menu

“ဈေးနှုန်းမြင့်တက်လာသည့် ပြည်တွင်းသကြားဈေးကွက်”


🔸➖🔸➖🔸➖🔸➖🔸➖🔸

🔸သကြားကုန်ကြမ်းအသုံးပြုသည့် စက်ရုံများလည်ပတ်ခြင်းဖြင့် ဝယ်လိုအားမြင့်တက်လာသောကြောင့် ပြည်တွင်းသကြားဈေးမြင့်လာရာ လက်ရှိတွင် တစ်ပိဿာ ငွေကျပ်၂,၆၀၀ ပေါက်ဈေးရှိကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။

🔸ပြည်တွင်း၌ သကြားစက်ပေါင်း ၃၀ ခန့်ရှိပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် သကြားစက် အသစ်နှစ်ခုနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင်နှစ်ခု၊ စုစုပေါင်း စက်ရုံအသစ်လေးခု တိုးလာမည်ဖြစ်ရာ သကြားထုတ်လုပ်မှု ပိုမိုလာမည်ဖြစ်သည်။ “ပြည်တွင်းစားသုံးမှုနဲ့ မုန့်ထုတ်လုပ်တဲ့ စက်ရုံတွေလည်ပတ် လာတာနဲ့အမျှ ဝယ်လိုအားကြောင့် သကြားဈေးမြင့်လာတယ်။ ဒီဈေးနဲ့ပဲ တည်တည်ငြိမ်ငြိမ်ရှိသွားမှာပါ။ သကြားမှာ သုံးမျိုးရှိပေမယ့် White Sugar နဲ့ Refile Sugar က ဈေးသိပ်မကွာဘူး။ White Sugar ပေါက်ဈေးနဲ့ သကြားဈေး တွက်ချက်သတ်မှတ်တယ်” ဟု ၎င်းက ပြောသည်။

🔸၂၀၂၂ ခုနှစ် စက်တင်ဘာလက သကြားတစ်ပိသာလျှင် ငွေကျပ် ၂,၃၀၀ ဝန်းကျင်ရှိခဲ့ရာ တဖြည်း ဖြည်းဈေးမြင့်တက်လာပြီး လက်ရှိတွင် ငွေကျပ် ၂,၅၅၀ - ၂,၆၀၀ ပေါက်ဈေးရှိလာကြောင်း၊ သကြားဈေး မြင့်တက်လာခြင်းကြောင့် စက်ရုံများ၏ ကြံဝယ်ဈေးမှာလည်း တစ်တန်လျှင် ငွေကျပ် ၈၀,၀၀၀ မှ ၉၀,၀၀၀ ဝန်းကျင် တိုးမြင့်လာကြောင်းသိရသည်။

🔸“ပြည်ပပို့တာက အရင်စာချုပ်ချုပ်ထားတဲ့ ဗီယက်နမ်ကို တင်ပို့နေတာ တန်ချိန် ၅,၀၀၀လောက် ရှိပြီ။ ပြည်တွင်းစားသုံးမှုလုံလောက်ဖို့၊ နောက်ထပ် ပြည်ပပို့ဖို့ အစီအစဉ်မရှိသေးဘူး။ ကြံကိုကြိတ်ဝါးတဲ့ သကြားစက်တွေလည်း လေးခုလောက်တိုးလာမှာဆိုတော့ ကြံလိုအပ်ချက်များလာမှာဖြစ်သလို စိုက်ဧကလည်း တိုးချဲ့ဖို့လိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

🔸ပြည်တွင်းမှကြံကိုကြိတ်ဝါး၍ သကြားထုတ်လုပ်သည့်စက်ရုံများမှ သကြားအဖြစ် အများဆုံး ထုတ်လုပ်ပြီး ကြံသကာအဖြစ် အနည်းငယ်ထုတ်လုပ်ကြောင်း၊ ပြည်ပို့တင်ပို့မှုတွင် ဗီယက်နမ်သို့ သကြားတန်ချိန် ၅၀,၀၀၀ ခန့် ရောင်းချရန်၂၀၂၂ ခုနှစ်က သဘောတူထားပြီး တန်ချိန် ၅,၀၀၀ ဝန်းကျင် တင်ပို့ပြီးဖြစ်ကြောင်းသိရသည်။

🔸သကြားစက်ရုံများတိုးလာပြီး ဈေးကောင်းရလာသည့်အတွက် သကြားစက်များမှ ကြံတစ်တန် ဝယ်ဈေးကို စက်ရုံအရောက် အမြင့်ဆုံး ငွေကျပ် ၁၀၀,၀၀၀ ဝန်းကျင် ရှိပြီး ယခင်၂၀၂၀ ဝန်းကျင်က ကြံ တစ်တန်လျှင် အမြင့်ဆုံး ၆၅,၀၀၀ ဝန်းကျင်ရှိ၍ ထိုအချိန်တွင် သကြား တစ်ပိဿာငွေကျပ် ၁,၅၀၀ ဝန်းကျင်သာပေါက်ဈေးရှိခဲ့သည်ဟု ဆိုသည်။

🔸သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း