menu

သကြားစက်ရုံများက လာမည့်ကြံရာသီတွင် ကြံဈေးတိုးမြှင့်ဝယ်ယူမည်


🎋🎋🎋🎋🎋🎋🎋🎋🎋🎋

☑️ ကြံကိုကြိတ်ဝါး၍ သကြားထုတ်လုပ်သည့် သကြားစက်ရုံများက ၂၀၂၃ - ၂၄ ကြံရာသီတွင် ကြံစိုက်တောင်သူများထံမှ ဈေးမြှင့်ဝယ်ယူမည်ဖြစ်ရာ ဒေသနှင့်စက်ရုံအလိုက် ကြံတစ်တန်လျင် ယခင်နှစ် ကြံဝယ်ဈေးထက်ဈေးပိုပေးလာခြင်းဖြင့် ကြံဈေးမြင့်တက်လာကြောင်း သကြားစက်ရုံထုတ်ပြန်ချက်များအရ သိရသည်။ ၂၀၂၃ ခု နှစ်ဆန်းပိုင်းမှ စ၍ ပြည်တွင်းသကြားဈေးမြင့်တက်ခဲ့သဖြင့် သကြားစက်ရုံများက ကြံတစ်တန်လျင် စက်ရုံအလိုက် ငွေကျပ် ၅၀၀၀ နှင့် အထက်ဝယ်ဈေးမြင့်လာသည်ဟုဆိုသည်။

☑️ “မနှစ်ကရာသီမှာ နောက်ပိုင်းမိုးခေါင်သွားလို့ ကြံအထွက်နှုန်းက ခန့်မှန်း ၁၀ရာခိုင်နှုန်းလောက် လျော့သွားတယ်။ ပြည်ပကိုကြိုတင်ရောင်းထားတာရော ပြည်တွင်းလိုအပ်ချက်ကမြင့်လာပြီး သကြားဈေးမြင့်လာတော့ စက်ရုံတွေရဲ့ကြံတစ်တန်ဝယ်ဈေးလည်း ပိုပေးလာကြတယ်” ဟု မြန်မာနိုင်ငံသကြားနှင့် ကြံလုပ်ငန်းရှင်များအသင်းမှ ဦးဝင်းဌေး က ပြောသည်။

☑️ ပြည်တွင်းသကြားစက်များမှ ကြိတ်ဝါးကြံတစ်တန် ဝယ်ယူမည့်ဈေးနှုန်းများမှာ ငွေရည်ပုလဲသကြားစက်မှ ငွေကျပ် ၉၅,၀၀၀၊ မြဘုရင် သကြားစက်မှ ငွေကျပ် ၁၀၀,၀၀၀၊ မိုင်းရယ်သကြားစက်မှ ငွေကျပ် ၉၅,၀၀၀၊ ဝေမာသကြားစက်မှ ငွေကျပ် ၉၄,၀၀၀ တို့ဖြင့် ဝယ်ယူမည်ဖြစ်ကာ အခြားသကြားစက်များကလည်း ယခင်ထက် ဈေးနှုန်းမြင့်ကာ ဝယ်ယူမည်ဖြစ်ကြောင်းသိရသည်။

☑️ “ကြံဈေးတက်တယ်ဆိုပေမယ့် ငွေဈေးနဲ့ယှဉ်ရင် အောက်ရောက်နေသေးတယ်။ အသစ်ပြန်စိုက်တော့လည်း စိုက်စရိတ်က မြင့်လာနေတယ်။ စက်တွေက ကြံကိုစောစောကြိတ်ဝါးနိုင်ဖို့ အစကတည်းက ကြံသွင်းပေးခဲ့တဲ့ တောင်သူတွေအတွက် စဉ်းစားပေးစေချင်တယ်”ဟု ကြံစိုက်တောင်သူတစ်ဦးကပြောသည်။

☑️ ပြည်ပမှ သကြားတင်သွင်းမှုမရှိတော့၍ ပြည်တွင်းမှ သကြားအသုံးပြုထုတ်လုပ်သည့် စက်ရုံများ၏ ဝယ်လိုအားကြောင့် လိုအပ်ချက်မြင့်မားလာခြင်းဖြင့် ပြီးခဲ့သည့် ၂နှစ်ကျော်က သကြားတစ်ပိဿာ ငွေကျပ်၂,၀၀၀ ဝန်းကျင်ရှိခဲ့ရာက လက်ရှိတွင် သကြားတစ်ပိသာ ငွေကျပ် ၃,၀၀၀ ဝန်းကျင်ထိ ပေါက်ဈေးရှိလာကြောင်းသိရသည်။

☑️ “လာမယ့် ကြံရာသီတွင် ကြံစိုက်ပျိုးသူများလာသလို စက်ရုံအသစ် ၃ခုလည်ပတ်တော့မယ်။ ရှမ်းပြည်နယ်မှာ ကြံတန်ချိန် တစ်သောင်းကြိတ်ဝါးမယ့်သကြားစက်ရုံတစ်ရုံ၊ စစ်ကိုင်းတိုင်းမှာ ကြံတန်ချိန် ၅,၀၀၀ စီ ကြိတ်ဝါး နိုင်မယ့် သကြားစက်ရုံအသစ်၂ရုံ လည်ပတ်မှာဆိုတော့ သကြားထွက်နှုန်းတိုးမယ်” ဟု ဦးဝင်းဌေးက ပြောသည်။

☑️ သကြားဈေးကောင်းလာခြင်းနှင့် စက်ရုံများတိုးလာသည့်အတွက် ကြံစိုက်ပျိုးဧကများလည်းတိုးလာပြီး စတင် စိုက်ပျိုးနေကြပြီဖြစ်ကြောင်း၊ စက်ရုံများမှ ကြံတစ်တန်လျင် ငွေကျပ်တစ်သိန်းနှင့် ဝယ်ယူမည်ဆိုပါက စိုက်ပျိုးတောင်သူများမှာ စိုက်ပျိုးစရိတ်နှုတ်ပြီး တစ်ဧကလျင် ငွေကျပ်သိန်းဆယ်ဂဏန်းဝန်းကျင် ရနိုင်သည်ဟု သိရသည်။

☑️ လက်ရှိပြည်တွင်းသကြားစားသုံးမှုနှင့်ထုတ်လုပ်မှုမှာ ကာမိမှုမရှိဘဲ လျော့နည်းနေကြောင်း ပြည်တွင်း သကြားစားသုံးမှုမှာ တန်ချိန် ၅ သိန်းခန့်ရှိပြီး ယခုနှစ်သကြားထုတ်လုပ်မှုမှာ တန်ချိန် ၅သိန်းအောက် လျော့နည်းတာကြောင့်လည်း သကြားစျေးမြင့်တက်နေခြင်းဖြစ်ကြောင်း သကြားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ သို့ဖြစ်၍ ပြည်တွင်းသကြားကို ပြည်ပတင်ပို့မှု ရပ်နားထားသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

☑️ မတ်လ (၁၄) ရက်နေ့တွင် ပြည်တွင်းသကြားပေါက်စျေးမှာ တစ်ပိသာကျပ် ၂,၉၃၀ ပေါက်စျေးရှိနေပြီး သကြားစျေးဆက်လက်မြင့်တက်ဖွယ်ရှိသလို လက်ရှိမှာ ပြည်တွင်းမှသကြားကို ဗီယက်နမ်နိုင်ငံသို့ တင်ပို့နေကြောင်းသိရသည်။

☑️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း