menu

"လာမည့်ကြံရာသီတွင် စက်ရုံအလိုက် ကြံဝယ်ယူမည့်အစီအစဉ်များ ကွဲပြားနိုင်"


🎋🎋🎋🎋🎋🎋🎋🎋🎋🎋

✅လာမည့်ဒီဇင်ဘာတွင်စမည့် ကြံရာသီတွင် သကြားစက်ရုံများကကြံတစ်တန်လျှင် ကျပ် ၆၀,၀၀၀ ဖြင့်ဝယ်ယူမည့် အခြေခံစျေး တူညီနိုင်သော်လည်း သကြားစျေးအတက်အကျအလိုက် ဝယ်ယူပေးမည့် ပုံစံကမတူညီနိုင်ကြောင်း မြန်မာနိုင်ငံကြံနှင့်သကြားထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။ "စက်ရုံတစ်ခုနဲ့တစ်ခုက တစ်တန်ကို ကျပ်ခြောက်သောင်းပေးဝယ်ပေမယ့် သကြားစျေးတော့မတူညီကြဘူး။ တချို့စက်ရုံတွေက ကြံပိတ်ချိန်ရောက်မှသကြားစျေး အတက်အကျ အလိုက်တစ်တန်ကို ကျပ် ၂,၀၀၀ ပိုပေးတာမျိုးရှိတယ်။ တချို့ကလမ်းစရိတ်ပေးတာတွေရှိတယ်"ဟု ပြောသည်။

✅လက်ရှိပြည်တွင်း၌ သကြားစျေးအမြင့်စျေးတွင်ရှိနေခြင်းက ယခုနှစ်အတွင်း ပြည်ပက သကြား တင်သွင်းမှုကျဆင်းပြီး ပြည်တွင်းထွက်သကြားများ သုံးစွဲမှု မြင့်တက်လာခြင်းကြောင့်ဟု ပြောသည်။ တောင်သူများက သွင်းအားစုစျေးကြီးမြင့်နေ၍ ကြံစျေးကောင်းပေးဝယ်ယူကြရန်နှင့် သကြားစျေးအလိုက် ကြံစျေးနှုန်းပြောင်းလဲပေးရန်ဆန္ဒရှိနေကြသည်။ ထိုသို့ သတ်မှတ်ရာတွင်၂၀၂၁-၂၂ ကြံရာသီ (ဒီဇင်ဘာမှ ဧပြီ) စမည့်ငါးလတာအတွင်း ဒေသဆိုင်ရာစက်ရုံများအလိုက် အခြေခံစျေးနှုန်းကြံတစ်တန် လျှင် ကျပ် ၆၀,၀၀၀ သတ်မှတ်ထားပြီး အချို့စက်ရုံများက သကြားစျေးတက်ပါက ကြံစျေးမြင့်ပေးမည့် အစီစဥ်များထားရှိသည်။

✅ထိုသို့ဝယ်ယူရာတွင် ဂရိတ်ဝေါစက်ရုံက စစ်ကိုင်းတိုင်းရှိ ၎င်းနယ်မြေအတွင်း ကြံစိုက်တောင်သူများ ရင်ဆိုင်နေရသောသွင်းအားစုများစျေးမြင့်တက်လာခြင်းကို ဖြေရှင်းနိုင်ရန် အတွက် ၂၀၂၁-၂၂ ကြံရာသီအတွင်း တစ်တန်လျှင်အခြေခံစျေး ကျပ် ၆၀,၀၀၀(သကြား တစ်ပိဿာလျှင် ကျပ် ၁,၆၀၀) အခြေခံစျေးသတ်မှတ်ထားသည်။ ၎င်းအပြင် သကြားတစ်ပိဿာလျှင် ကျပ် ၁,၆၀၀ဖြစ်လျှင် ကြံတစ်တန်ကို ကျပ် ၆၀,၀၀၀၊ သကြားတစ်ပိဿာ ကျပ် ၁,၆၅၀ ဖြစ်လာပါက ကြံတစ်တန်လျှင် ကျပ် ၆၁,၀၀၀၊ သကြားတစ်ပိဿာကို ကျပ် ၁,၇၀၀ ဖြစ်ပါက ကြံတစ်တန်လျှင် ကျပ် ၆၂,၀၀၀၊ သကြား တစ်ပိဿာ ကျပ် ၁,၇၅၀ ဖြစ်ပါက ကြံတစ်တန်လျှင် ကျပ် ၆၄,၀၀၀ အမြင့်ဆုံးဝယ်ယူမည်ဖြစ်သည်။

✅ရှမ်းမြောက်ရှိ မိုင်းရယ် ကြံကြိတ်ခွဲစက်ရုံနှင့် ငွေရည်ပုလဲစက်ရုံ နှစ်ရုံက ကြံတစ်တန်ကျပ် ၆၀,၀၀၀ သတ်မှတ်ထားပြီး သကြားစျေးအတက်အကျအလိုက် ဝယ်ယူမည့်အစီအစဥ်မရှိသေးကြောင်းသိရသည်။ ယခင်နှစ်က စက်ရုံကိုယ်စားလှယ်၊ အစိုးရကိုယ်စားလှယ်နှင့် တောင်သူများစုဝေး၍ ကြံစျေးနှုန်း၊ လမ်း ပန်းဆက်သွယ်ရေးကိစ္စရပ်များ ဆွေးနွေးကြသော်လည်း ယခုနှစ်တွင် ထိုသို့ကြိုတင်ဆွေးနွေးပွဲများ ယခုအချိန်အထိမရှိသေးကြောင်းသိရသည်။ ပြည်တွင်း၌ သကြားစက်ရုံပေါင်း(၂၃)ရုံ ရှိပြီး ကြံစိုက်ဧက ၄၅၀,၀၀၀ ကျော်ရှိကြောင်းသိရသည်။ ယခင်နှစ်ကြံရာသီက တစ်တန်လျှင် အခြေခံစျေး ကျပ် ၄၀,၀၀၀ ကျော် သတ်မှတ်ခဲ့သည်။

✅ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Sources : Market News