menu

ဈေးဆက်တက်နေသည့် “မတ်ပဲ”


🫘🫘🫘🫘🫘🫘🫘🫘🫘🫘

↗️ ယခုနှစ်ဧပြီလကုန်အထိ ဈေးငြိမ်နေခဲ့သောမတ်ပဲဈေးသည် မေလအတွင်းစတင်၍ တဖြည်းဖြည်း တက်လာခဲ့ရာ ယခုဇွန်လစတုတ္ထပတ်တွင် နေ့စဥ်အတက်တွင်သာရှိနေပြီး တစ်ရက်ခြင်းစီ ဈေးနှုန်းကွာခြားချက်လည်း မြင့်လာသည်။

↗️ ပြီးခဲ့သည့် သီတင်းပတ်အတွင်းဖြစ်ပေါ်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးမတ်ပဲဈေးနှုန်းများမှာ ဇွန်လ (၂၁) ရက်နေ့တွင် တစ်တင်းလျှင် ကျပ် ၅၃,၁၀၀၊ (၂၂) ရက်နေ့တွင် ကျပ် ၅၃,၀၀၀၊ (၂၃) ရက်နေ့တွင် ကျပ် ၅၂,၄၀၀၊ (၂၄) ရက်နေ့တွင် ကျပ် ၅၃,၂၀၀၊ (၂၅) ရက်နေ့တွင် ကျပ် ၅၃,၂၀၀၊ (၂၆) ရက်နေ့တွင် ကျပ် ၅၃,၈၀၀၊ (၂၇) ရက်နေ့တွင် ကျပ် ၅၄,၃၀၀၊ (၂၈) ရက်နေ့တွင် ကျပ် ၅၅,၅၀၀၊ (၂၉)ရက်နေ့တွင် ကျပ် ၅၆,၀၀၀ အသီးသီးဖြစ်ခဲ့ပါသည်။

↗️ မြန်မာနိုင်ငံမှ မတ်ပဲအဓိကဝယ်ယူတင်သွင်းလျှက်ရှိသည့် အိန္ဒိယနိုင်ငံသည် ယခုနှစ်မိုးသီးနှံ စိုက်ပျိုးမှုတွင်လည်း စိုက်ပျိုးဧရိယာနှင့်အထွက်နှုန်းကျဆင်းနေပြီး မိုးရရှိမှုနည်းပါးသည့်ပြဿနာနှင့် ကြုံတွေ့နေရသည်။ ထို့ကြောင့် တောင်သူများက ဝါနှင့်ပဲပုပ်ကို ပိုမိုစိုက်ပျိုးလာကြပြီး စပါးနှင့် ပဲမျိုးစုံစိုက်ပျိုးမှုကျဆင်းနေသည်။

↗️ စိုက်ပျိုးဧရိယာကျဆင်းမှုအဆိုးရွားဆုံးမှာ ဆန်စပါးဖြစ်ပြီး မတ်ပဲနှင့်ပဲစဥ်းငုံစိုက်ပျိုးမှုက ဒုတိယလိုက် နေသည်။ ၂၀၂၁ ဘဏ္ဍာနှစ်တွင် မတ်ပဲစိုက်ဧရိယာ ဟက်တာ ၁.၉၄ သိန်းရှိခဲ့သော်လည်း ယခု ၂၀၂၂ ဘဏ္ဍာနှစ် မတ်ပဲစိုက်ဧရိယာ ဟက်တာသိန်းပေါင်း ၀. ၉၃ သာရှိသည်။ မတ်ပဲစိုက်ပျိုးထုတ်လုပ်ပြီး အိန္ဒိယသို့တင်ပို့နေသည့် ပါကစ္စတန်နိုင်ငံတွင်လည်း ယခုနှစ်မတ်ပဲစိုက်ပျိုးထွက်ရှိမှု ကျဆင်းနေသည်။

↗️ မြန်မာမတ်ပဲဝယ်လိုအားကောင်းလျှက်ရှိပြီး ယခုရက်ပိုင်းအတွင်း တစ်ရက်ချင်းစီတွင် ဈေးနှုန်း ကွာခြားချက် ကျပ် ၅၀၀-၁,၀၀၀ တွင်ရှိပြီးဈေးနှုန်းမြင့်တက်လျှက်ရှိသည်။ သို့သော် သတိထားရမည့် အချက်မှာ ယခုရက်ပိုင်းအတွင်း အိန္ဒိယသို့တင်သွင်းလာသည့် ဆိပ်ကမ်းရောက်ရှိဈေးနှုန်းထက် ပြည်တွင်းမတ်ပဲပေါက်ဈေးက ပိုနည်းနေကြောင်း လေ့လာသူများက ပြောသည်။ ပဲလိုအပ်ချက် များပြားနေသော်လည်း အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် ဈေးနှုန်းထိန်းညှိရန် မူဝါဒတစုံတရာထုတ်ပြန်လာနိုင်ကြောင်း သတိချပ်ရန်လိုအပ်ပါသည်။

↗️ သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ဧရာကုန်သွယ်မှုဗဟိုဌာန

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့