menu

လာမည့်ရိတ်သိမ်းချိန် ပြောင်းဈေးကွက်ခန့်မှန်းချက်


🌱🌽🌱🌽🌱🌽🌱🌽🌱🌽🌱

✅ရှမ်းပြည်နယ်အတွင်း ပြောင်းစိုက်ခင်းများပျက်စီးမှုရှိနေပြီး စိုက်ပျိုးမှုလည်းလျော့ကျနေခြင်းကြောင့် လာမည့်ရိတ်သိမ်းချိန်တွင် တစ်ပိဿာ ကျပ် ၉၀၀ ထက် မလျော့ကျနိုင်ကြောင်း မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်းက သိရသည်။

✅“ဒီနှစ်ပြောင်းစိုက်ရာသီမှာ မုတ်သုံမိုးက အစောဝင်ရောက်လာပါတယ်။ ပထမပြောင်းစိုက်ပြီး တစ်လ ရက်(၂၀) သားလောက်မှာ မိုးရွာရမယ့်အချိန် မရွာဘဲ မိုးခေါင်ခဲ့လို့ စိုက်ခင်းတွေ အပျက်အစီးရှိပါတယ်။ နောက် ရွာပြန်တော့လည်း မိုးသည်းထန်ခဲ့တော့ ရေလွှမ်းပြီး ပျက်စီးဆုံးရှုံးမှုရှိလာတယ်။ ဒီနှစ် အခြေအနေက မျိုးစျေးကြီးတာ နဲ့ သွင်းအားစုစျေးမြင့်လို့ ဧက ၁၀၀ မှာ ၉၀ လောက်ပဲ စိုက်ကြတယ်။ ၁၀ ရာခိုင်နှုန်းလောက် စိုက်ပျိုးမှုလျော့ကျတယ်။ ရာသီဥတုကြောင့်က နှစ်တိုင်းတော့ ဖြစ်တတ်ပါတယ်။ ဒီနှစ် ရှမ်းပြည်နယ်မှာ စိုက်ဧကလျော့တာကတော့ မျိုးနဲ့သွင်းအားစုစျေးမြင့်လို့ အပြည့်အဝ မစိုက်နိုင်တာများပါတယ်။ ဒါကြောင့် ပြောင်းထွက်ချိန်အထွက်နှုန်းလျော့ပြီး ပြောင်းရှားပြီး တစ်ပိဿာ ကျပ် ၉၀၀ ကြမ်းခင်းစျေးထက် မလျော့နိုင်ပါဘူး ” ဟု အဆိုပါအသင်း ဥက္ကဌ ဦးတိုးတက်နိုင်က ပြောသည်။

✅ပြောင်းစိုက်ပျိုးမှုရာသီအစပိုင်းတွင် မျိုးနှင့်သွင်းအားစုများ ဈေးမြင့်တက်ခြင်းအပြင် စက်သုံးဆီ စျေးများလည်း ကြီးမြင့်ခဲ့သဖြင့် တစ်ဧကပြောင်း စိုက်ပျိုးစရိတ်မှာ ကျပ်ငါးသိန်းထိ ရှိလာပြီး ယခင်နှစ်များထက် သုံးဆခန့်ပိုမိုခဲ့သဖြင့် ယခင်နှစ်များထက် ဈေးပိုမိုရရှိမှသာ တောင်သူများအတွက် တွက်ချေကိုက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

