင်းသီးနှံစိုက်ပျိုးဧရိယာကျဆင်းခဲ့သော်လည်း လာမည့် ဆောင်းသီးနှံ အခြေအနေမှာမူ အထွက်နှုန်းကောင်းနိုင်ကြောင်း ၎င်းနိုင်ငံအစိုးရကခန့်မှန်းထားသည်။

✔ အိန္ဒိယနိုင်ငံ၏ပြည်တွင်းဈေးနှုန်းကျဆင်းနေခြင်း၊ မြန်မာမတ်ပဲလှိုင်လှိုင်ပေါ်ချိန်ဖြစ်နေခြင်း၊ မြန်မာမတ်ပဲ အထွက်နှုန်းကောင်းနိုင်မည့် အလားအလာများကို အိမ်နီးချင်းနိုင်ငံဘက်မှ ကြိုတင်ခန့်မှန်း ထားနိုင်ပြီး ပြည်တွင်းပဲဈေးနှုန်းထိန်းညှိသည့် မူဝါဒများအရ မတ်ပဲဈေးနှုန်းထိုးတက်လာနိုင်ခြင်းမရှိသေးပဲ မြန်မာငွေကြေးဈေးနှုန်း အတက်အကျအခြေအနေအရသာ ဈေးနှုန်းပြောင်းလဲမှုဖြစ်ပေါ်နိုင်ကြောင်း သုံးသပ်ရပါသည်။

✔ မတ်ပဲသီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ဧရာကုန်သွယ်မှုဗဟိုဌာန 

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

1-2-2022