menu

သိုလှောင်သူများ ဝယ်ယူလာသဖြင့် ပဲစင်းငုံဈေးနှုန်းမြင့်တက်လာ


*******************************

 မန္တလေးပဲမျိုးစုံဈေးကွက်အတွင်း၌ ပဲစင်းငုံအဝယ်သွက်နေသဖြင့် ဈေးနှုန်းမြင့်တက်နေပြီး အခြား ပြည်ပပို့ပဲမျိုးစုံမှာအရောင်းအဝယ်အေးလျက်ရှိကြောင်း မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းက သိရသည်။

ပဲစင်းငုံ
------

 သိုလှောင်သူများဝယ်ယူမှုများလာသဖြင့် မန္တလေးပဲမျိုးစုံဈေးကွက်အတွင်း ပဲစင်းငုံဈေးနှုန်းမြင့်တက်လာ နေသည်။ ယခင်က ပဲစင်းငုံသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၇၃,၅၀၀ မှ ယခုတစ်ပတ်တွင် ကျပ် ၇၆,၅၀၀ သို့ရောက်ရှိကာ ကျပ် ၃,၀၀၀ကျော် ဈေးနှုန်းမြင့်တက်လာနေသည်။ လက်ရှိတွင် အဝယ်ဆက်လက်ကောင်းနေသဖြင့် ဈေးနှုန်းကျဆင်းနိုင်ရန်မရှိပေ။

နှမ်း
---

 တရုတ်နှစ်သစ်ကူးနီး၍ တရုတ်ဝယ်လက်အချို့ အရောင်းအဝယ်ရပ်နားလာ၍ အဓိကတင်ပို့နေသည့် စမုန်နှမ်းနက်ဈေးနှုန်းကျဆင်းခြင်း မရှိသေးသော်လည်းအရောင်းအဝယ် အနည်းငယ်ကျဆင်းလာသည်။ ဇန်နဝါရီ (၂၉)ရက်တွင် စမုန်နှမ်းနက်သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၅၈,၀၀၀ သို့ကျဆင်းလာသည်။ နှမ်းဖြူ နှင့် နှမ်းညိုတို့မှာ ပြည်တွင်းအသုံးပြုမှုရှိနေခြင်းကြောင့် ပြည်ပအဝယ်အေးသော်လည်း ဈေးနှုန်း သိသိသာသာပြောင်းလဲမှုမရှိပေ။ ယခုအနေအထားအရ စမုန်နှမ်းနက်ဈေးနှုန်းမှာ ဈေးနှုန်းဆက်လက်အေးနေဦးမည့်အနေအထားတွင်ရှိသည်။

ပဲတီစိမ်း
-------

 တရုတ်နှစ်သစ်ကူးကာလဖြစ်သော်လည်း လိုအပ်ချက်ရှိသဖြင့်တရုတ်ဝယ်လက်များက ဝယ်ယူမှုကို လျှော့ချခြင်းမရှိဘဲ ပုံမှန်ဝယ်ယူနေသည်။ ထို့ကြောင့်မန္တလေးဈေးကွက်အတွင်း အရောင်းအဝယ်ကျဆင်း ခြင်းမရှိသဖြင့် ဈေးနှုန်းမှာလဲပြောင်းလဲမှုမရှိပေ။ ဇန်နဝါရီ (၂၉)ရက်တွင် ပဲတီစိမ်းရွှေဝါ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၃၂,၅၀၀၊ပဲတီစိမ်း(ရိုးရိုး) တစ်အိတ်လျှင် ကျပ် ၁၂၇,၀၀၀ ရှိသည်။ လက်ရှိအနေ အထားအရ ပဲတီစိမ်းဈေးနှုန်းပြောင်းလဲမှုဖြစ်ပေါ်နိုင်မည့်အခြေအနေမရှိပေ။ 

မတ်ပဲ
-----

ပြည်တွင်းစားသုံးကုန်လုပ်ငန်းများ အသုံးပြုရန်ဝယ်ယူမှုသာရှိသော်လည်း အဝယ်နှင့်အရောင်း မျှတစွာ ရှိနေသဖြင့် ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ငြိမ်နေသည်။ မတ်ပဲ(ထိပ်စ) သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၉၃,၅၀၀ ရှိသည်။ ဈေးနှုန်းအတက်အကျ ပြောင်းလဲမှုရက်ပိုင်းအတွင်း မဖြစ်ပေါ်နိုင်ကြောင်း ကုန်သည် များကသုံးသပ်ထားသည်။

ကုလားပဲ
--------

ပြည်တွင်းပဲခွဲစက်လုပ်ငန်းများသာဝယ်ယူမှုရှိသည်။ ထို့ကြောင့် ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ကုလားပဲ (ဗွီတူး)တစ်အိတ်လျှင် ကျပ် ၈၃,၀၀၀၊ ကုလားပဲ(နိုင်းတူးနိုင်း)တစ်အိတ်လျှင် ကျပ်၇၈,၀၀၀၊ ကုလားပဲ (ဗွီဆဲဗင်း)တစ်အိတ်လျှင် ကျပ် ၇၉,၀၀၀၊ ကုလားပဲ (ဟော်လန်အဟောင်း)တစ်အိတ်လျှင် ကျပ် ၇၃,၀၀၀ ရှိသည်။ လက်ရှိအနေအထားအရ ကုလားပဲဈေးနှုန်းမှာလည်း သိသိသာသာပြောင်းလဲမှုမရှိနိုင်ပေ။

 မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းကို ဇန်နဝါရီ (၂၁)ရက်က စတင်ဖွင့်လှစ်ခဲ့ပြီးနောက် လက်ရှိဒိုင်အတွင်း ကုန်သည်အချင်းချင်းတွေ့ဆုံဝယ်ယူမှုများ ပြုလုပ်နိုင်ပြီဖြစ်သဖြင့်ပဲသီးနှံမျိုးစုံ အရောင်း အဝယ်သွက်လျှက်ရှိကြောင်းသိရသည်။ 

မျိုးသန့်

မြန်မာတောင်သူကြီးများဂျာနယ်

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ( ၁-၇) ရက်