menu

ဈေးငြိမ်နေသည့် ကြက်သွန်နီဈေး ပြန်မြင့်တက်လာ


🧅🧅🧅🧅🧅🧅🧅🧅🧅🧅

➡️ မန္တလေးကြက်သွန်နီဈေးကွက်တွင် ဈေးတည်ငြိမ်နေရာမှ ယခုရက်ပိုင်းတွင် ပြည်ပတင်ပို့မှုရှိလာတာကြောင့် အဝယ်လိုက်လာသဖြင့် ဈေးကွက်လှုပ်ရှားလာကာ ဈေးအမြင့်ဘက်သို့ရောက်လာကြောင်း မန္တလေးကိုင်းတန်းဈေးရှိ ကြက်သွန်ပွဲရုံများမှသုံးသပ်သည်။

➡️ ပြီးခဲ့သည့်တစ်ပတ်ကျော်က ကြက်သွန်နီဈေးကွက်တည်ငြိမ်ခဲ့ရာက မတ်လတွင်ထွက်ရှိမည့် ကြက်သွန်နီ များမှာ ငွေကြိုပေးဝယ်ယူသူများကြောင့် အဝယ်လိုက်လာသည်ဟု ဆိုသည်။ “ငွေကြိုပေးဝယ်တဲ့ သူတွေကြောင့် ကြက်သွန်ဈေးကွက်လှုပ်လာပါပြီ။ ကြက်သွန်နီအရွယ်ကြီးတာတွေက လှောင်လက်တွေ ကြိုက်ကြသလို ဈေးတန်းလည်းကောင်းတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းမယ်ဆိုရင် ဒီနှစ်က ကြက်သွန်ပေါ်တာနဲ့ အရောင်းအဝယ်ပိုကောင်းလာမယ်” ဟု ကိုင်းတန်းဈေးမှ ကြက်သွန်ပွဲရုံပိုင်ရှင် တစ်ဦးက ပြောသည်။

➡️ လက်ရှိမန္တလေးဈေးကွက်တွင် မုံရွာကြက်သွန်နီတစ်ပိဿာဈေးနှုန်းများမှာ ငွေကျပ် ၂,၇၀၀ - ၂,၄၀၀ ဝန်းကျင်နှင့် ဥစိုက်ဇော်မွှားကြက်သွန်နီမှာ ငွေကျပ် ၂,၃၀၀ - ၂,၆၅၀ ဝန်းကျင်၊ လတ်သေးဥစိုက်မှာ ငွေကျပ် ၁,၅၀၀ - ၂,၀၀၀ ဝန်းကျင်ရှိကြောင်း၊ မြစ်သားကြက်သွန်နီ အရွယ်ကြီးမှာ ငွေကျပ် ၃,၀၀၀ ဝန်းကျင်နှင့် အနိမ့်ဆုံးမှာ ငွေကျပ် ၂,၃၀၀ - ၂,၈၀၀ ဝန်းကျင် ဈေးရှိကြောင်းသိရသည်။

➡️ “ပြီးခဲ့တဲ့နှစ်က မိုးကြက်သွန်ကို လေးသုတ်ခွဲစိုက်ခဲ့တယ်။ ကုန်ချိန်များဖို့ထက် အရည် အသွေးကောင်းဖို့ကအဓိကပါ။ ဒီနှစ် မိုးကြက်သွန်နီရောင်းခဲ့တာက ပထမသုတ်မှာ ၁,၃၅၀၊ ဒုတိယသုတ်မှာ ၁,၈၅၀၊ တတိယသုတ်မှာ ၂,၆၀၀ ဝန်းကျင်ရခဲ့တယ်။ ဈေးကောင်းရမှ တောင်သူတွေ အဆင်ပြေကြတယ်” ဟု မြစ်သားမြို့မှ ကြက်သွန်စိုက်တောင်သူတစ်ဦးက ပြောသည်။

➡️ ကြက်သွန်နီဈေးကွက်တွင် မြစ်သားကြက်သွန်သည် အရည်အသွေးကောင်းခြင်းနှင့် သိုလှောင် ရန်ကောင်းမွန်ခြင်းကြောင့် ဈေးအမြင့်ဆုံးတွင်ရှိပြီး မြင်းခြံ၊ မုံရွာနှင့် အခြားဒေသထွက်ကြက်သွန်များမှာ မြစ်သားကြက်သွန်နီ ဈေးအောက်တွင်ရှိကြောင်း၊ ယခုနှစ်တွင် ကြက်သွန်နီဈေးကွက်မှာ ယခင် နှစ်များထက် ပို၍ကောင်းမွန်လာနိုင်ပြီး ထပ်မံဈေးမြင့်လာနိုင်သည်ဟု ကြက်သွန်ပွဲစားများက သုံးသပ်မှုများရှိကြောင်းသိရသည်။

➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Sources : ရွှေမန်း (မကွေးဂျာနယ်)