menu

“ကြက်သွန်နီဈေးကွက် ဈေးမြင့်တက်နေ”

🧅🧅🧅🧅🧅🧅🧅🧅🧅🧅

⏏️မြန်မာနိုင်ငံမှ ကြက်သွန်နီများကို ပြီးခဲ့သည့် ဇွန်လဒုတိယပတ်မှစတင်ကာ ဗီယက်နမ်မှ ၁,၆၀၀ ကျပ်မှ ၁,၇၀၀ ထိဈေးပိုပေး၍ ဝယ်ယူနေခြင်းကြောင့် ဈေးနှုန်းများမြင့်တက်ခဲ့ပြီး လက်ကားဈေးကွက်တွင် တစ်ပိဿာ ကျပ် ၂,၀၀၀အောက်တွင် ရှိနေနိုင်ကြောင်း မြန်မာနိုင်ငံကြက်သွန်နီကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

⏏️ကြက်သွန်နီစိုက်တောင်သူနှင့်ကုန်သည်များအရှုံးပေါ်ခဲ့သည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်၍ ရာသီချိန် အစောပိုင်းက တစ်ပိဿာ ကျပ်၄၀၀ ဝန်းကျင်သာရရှိခဲ့ပြီး ကြက်သွန်အထွက်နည်းပါးချိန်တွင် လှောင်လက်အချို့ဝယ်ယူမှုကြောင့် မေလလယ်မှစ၍ ဈေးပြန်လည် လှုပ်ခတ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

⏏️“ဈေးတက်ဝယ်မယ့် သဘောမျိုးတွေ ဖေ့စ်ဘွတ်မှာ အရိပ်အရောင်ပြောသွားတာက ပျံ့နှံသွားပြီး နယ်ဘက်မှာ အနည်းဆုံး ၇၀၀ ကျပ်ကနေ ၁,၅၀၀ လောက်ထိဖြစ်သွားတယ်။ ပြည်တွင်းမှာ အရမ်းဈေးကျသွားဖို့မရှိနိုင်သလို တစ်ပိဿာ ၂,၀၀၀ကျပ် ဝန်းကျင်ရှိနေမယ်။ ဗီယက်နမ်က ဝယ်ယူမှုကြောင့် ကြက်သွန်နီဈေး တက်မယ်မှန်းထားချိန်ထက် စောစောဈေးတက်သွားတယ်။ လက်ရှိမှာ လှောင်ထားသူတွေက ရန်ကုန်ဘုရင့်နောင်ဈေးကွက်ကိုထိန်းပြီး တင်ပို့နေလို့ ဒီဈေးပတ်ချာလည်မှာပဲ ရှိနေမယ်လို့ ခန့်မှန်းပါတယ်”ဟု အဆိုပါအသင်းမှ ဥက္ကဌ ဦးခင်ဟန် ကပြောသည်။

⏏️“ပြည်ပတင်ပို့မှု အားကောင်းရင် ဒီထက်ပိုဈေးမြင့်နိုင်တယ်။ တင်ပို့မှုက Normal Trade /Border Trade နည်းတယ်။ Border Trade ဖြစ်တဲ့ တရုတ်တို့ ဘင်္ဂလားဒေ့ရှ်တို့က ဝယ်ဖို့မဖြစ်နိုင်လို့ ဒီထက်ပိုပြီး ဈေးမကောင်းနိုင်တော့ဘူး။ ဘုရင့်နောင်ဈေးကွက်မှာ ဇွန် (၂၁) ရက်က ကြက်သွန်နီကား (၁၃) စီး ဝင်တယ်။ အနိမ့်ဆုံး ၁,၂၀၀ ကျပ် ဈေးနဲ့ ၁,၇၀၀ကျပ်ဝန်းကျင်၊ ရှယ်က ၁,၉၀၀ ကျပ်ပေါက်ဈေးရှိတယ်” ဟု ကုန်သည်တစ်ဦးကပြောသည်။

⏏️ပြည်တွင်းကြက်သွန်နီများသည် ရာသီဥတုဒဏ်ကြောင့် ပျက်စီးမှုများခြင်း၊ ယခင်နှစ်များက ကြက်သွန်စိုက်တောင်သူများ ထိုက်သင့်သောဈေးမရရှိခြင်းတို့ကြောင့် ကြက်သွန်စိုက်ဧကလျော့ကျခဲ့ပြီး အထွက်နှုန်းလည်း လျော့နည်းခဲ့ကာ ပုံမှန်တင်ပို့မှုလမ်းကြောင်းနှင့် နယ်စပ်လမ်းကြောင်းများမှ ပြည်ပတင်ပို့မှုမှာ ယခင်ကထက် များစွာလျော့နည်းခဲ့ကြောင်း သိရသည်။

⏏️ပြည်တွင်း၌ ကြက်သွန်နီကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး တို့တွင်စိုက်ပျိုးကြပြီး ထွက်ရှိသောနယ်အလိုက် လက်ကားပေါက်ဈေးမှာ ကြက်သွန်နီအမျိုးအစား အလိုက် တစ်ပိဿာ ၈၀၀-၉၀၀ ကျပ်မှ ၁,၅၀၀ အထိ ရှိပြီး ရှယ်ကြက်သွန်နီမှာ ၁,၇၀၀ ကျပ် ဝန်းကျင်ရှိကြောင်း သိရသည်။

⏏️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း