menu

"ကြံတစ်တန် ကျပ် ၆၄,၀၀၀ထိ အမြင့်ဆုံးစျေးတောင်သူများ ရရှိလာ"


🎋🎋🎋🎋🎋🎋🎋🎋🎋🎋

✅ပြည်တွင်းလက်ကျန်သကြားများနည်းပါးကာ သကြားစျေးများမြင့်တက်နေခြင်းနှင့်အတူ ကြံစိုက်ပျိုးမှုသမိုင်းတစ်လျောက်စံချိန်တင် အမြင့်ဆုံးစျေးအဖြစ် ကြံတစ်တန် ကျပ် ၆၀,၀၀၀ ကျော်ထိရရှိလာကြောင်း သိရသည်။ ပြည်တွင်း သကြားစက်များမှကြံစျေးနှုန်းသတ်မှတ်ဝယ်ယူရာတွင် ဒေသအလိုက်တွင်လည်း စက်တင်ဘာလမှစတင်ကာ ကြံတစ်တန် ကျပ် ၅၀,၀၀၀-၅၅,၀၀၀ မှ အောက်တိုဘာလတွင် ကျပ် ၆၀,၀၀၀ ထိ တိုးမြှင့်ကာဝယ်ယူမည်ဖြစ်ကြောင်း ဂရိတ်ဝေါလ်-ဝေမာသကြားစက်နှင့် ငွေရည်ပုလဲသကြားစက်ရုံများက ထုတ်ပြန်ထားသည်။

✅ပြည်တွင်းသကြားစျေးပေါ်မူတည်ပြီး အမြင့်ဆုံးကြံတစ်တန် ကျပ် ၆၄,၀၀၀ ထိ ပေးဝယ်မည်ဖြစ်ကြောင်း မောင်းကုန်းဒေသ မှ ဂရိတ်ဝေါလ်-ဝေမာ သကြားစက်ရုံက ထုတ်ပြန်ထားရာ သကြားတစ်ပိဿာ ကျပ် ၁,၆၀၀ ကို အခြေခံ၍ ကြံတစ်တန်ကျပ် ၆၀,၀၀၀ နှင့် သကြားစျေးတစ်ပိဿာ ကျပ် ၁,၈၀၀ အထိ ကြံတစ်တန် ကျပ် ၆၄,၀၀၀ ထိ ပေးဝယ်မည်ဖြစ်ကြောင်း နှင့် လက်ရှိအချိန်တွင် စျေးကွက်ကောင်းနေကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးဝင်းဌေးက ပြောကြားသည်။

✅“သကြားစျေး တစ်ပိဿာ ကျပ် ၁,၆၀၀ ကိုအခြေခံ ပေးထားတာ၊ ကျပ် ၁,၈၀၀ ဂိတ်ဆုံးပဲ။ အဲဒီထက်ကျော်လည်း တက်မပေးတော့ဘူးပေါ့။ သကြားစျေး အပေါ် သုံးသပ်ပြီးပေးထားတဲ့ သဘောပါ။ လက်ရှိမှာတော့ သကြားစျေးက ကျပ် ၂,၀၀၀ ပေါက်စျေးဖြစ်နေပေမယ့် သကြားစျေးက အမှန်စျေးကွက်လိုအပ်ချက်ကြောင့်ဖြစ်နေတဲ့ စျေးမဟုတ်တော့ ဒီလိုတွက်ချက်ပေးပုံ ရပါတယ်။ လက်ရှိတောင်သူတွေ ကြံတစ်တန် ကျပ် ၆၀,၀၀၀ ၊အမြင့်ဆုံး ကျပ် ၆၄,၀၀၀ စျေးဆိုရင် တောင်သူတွေ ပျော်ကြမှာပါ။ ပြည်တွင်းမှာ ကြံတောင်သူတွေ ကြံစိုက်ပျိုးမှုသမိုင်းတစ်လျောက် နှစ် ၃၀-၄၀ အတွင်း အမြင့်ဆုံးစံချိန်တင်စျေးပါ”ဟု ၎င်းကပြောသည်။

✅အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း ငွေရည်ပုလဲသကြားစက်ကလည်း စက်တင်ဘာလအတွင်းက ကြံတစ်တန် ကျပ် ၅၅,၀၀၀ ထိတိုးမြှင့်ပေးထားရာမှ ယခုလအတွင်း ကြံတစ်တန်ကျပ် ၆၀,၀၀၀ ထိ ဈေးတိုးမြှင့်ဝယ်ယူရန် ထုတ်ပြန်လာကြောင်းသိရသည်။ ပြီးခဲ့သည့်ကြံရာသီအကုန်တွင် မြန်မာတစ်နိုင်ငံလုံး သကြားတန်ချိန် လေးသိန်းကျော်သာ ထုတ်လုပ်နိုင်ခဲ့သဖြင့် ယခင်နှစ်ထက် တန်ချိန် တစ်သိန်းကျော် လျော့ကျခဲ့ကြောင်းသိရပြီး လက်ရှိကြံစျေးနှုန်းကောင်းမွန်လာသဖြင့် လာမည့်နှစ်များတွင်ကြံစိုက်ပျိုးမှုတိုးတက်ကာ သကြားထုတ်လုပ်မှု ပြန်လည်မြင့်တက်လာနိုင်ကြောင်း သကြားလုပ်ငန်းရှင်များက သုံးသပ်ထားသည်။

✅ပြီးခဲ့သည့် နှစ်နှစ်အတွင်း ကြံစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေရရှိရန် အခက်အခဲများရှိခဲ့သဖြင့် စိုက်ပျိုးမှုဧကအနည်းငယ်လျော့ကျခဲ့ကြောင်း ကသာမြိုနယ် ကျောက်ထုံးကြီးကျေးရွာမှ ကြံကိုယ်စားလှယ် ဦးချိုတူးက ပြောသည်။

✅ကြံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Credit to : ရွှေမန်း(Farmer Media)