menu

သရက်သီးကုန်ကြမ်း အထွက်နည်းသဖြင့် သရက်ချဉ်ကုန်ချောအထွက်လျော့နည်းနိုင်


🌿🥭🌿🥭🌿🥭🌿🥭🌿🥭🌿

▪️ တံတားဦးမြို့ အင်းဝစျေးချိုရပ်တွင် သရက်သီးကြမ်းပေါ်ချိန်၌ ရာသီလုပ်ငန်းဖြစ်သော သရက်ချဉ်ဖတ်လုပ်ငန်း လုပ်ကိုင်ကြရာ ယခုနှစ်သရက်သီးရာသီတွင် သရက်သီးကုန်ကြမ်း အထွက်နည်းသဖြင့် သရက်ချဉ်ကုန်ချောထုတ်လုပ်မှု လျှော့နည်းမည်ဖြစ်ကြောင်း သိရသည်။ နှစ်စဉ် သရက်ကြမ်းသီး(ခေါ်)အချဉ်သီးများပေါ်ချိန်မှစတင်၍ အင်းဝ စျေးချိုရပ်တွင် သရက်ချဉ်ထုတ်လုပ် ရောင်းချသည့်လုပ်ငန်းရှင်များမှ သရက်ချဉ်ဖတ်သိပ်လုပ်ငန်းများလုပ်ကိုင်ရာ သရက်သီးကုန်ကြမ်းမရတော့သည့်အချိန်ရောက်မှသာ လုပ်ငန်းများရပ်ဆိုင်းကြသည်။

▪️ အဆိုပါလုပ်ငန်းများသို့ သရက်သီးဓားပေါက်ခုတ်လုပ်ကိုင်သူများမှ သရက်ချဉ်ဖတ်ရရှိရန် လက်ခစားဝင်ရောက်လုပ်ကိုင်ကြရာ သရက်သီးလှိုင်လှိုင်ရရှိချိန်တွင် ဓားပေါက်ခုတ်လုပ်ကိုင်သူ ၁,၀၀၀ ဝန်းကျင် လုပ်ငန်းဝင်ရောက်လုပ်ကိုင်နေကြောင်း အင်းဝစျေးချိုရပ်ရှိ သရက်ချဉ်လုပ်ငန်းတွင် လက်ခစား လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။

▪️ “နေ့စဉ်မနက် ၇နာရီလောက် အလုပ်စဝင်တယ်။ နေ့ခင်းပိုင်း ထမင်းစားနားတယ်။ အလုပ်သိမ်းတာက ညနေ ၄နာရီခွဲလောက်မှာပါ။ တစ်ချို့လည်း ၅နာရီကျော်အထိ လုပ်တာရှိတယ်။ လုပ်ငန်းကျွမ်းကျင်သူက တစ်နေ့ သရက်သီးအလုံး ၁၀၀ ပါတဲ့တောင်း ၁၂ တောင်းက ၁၅ တောင်းအထိပြီးတယ်။ လက်နှေးသူက ၈ တောင်းက ၁၀ တောင်းပဲပြီးတယ်။ ဒီနှစ် သရက်သီးအဝင်နည်းလို့ တချို့ရက်တွေမှာ တစ်နေကုန် အလုပ်မဆင်းနိုင်တော့ဘူး။ နေ့ တစ်ဝက်နဲ့ အလုပ်နားရတဲ့ရက်တွေရှိတယ်” ဟု ၎င်းကပြောသည်။

▪️ သရက်ချဉ်လုပ်ငန်းရာသီချိန်တွင် ကုန်သည်များက ရင်းနှီးမြှုပ်နှံနိုင်မှုအပေါ်မူတည်၍ သရက်ချဉ်ဖတ်လုပ်ငန်း လုပ်ကိုင်ကြရာ ယခုနှစ် သရက်သီးကြမ်းစတင်ပေါ်ချိန်တွင် လေပြင်းတိုက်ခံရသဖြင့် သရက်သီးများ ပျက်စီးခြင်း၊ သရက်သီးအထွက်နည်းခြင်းတို့ကြောင့် တံတားဦးနယ်တွင် သရက်ကြမ်းသီးအထွက်လျော့နည်းသွားကြောင်း သိရသည်။

▪️ "သရက်ချဉ်လုပ်ငန်းက တန်ခူးလထဲမှစတာပါ။ ဒီနှစ် သရက်သီးထွက် အတော်နည်းသွားတယ်။ သရက်သီးဈေးကမကောင်းတော့ သရက်တောင်သူတွေ ဝါယမစိုက်မှု နည်းသွားတယ်။ ဒါကြောင့် သရက်သီး အထွက်ကျသွားတာ ဖြစ်ပါတယ်။ အခုဆိုရင် ကုန်ကြမ်းအဝင်နည်းနေပါပြီ။ ခါတိုင်းနှစ်တွေလို အလုပ်သမားအများကြီး မသုံးနိုင်ပါဘူး။ နေတစ်ဝက်လုပ်ရတဲ့နေ့တွေ တစ်ရက်ခြားလုပ်ရတဲ့ရက်တွေအထိ ရှိလာတယ်။ ဒီနှစ် သရက်ချဉ်အထွက်နည်းပါမယ်။ ခါတိုင်းနှစ်တွေလို ဝါဆိုလအထိ လုပ်နိုင်မယ်မထင်ပါဘူး" ဟု အင်းဝဈေးချိုရပ်မှ သရက်ချဉ်လုပ်ငန်းရှင်တစ်ဉီးက ပြောသည်။

▪️ ယခုအခါ တံတားဦး အင်းဝစျေးချိုရပ်ရှိ သရက်ချဉ်ဖတ်သိပ်လုပ်ငန်းများအနေဖြင့် ကျောက်ဆည်၊ စစ်ကိုင်းနှင့် မကွေးဒေသများမှ သရက်ကြမ်းသီး(ခေါ်)မျိုးညံ့သရက်အချဉ်သီးများကို ဝယ်ယူလုပ်ကိုင်နေကြကြောင်း သိရသည်။

Sources : ရွှေမန်း (The Farmer Media)