menu

ကြက်သွန်နီအရောင်းအဝယ်အေးနေ



လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် ပြည်ပ မတင်ပို့နိုင်သဖြင့် ကြက်သွန်နီအရောင်းအဝယ်အေးနေ
*******************************

☑️ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများနှင့် ကုန်တင်ယာဉ်များကို ကန့်သတ်ထားမှုကြောင့် ကြက်သွန်နီကို ပြည်ပတင်ပို့နိုင်ခြင်းမရှိသဖြင့် အရောင်းအဝယ်အေးနေကြောင်း မန္တလေးတိုင်းဒေသကြီး စားဖိုချောင်သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းက သိရသည်။

☑️ `` စက်တင်ဘာလ ၂ဝ ရက်နောက်ပိုင်းက တရုတ်နိုင်ငံနဲ့ ရခိုင်ပြည်နယ်ဘက်က ဝယ်တဲ့အတွက် တစ်ပိဿာကို ၆ဝဝကျပ်က ၁၁ဝဝကျပ်အထိမြင့်တက်သွားခဲ့တယ်။ စက်တင်ဘာလကုန် လောက်ကြတော့ ကိုဗစ်-၁၉ ရောဂါဂယက်ကြောင့် တရုတ်နိုင်ငံဘက်ကလည်း မဝယ်တော့ဘူး။ ပြည်တွင်းကလည်း လမ်းကြောင်း အခက်အခဲတွေရှိတဲ့အတွက် တင်ပို့မှုတွေ နည်းသွားတယ်။ အဲဒါကြောင့် အရောင်းအဝယ်အေးသွားတယ်။ ဒါပေမယ့်စျေးနှုန်းကတော့ မကျသေးဘူး``ဟု အဆိုပါအသင်းအတွင်းရေးမှူး ဦးဝင်းမြင့်ကပြောသည်။

☑️ ပြည်တွင်း စားသောက်လုပ်ငန်း အများစုမှလည်း ဝယ်ယူမှုလျော့နည်းလာသဖြင့် ကြက်သွန်နီအပါအဝင် သီးနှံပေါင်းစုံမှာ အရောင်းအဝယ်နှေးကွေးလျက်ရှိသည်။`` အဝယ်မရှိပေမယ့် စျေးမကျသေးတာက စိုက်ပျိုးသူနဲ့ နယ်ဒေသတွေမှာရှိတဲ့ ကုန်သည်အချို့က စျေးချမရောင်းတဲ့အတွက် မကျတာပါ။ တရုတ်နဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံလိုအပ်ချက်ရှိနေတာကို သိနေတဲ့အတွက်လည်းပါတယ်။ ဒါပေမယ့် ရေရှည်တော့ တောင့်ခံနိုင်မှာမဟုတ်ပါဘူး။ ကြက်သွန်နီက ကြာလာလေ ကုန်ချိန်က လျော့လာမှာဖြစ်တဲ့အတွက် ရေရှည်တောင့်ခံနိုင်ဖို့ မလွယ်ပါဘူး``ဟု ကြက်သွန်နီကုန်သည် ဦးမင်းကို ကပြောသည်။

☑️ မန္တလေးမြို့ရှိ ကိုင်းတန်းစျေးကွက်အတွင်း ကြက်သွန်နီ လက္ကားစျေးနှုန်းမှာ တစ်ပိသာလျှင် ၁၁၀၀ မှ ၁၁၅ဝ ကျပ် ဝန်းကျင်ရှိကြောင်း သိရသည်။မန္တလေးတိုင်းဒေသကြီးအတွင်းမှ ကြက်သွန်နီများအား စက်တင်ဘာလအတွင်းက တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့က ဝယ်ယူမှုကြောင့် စျေးနှုန်းမြင့်တက် ခဲ့ခြင်းဖြစ်ပြီး ယခုအတိုင်း အဝယ်ရပ်တန့်နေလျှင် စျေးနှုန်းတဖြည်းဖြည်းကျဆင်း လာမည်ဖြစ်ကြောင်း ကုန်သည်များ ကပြောသည်။

☑️ `` ကုန်သည်တချို့ကတော့ ဝယ်နေတယ်။ ဒါပေမယ့် ဒီစျေးထက် ဆက်တက်မပေးတော့ဘူး။ အရင်ကလည်းလိုလည်း အကန့်အသတ်မရှိဝယ်ယူတာမျိုးမလုပ်တော့ဘူး။ ထိန်းဝယ်နေကြတယ်။ ဒါကြောင့် အရောင်းအဝယ်က တော်တော်လေးကို နှေးလာတယ်။ ဒီအတိုင်းရေရှည်ဆိုရင်တော့ မလွယ်ဘူး``ဟု ကြက်သွန်နီစိုက်ပျိုးသူ ဦးထွန်းတောက်က ပြောသည်။

☑️ ကြက်သွန်နီကို အစိုဝယ်တစ်ပိဿာလျှင် ကျပ် ၅၀၀ ခန့်ဖြင့် ဝယ်ယူပြီး သိုလှောင်ထားခြင်းဖြစ်ပြီး လက်ရှိတွင် အလေးချိန်ထက် ဝက်ခန့်လျော့သွားသဖြင့် တစ်ပိဿာလျှင် ကျပ် ၁,၀၀၀ နှင့်အထက် ရရှိမှသာ တောင်သူများ အဆင်ပြေမည်ဖြစ်ကြောင်း၊ယခုစျေးနှုန်းထက် ဆက်လက်ကျဆင်းသွားလျှင် အရှုံးပေါ် မည်ဖြစ်ကြောင်းသိရသည်။

☑️ `` အရောင်းအဝယ်နှေးသွားပေမယ့် စျေးမကျတာကတော့ တောင်သူတွေက ၁,၀၀၀ စျေးအောက်ကို ဘယ်လိုမှ ဆင်းမရောင်း နိုင်လို့လေ။ ကြိုက်စျေးကိုစောင့်နေတာလည်း ပါတယ်။ အိန္ဒိယနိုင်ငံကလည်း သူတို့ဆီက ကြက်သွန်နီတွေကို အခြားနိုင်ငံ တွေကို မရောင်းတော့တဲ့အတွက် လိုနေတဲ့နိုင်ငံအချို့က မြန်မာနိုင်ငံက ဝယ်ယူရမှာဖြစ်တယ်။ အဲ့ဒါတွေကို သိတဲ့အတွက်တောင်သူနဲ့ သိုလှောင်သူတွေက ဒီစျေးထက်လျော့မရောင်းတာပါ''ဟု ဦးထွန်းတောက်က ဆက်လက်ပြောသည်။

မျိုးသန့်
မြန်မာတောင်သူကြီးများဂျာနယ်
TheFarmerMedia