✅သို့သော် လက်ရှိတွင် ပြောင်းကြိုရောင်းစနစ် ပေါက်စျေးမှာ တစ်ပိဿာကျပ် ၇၀၀ ခန့်သာရှိသဖြင့် တောင်သူများတွက်ခြေမကိုက်နိုင်သေးသည့် ဈေးဖြစ်ကြောင်းလည်း သိရသည်။ “ပြောင်းမျိုးသွင်းတဲ့ ကုမ္ပဏီတွေက ပြောင်းမျိုးတွေ ပိုသွင်းထားပေမယ့် ဒေသခံတောင်သူတွေက မနှစ်ကလို မျိုးပြတ်သွား တာ ဖြစ်မှာစိုးလို့ စျေးအမြင့်တွေနဲ့ ပွဲရုံကိုယ်စားလှယ်များထံကနေ စောပြီးဝယ်လိုက်ရတယ်။ ယခုအချိန်မှာတော့ ပြောင်းမျိုးစျေး ပေါက်စျေးထက် ၄,၀၀၀ - ၅,၀၀၀ လျှော့ရောင်းနေရတယ်။ ယခုနှစ်ပြောင်းစိုက်ပျိုးစရိတ်မှာ သုံးဆလောက်မြင့်တက်လာတယ်။ သွင်းအားစု၊ မြေပြင်ထယ်ထိုးခ၊ အလုပ်သမားခ၊ စက်သုံးဆီစျေးမြင့်တာတွေကြောင့် အနိမ့်ဆုံးစိုက်ပျိုးစရိတ် တစ်ဧက ကျပ်ငါးသိန်း လောက် ကုန်ကျထားပါတယ်။ ပြောင်းအစိုစျေး( ပြောင်းကြိုရောင်းစနစ်) တစ်ပိသာကျပ် ၇၀၀ လောက် ပေးဝယ်ပါတယ်။ အစာစက်ရုံ CP ကအခြောက်စျေး တစ်ပိဿာကျပ် ၉၉၀ ပေးဝယ်နေပါတယ်” ဟု ဧရာဝတီမျိုးစေ့ ကုမ္ပဏီမှ အရောင်းတာဝန်ခံ ဦးအာကာကျော်က ပြောသည်။

✅"ပြောင်းအစိုစျေး ၇၀၀ လောက်နဲ့ရောင်းရင် အမြတ်ငွေနည်းပါးတယ်။ အတိုးပေးရတာတွေလည်း ရှိနေတယ်။ တောင်သူတွေပြောင်းမှာ အမြတ်မကျန်တော့ ဒုတိယသီးနှံတွေဖြစ်တဲ့ ကုလားပဲ ၊နေကြာ၊ ပဲပုပ်တွေ စိုက်ပျိုးနိုင်အောင် အစိုးရကူညီပေးသင့်တယ်။ ပြောင်းအစိုစျေးကို အခြေခံစျေးသတ်မှတ် ပေးသင့်သလို အခြောက်ခံစက်တွေလည်း အသုံးပြုနိုင်အောင် ကူညီပေးသင့်ပါတယ်။ ဒုတိယသီးနှံကို မစိုက်ပျိုးနိုင်တာကလည်း ပြောင်းကို အခြောက်ရောင်းချင်တာကြောင့် မစိုက်ပျိုးနိုင်ခြင်းဖြစ်တယ်” ဟု ၎င်းက အကြံပြုပြောကြားသည်။

✅မြန်မာနိုင်ငံမှ ပြောင်းများကို တရုတ်နိုင်ငံက GACC လက်မှတ်ရ ကုမ္ပဏီများမှတဆင့် ဝယ်ယူရန်ရှိနေပြီး ပြောင်းကို မြဝတီနယ်စပ် ၊ ပုံမှန်ကုန်သွယ်မှု သင်္ဘောလိုင်းများမှတဆင့် တင်ပို့နေခြင်းဖြစ်ရာ လာမည့် ပြောင်းရာသီတွင် ပြောင်းတင်ပို့မှု ပိုမိုနိုင်သော်လည်း ကုန်သွယ်မှုမူဝါဒ အပြောင်းအလဲများကြောင့် လက်တလောပြောင်းအရောင်းအဝယ်မှာမူ ရပ်ဆိုင်းနေကြောင်း သိရသည်။

✅ပြောင်းသီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 
 Sources : ရွှေမန်း