menu

ဈေးကွက်ပြန်အေးလာသည့် ပဲဈေးကွက်အခြေအနေ .....


🫘🫘🫘🫘🫘🫘🫘🫘🫘🫘

⏩ယခင်တစ်ပတ်က ၁၈သိန်းကျော်ထိမြင့်တက်ခဲ့သည့် ပြည်တွင်းပဲစျေး ပြန်လည်ကျဆင်းကာ စျေးကွက်အေးသွားကြောင်း ပဲကုန်သည်များထံမှ သိရသည်။ စျေးကွက်အတွင်းသို့ ပဲအဝင်များလာပြီး လက်ရှိ ပြည်ပအဝယ် မမှန်သောကြောင့် ပဲစျေးကွက်ပြန်လည်အေးလာခြင်းဖြစ်ကြောင်း ကုန်သည်တချို့ထံမှ သိရသည်။

⏩“အခုက စျေးကွက်အေးသွားတယ်။ မတ်ပဲကတော့ အသစ်ပေါ်တော့မှာမို့ အေးသွားတာ။ ပဲစင်းငုံကတော့ အတက်ကြမ်းသွားလို့ပြန်အေးတာ။ ရေရှည်မအေးနိုင်ပါဘူး လိုအပ်ချက်ရှိအုံးမယ်။ အိန္ဒိယဘက်ကလဲ အထွက်နည်းတယ်" ဟု အောင်လံမြို့မှ ပဲကုန်သည် ဦးအောင်မိုး က ပြောသည်။ လက်ရှိ ရန်ကုန်စျေး မတ်ပဲတစ်တန်လျှင် ယခင်က ၁၈သိန်းထိမြင့်တက်ခဲ့ရာမှ လက်ရှိ ၁၇သိန်း၈သောင်းအထိပြန်လည်အေးစက်သွားပြီး ပဲစင်းငုံတစ်တန်လျှင် ယခင်၁၉သိန်းခွဲထိ မြင့်တက်နေရာမှ ယခု ၁၉သိန်း ထိကျဆင်းသွားကာ အေးနေကြောင်းသိရသည်။

⏩ယင်းစျေးနှုန်းမှာ နေရာဒေသအပေါ်မူတည်ပြီး စျေးနှုန်းအပြောင်းအလဲ ရှိနိုင်ကြောင်းလည်းသိရသည်။ ပြည်တွင်းစားသုံးသည့် ကုလားပဲအပါအဝင်အခြားပဲများပါ အထွက်နည်းခဲ့သည့်အတွက် စျေးကောင်း နေကြောင်း သိရသည်။ လက်ရှိ ပြည်တွင်းစားသုံးနေသည့် ပဲကြီးစျေးမှာ ၈သောင်းပတ်ဝန်ကျင် နှင့် ကုလားပဲစျေးများမှာတော့ ၆သောင်း အထက်တွင်ရှိ၍ စျေးနှုန်းခိုင်မာမှုရှိကာ အရောင်းဝယ်ကောင်းကြောင်းသိရသည်။ နောက်ပိုင်းတွင် ပြည်တွင်းပဲများအားအိန္ဒိယမှ လိုအပ်ချက်ရှိနေဦးမည်ဖြစ်၍ ပဲစျေးမှာ ဆက်လက်ကောင်းနေနိုင်ကြောင်း ကုန်သည်တချို့ ခန့်မှန်းကြသည်။ 

⏩“အိန္ဒိယက ပဲအထွက်နှုန်းကပုံမှန်မရှိဘူး အမြဲတမ်းလိုအပ်ချက်ရှိနေတာဆိုတော့ ပဲစျေးကွက်က ကျသွားတောင် အကြာကြီးမကျဘူး။ ခဏပဲ ၊ ပဲအသစ်တွေကလဲ ဖေဖော်ဝါရီလနောက်ပိုင်း ထွက်လာတော့မှာဆိုတော့ အေးသွားတဲ့သဘောပါ” ဟု မန္တလေးမြို့ မှ ပဲကုန်သည်တစ်ဦးက ပြောသည်။ လက်ရှိ ပြည်ပ FOB စျေးမှာမတ်ပဲတစ်တန်လျှင် ဒေါ်လာ ၇၃၀ မှ ၇၄၀ ပေါက်စျေးရှိကြောင်းသိရသည်။ 

⏩မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယသို့ အဓိကတင်ပို့နေပြီး တရုတ်၊ သီရိလင်္ကာ၊ နီပေါ၊ မလေးရှား၊ ထိုင်းနဲ့ UAE နိုင်ငံတွေကို ပဲမျိုးစုံတင်ပို့နေကြောင်းသိရသည်။

⏩သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ဖိုးချဲ(AMIA)